OSSDနဲ့ USမှာ Nursingတက်နေတဲ့ အကိုတစ်ယောက်နဲ့ interview။

OSSDနဲ့ USမှာ Nursingတက်နေတဲ့ အကိုတစ်ယောက်နဲ့ interview။

ရန်ကုန်မှ နယူးယောက်သို့- OSSD ကျောင်းသားတစ်ဦး၏ US တွင် Nursing တက်ရောက်ခြင်းဆိုင်ရာ လမ်းညွှန် (အင်တာဗျူး)

This article is also available in [English]

ဒီနေ့မှာတော့ ကျနော် သူငယ်ချင်းတစ်ဦးကိုဖိတ်ခေါ်ထားပါတယ်။ သူကတော့ US ကိုရောက်သွားပြီဖြစ်တဲ့ ကျောင်းသားလေးတစ်ဦး။ ကျနော့်ထက်တော့ကြီးတယ်။ သူက ငယ်ငယ်လေးကတည်းက မြန်မာကျောင်းမှာတက်လာပြီး ၏သည်မရွေးကျက်ခဲ့တဲ့သူတစ်ဦး။ သူ့မှာတစ်ခုတော့ရှိသည်။ အဲ့တာ လွတ်လပ်ခွင့်ကို တောင့်တခြင်း။

ဒါကတော့ သူ US မှာ ကျောင်းဘယ်လိုတက်ဖြစ်ခဲ့လဲဆိုတဲ့ ဇာတ်လမ်းပါပဲ။


အပိုင်း (၁)။ ကျိုးပဲ့နေသောစနစ်မှ ခရီးစဉ်

ကျနော်: အကိုငယ်ငယ်တုန်းက ဒီလိုမျိုးပဲ US ဘက်ကိုလာမယ်လို့တွေးပြီးလာခဲ့တာလား။ ဘယ်လိုမျိုးလာဖြစ်ခဲ့တာလဲ။

မိတ်ဆွေ: ငယ်ငယ်တုန်းကတော့ ၁၀ တန်းတုန်းက မြန်မာပညာရေးစနစ်ကိုမကြိုက်ဘူး၊ ဒါမေးဒါကျက်စနစ်ကို တော်တော်လေးမုန်းခဲ့တယ်၊ အထူးသဖြင့် Biology။ စာမေးပွဲစစ်တဲ့အခါ ၏သည်မရွေး ဒီစာကြောင်းမေးရင် ဒီစာကြောင်းလာရမယ်ဆိုတဲ့ပုံစံကို မကြိုက်ခဲ့ဘူး။ အဲ့တုန်းက အိမ်ကိုပြောခဲ့တယ်၊ အမှတ်မကောင်းရင် နိုင်ငံခြားသွားမယ်လို့။ နောက်တော့ YUFL ကိုမီခဲ့တယ်။

English major မရခဲ့ဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ living standard ပုံစံနဲ့ အကိုလိုချင်တဲ့ ပုံစံနဲ့မတူဘူးဆိုတာ မိဘတွေကလည်းသိတယ်။ YUFL ပြီးသွားရင်တောင် အကိုမျှော်မှန်းထားတဲ့ပုံစံနဲ့မကိုက်ဘူး။ ဒီလိုနဲ့ COVID-19 ရော Coup လဲဖြစ်ရော၊ နိုင်ငံခြားထွက်မယ်ဆိုတဲ့ backup plan က အဓိက plan ဖြစ်သွားတယ်။

ကျနော်: အကိုစာတော်လား၊ စာညံ့လား။ ငယ်ငယ်ကဘယ်လိုစာသင်ခဲ့လဲ။

မိတ်ဆွေ: ၈ တန်းထိတော့ စာတော်တဲ့ထဲပါတယ်။ မြန်မာကျောင်းရဲ့ ဒါမေးဒါကျက်ပုံစံနဲ့ train ပေးခံခဲ့ရတာ။ အသိပညာနဲ့မမှတ်ဘဲ အလွတ်ကျက်ရုံပဲ။ ၉ တန်း၊ ၁၀ တန်းရောက်တော့ ဒီလိုမျိုးမှတ်လို့ အဆင်မပြေတော့ဘူး။ ငါစာကျက်တဲ့ပုံစံမှားသွားပြီဆိုတာ ၁၀ တန်း စာမေးပွဲဖြေဖို့ ၂ ပတ်အလိုကျတော့မှ နောင်တရခဲ့တယ်။ အိမ်က နောက်တစ်နှစ်ပြန်နေချင်နေလို့ပြောပေမဲ့၊ ဒီပညာရေးစနစ်ကိုစိတ်ပျက်နေတော့ မရတဲ့အဆုံးနိုင်ငံခြားကိုပဲ ဆက်သွားမယ်ဆိုပြီး ဖြေခဲ့တယ်။


အပိုင်း (၂)။ လျှောက်လွှာတင်ခြင်း- မဟာဗျူဟာမြောက် Case Study

ကျနော်: စာနဲ့ဝေးနေတဲ့အခြေအနေကနေ ကနေဒါ ၁၂ တန်း (OSSD) ကိုပြောင်းခဲ့တဲ့အခါ ဘယ်လိုဖြစ်ခဲ့လဲ။

မိတ်ဆွေ: Confidence လဲမရှိဘူး၊ နိုင်ငံခြားသားတွေပြောတာနားလည်ပါ့မလား ထိတ်လန့်ခဲ့တယ်။ ဒါကျက်ဒါဖြေနဲ့ပဲ ကြီးလာခဲ့ရတော့လေ။ တကယ့်တကယ်ကျတော့ ဒီစာတွေက လက်တွေ့မှာ အသုံးဝင်တယ်ဆိုတာသိခဲ့တယ်။

ကျနော်: အကို့ရဲ့ English အခြေအနေကကော ဘယ်လောက်အရေးကြီးလဲ။

မိတ်ဆေွ: English က international language ဆိုတော့ ငယ်ငယ်ကတည်းက ရအောင်လုပ်ခဲ့တယ်။ ၅ တန်းလောက်ကတည်းက ဆရာမကောင်းတစ်ယောက်နဲ့ သေချာလေ့လာခဲ့တယ်။ English မကျွမ်းရင် IELTS ဖြေကတည်းကစလို့ Immigration ဖြတ်တဲ့အချိန်အထိ ပြဿနာတက်မယ်။ ကျောင်းရောက်ရင် professor တွေပြောတာနားမလည်ဘဲ စာလိုက်နိုင်မှာမဟုတ်ဘူး။ ကိုယ်လိုချင်တဲ့ကိစ္စကို ရဲရဲတင်းတင်းပြောရဲရတယ်။ MMR ကာကွယ်ဆေးကိစ္စနဲ့ ကျနော်အတန်းကနေထုတ်ပယ်ခံရဖူးတယ်။ အဲ့ဒီပြဿနာကို ဖြေရှင်းနိုင်ခဲ့တာ English စာတတ်လို့ပဲ။

ကျနော်: OSSD ကို CIC မှာဘာကြောင့်ရွေးဖြစ်ခဲ့လဲ။ Major ကကော ဘယ်လိုရွေးချယ်ဖြစ်ခဲ့လဲ။

မိတ်ဆွေ: OSSD တက်လိုက်တော့ တချို့ test တွေဖြေစရာမလိုတော့ဘူး။ Major ကတော့ Biology ကိုကြောက်လို့ ရင်ဆိုင်ဖို့အတွက်ပြန်ရွေးခဲ့တယ်။ OSSD မှာက နားလည်သလောက်ဖြေရုံပဲဆိုတော့အဆင်ပြေသွားတယ်။ အဲ့ဒီအခက်အခဲကိုကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ Nursing ကိုရွေးခဲ့တယ်။ အသက်မွေးဝမ်းကြောင်းတစ်ခုအနေနဲ့ရော၊ ကိုယ်အရေးကြီးတယ်လို့ခံစားရတဲ့အရာမို့လို့ပါ။


အပိုင်း (၃)။ Visa အင်တာဗျူး- US Interview အတွက် Insider's Guide

ကျနော်: US visa ဘယ်လိုလျှောက်ခဲ့လဲ။

မိတ်ဆွေ: မြန်မာနိုင်ငံမှာ US Visa slot မဖွင့်သေးတော့ third country တစ်ခုကိုသွားပြီးဖြေခဲ့တယ်။ အင်တာဗျူးက ၃ မိနစ်လောက်ပဲကြာပေမဲ့၊ အဲ့ဒီအချိန်အတောအတွင်းမှာ သင်ဟာ (၁) တကယ့်ကျောင်းသားအစစ်ဖြစ်ကြောင်း၊ (၂) ငွေကြေးတတ်နိုင်ကြောင်း၊ (၃) ကိုယ့်နိုင်ငံကိုပြန်မယ့်သူဖြစ်ကြောင်း သက်သေပြရတယ်။ အတူတူဖြေတဲ့သူတွေထဲ အောင်တဲ့သူရှားတယ်။

ကျနော်: အခု visa အကျများနေချိန်မှာ ဘာအကြံပေးချင်လဲ။

မိတ်ဆွေ: ကိုယ့် case ကိုယ်နိုင်နိုင်နင်းနင်းဖြစ်အောင်လုပ်ပါ။ service တွေဆီက အလွတ်ကျက်ထားတဲ့အဖြေတွေထက်၊ ကိုယ့်သွားရတဲ့ရည်ရွယ်ချက် ခိုင်ခိုင်လုံလုံရှိဖို့လိုတယ်။ Confidence ရှိပါ။ လိမ်နေတဲ့ပုံစံမျိုးမဖြစ်ပါစေနဲ့။ ကိုယ့်ဟာကိုယ်လုပ်လို့ရပါတယ်။ Agent တွေနဲ့ပိုက်ဆံအများကြီးကုန်ခံနေစရာမလိုပါဘူး။


အပိုင်း (၄)။ နယူးယောက်မှဘဝ- ကျောင်းသားတစ်ဦး၏ ဘတ်ဂျက်လက်တွေ့အခြေအနေ

ကျနော်: နေထိုင်စရိတ်တွေကကော ဘယ်လိုရှိလဲ။

မိတ်ဆွေ: အပြင်မှာ single room ကောင်းကောင်းတစ်ခန်းက အနည်းဆုံး တစ်လကို $800-$850 လောက်ရှိတယ်။ အခန်း share ပြီးနေရင် $400-$450 လောက်နဲ့ရနိုင်ပေမဲ့၊ မသန့်ရှင်းတာ၊ ပိုးဟပ်တွေရှိတာနဲ့ဆိုတော့ ပိုကုန်ကျများသွားတယ်။ အဆောင်ကောင်းကောင်းမှာနေတာက ပိုတန်တယ်။

အစားအသောက်ကတော့ ပထမ semester မှာ တစ်လဒေါ်လာ ၄၀၀ လောက်ကုန်ခဲ့တယ်။ အခုတော့ ကျောင်းက Food Pantry မှာ ကျောင်းသားကတ်နဲ့ အစားအသောက်အခမဲ့ယူလို့ရတယ်။ ကြက်ဥ၊ ပေါင်မုန့်၊ အသီးအရွက်တွေရတော့ breakfast အတွက် အဆင်ပြေသွားပြီး၊ အခုတစ်လကို ဒေါ်လာ ၂၀၀ လောက်ပဲကုန်တော့တယ်။

ကျနော်: အချိန်ပိုင်းအလုပ်ကကော။

မိတ်ဆွေ: New York မှာ on-campus တစ်ပတ်ကို နာရီ ၂၀ ပဲလုပ်ခွင့်ရှိတယ်။ အနည်းဆုံးလုပ်ခက တစ်နာရီ $16 ပါ။

  • Editor's Note: ကျောင်းဝင်းပြင်ပမှာ တရားမဝင် "Cash-in-hand" အလုပ်တွေလုပ်ခြင်းဟာ ကျောင်းသားဗီဇာစည်းမျဉ်းကို ချိုးဖောက်ရာရောက်ပြီး၊ အပြင်းအထန်အရေးယူခံရနိုင်ပါတယ်။

အပိုင်း (၅)။ နောက်ဆုံးအကြံပေးစကား

ကျနော်: ဒီခရီးအတွက်နောင်တရလား။

မိတ်ဆွေ: မရပါဘူး။ Experience အသစ်တွေရတယ်၊ နေရာအသစ်ကိုရောက်တယ်၊ လူအသစ်တွေနဲ့ကြုံရတယ်။ စိတ်ကူးနဲ့တောင်မတွေးခဲ့ရတဲ့အရာကို ရနေတယ်။

ကျနော်: မြန်မာပြည်ကလူငယ်တွေကို ဘာပြောချင်လဲ။

မိတ်ဆွေ: ပြောချင်တာက လုပ်သာလုပ်ပါ။ အခွင့်အရေးရှိရင်သွားပါ။ ကြောက်ပဲကြောက်မနေနဲ့။ ကိုယ့် comfort zone ထဲမှာပဲနေမနေဘဲနဲ့ လွတ်ရာကျွတ်ရာသွားပါ။ လူငယ်သဘာဝ လွတ်လွတ်လပ်လပ်နေချင်တယ်။ အခုအခြေအနေနဲ့နိုင်ငံခြားထွက်မှ အဆင်ပြေနိုင်မယ်။ ဒါကြောင့် ထွက်ပါ။


Read more

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

ဒီStudent Visaကိစ္စအပြောင်းအလဲနဲ့ပတ်သက်ပြီး ကျနော်အကြံပြုချင်တာရှိပါတယ်။ ဒါက Studentတွေရော Education Providerတွေရောကိုပါ အကျုံးဝင်ပါတယ်။ ပထမတစ်ခု။ နိုင်ငံအပြောင်းအလဲ။ ကျနော်တို့လို ကျောင်းသားအမျ

By Moe Htet
UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

သတင်းတွေမှာ UK က မြန်မာအပါအဝင် နိုင်ငံ ၄ နိုင်ငံ (အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ ဆူဒန်၊ မြန်မာ) ကို Student Visa (ကျောင်းသားဗီဇာ) ပိတ်လိုက်ပြီဆိုတဲ့ သတင်းတွေ တက်လာတော့ လူတေ

By Moe Htet