အချစ်၊ နောင်တ နှင့် သတ္တိ
အချစ်၊ နောင်တ နှင့် သတ္တိ (Love, Regret, and Courage)
ကျနော်တို့ဘဝတွေမှာ သိပ်ချစ်ရတဲ့သူဆိုတာ ရှိတယ်။ ရှိလဲရှိခဲ့ဖူးလိမ့်မယ်။ ရှိနေဆဲ၊ ရှိနေမြဲလဲ ဖြစ်မယ်။ မရှိသေးတဲ့သူတွေလဲ ရှိမယ်။
မထွက်သွားဘဲ အနားမှာအမြဲနေမယ်လို့ ကတိပေးထားတဲ့သူတွေလဲ ရှိမယ်။ ရွေးချယ်ခွင့်ရှိပြီးဖြစ်စေ၊ ရွေးချယ်ခွင့်မရှိဘဲနဲ့ဖြစ်စေ ဘယ်တော့ထွက်သွားမလဲဆိုတာ ရင်တမမနဲ့ စောင့်နေရသူတွေလဲ ရှိမယ်။ ထွက်သွားမယ်ဆိုတာ သိလျက်နဲ့လဲ မျက်စိမှိတ်နေနေရတဲ့သူတွေလဲ ရှိမယ်။ လူရယ်လို့ဖြစ်လာတဲ့အခါ အချစ်ဆိုတာ သိပ်ဆန်းကျယ်တယ် မဟုတ်လား။
ကျနော့်မှာလဲ ရှိတယ်။ ကျနော်လုပ်ခဲ့တဲ့အမှားတွေ၊ နောင်တတွေလဲ ရှိတယ်။ ရှိနေစဥ် တန်ဖိုးမထားဖြစ်ခဲ့လို့၊ အချိန်တစ်ခုကြာခဲ့ပြီးမှ "နောင်တ" ဆိုတဲ့အရာကို ကျနော်ရခဲ့တယ်။
ဒီတော့ ကိုယ့်မိတ်ဆွေတွေကို ကျနော်မှာချင်ပါတယ်။ ချစ်တယ်ဆို "ချစ်တယ်" ဖွင့်ပြောပါ။ ပွင့်လင်းစွာ ဝန်ခံပါ။ မချစ်ဘူးဆို "မချစ်ဘူး" ငြင်းဆန်ပါ။ ဘာလုပ်ရမှန်းမသိတဲ့အခါ "ပိုခက်ခဲတဲ့ရွေးချယ်မှု" ကို ရွေးချယ်ပါ။ နှလုံးသားစေရာ ညွှန်သွားပါ။
အချစ်ဆိုတာ လူတစ်ဦးတစ်ယောက်ဆီကနေ တခြားတစ်ဦးရဲ့ အမူအရာ၊ သူ့ရဲ့အနေအထိုင်၊ အပြင်အဆင် အစစအရာရာ အကုန်လုံးက သိပ်ကို ပြည့်စုံနေတာမျိုး။ ငေးကြည့်နေမိတာမျိုး။ သူနဲ့တင်ကို မစားမသောက်ဘဲ နေနိုင်တာမျိုး။ သူတစ်နေ့တစ်နေ့ ဘာလုပ်နေမလဲဆိုတာ တွေးနေမိတာမျိုး။ ကုန်ကုန်ပြောရရင်... ဒီအတိုင်း ငေးနေရရင်တောင်မှ ကြည်နူးဖို့ကောင်းနေတာမျိုးပေါ့။
သူမရှိတဲ့အချိန်တွေဆို တစ်ခုခု ဟာတာတာဖြစ်နေတယ်။ ဘာလိုလို့ လိုနေမှန်းမသိ၊ နေမရစားမရ ဖြစ်နေတယ်။ စွဲလမ်းနေတယ်။ "ဒီအချိန်ဆို သူအစားစားနေလောက်မယ်၊ သူ အဲကွန်းအေးနေမလားမသိဘူး၊ အနွေးထည်ပါလာမလားမသိဘူး၊ သူစိတ်မကြည်ဖြစ်နေလား၊ သူပျော်နေလား..." စသဖြင့်ပေါ့။
ပိုင်ဆိုင်ချင်စိတ်လား? အချစ်ပါလာတာနဲ့အမျှ အတ္တဆိုတာ ရှိစမြဲပါပဲ။ သို့သော် အမြဲတမ်း ပိုင်ဆိုင်ခွင့်ရှိချင်မှရှိမယ်။ ကိုယ်ရှိမှ ပျော်ရွှင်တဲ့သူမျိုးဆိုရင်တော့ သိပ်ကိုပြီးပြည့်စုံ ကောင်းမွန်တာပေါ့ဗျာ။ ဒါပေမဲ့ ကိုယ်မဟုတ်တဲ့သူတစ်ဦးရှိမှ ပျော်ရွှင်မယ့်သူမျိုး ဖြစ်နေခဲ့ရင်ကော? တကယ်တမ်း ကိုယ့်ရဲ့ ပကတိအခြေအနေက အကောင်းဆုံးပါပဲ။ အဝေးကနေ မျှော်ကြည့်နေရုံ၊ ဂရုစိုက်နေရရုံနဲ့တင်ကို ကျေနပ်မယ်ဆိုရင်တော့... ဒါကလဲ အချစ်ပါပဲ။
ဒီလောက်မှာပဲ ရပ်တန့်နေတဲ့သူတွေဆိုရင်တော့ ကျနော် အကောင်းဆုံး အကြံပေးချင်တယ်။ အချိန်မဖြုန်းမိစေနဲ့။
တစ်ရက်မှာ ၂၄ နာရီရှိတယ်။ တစ်လစာ၊ တစ်နှစ်စာ ကြာတယ်လို့ထင်ရပေမယ့် တကယ့်တကယ် ကိုယ်တန်ဖိုးထားတဲ့အချိန်၊ ကိုယ်ပျော်ရွှင်ရတဲ့အချိန်ဆိုတာ မြန်ဆန်လွန်းတယ်။ မျက်စိတစ်မှိတ်မှာတင် ကိုယ်တန်ဖိုးထားရတဲ့ အခိုက်အတန့်တွေက လုံးလုံးလျားလျား ပျောက်ဆုံးသွားတတ်တယ်။
ဒီအတွက် မဖွင့်ပြောရသေးတဲ့သူတွေ၊ ပြောပြချင်ပေမယ့် တုံ့ဆိုင်းနေတဲ့သူတွေကို ကျနော်ပြောချင်ပါတယ်။ ပြောပြလိုက်ပါ။
ဖွင့်ပြောချင်တဲ့ ဒီအခိုက်အတန့်လေးက ကြာကြာမခံပါဘူး။ သူ ထိခိုက်ဒဏ်ရာရသွားနိုင်တယ်၊ သူ့အလုပ်က တခြားနေရာ ရွှေ့သွားနိုင်တယ်၊ သူ တခြားတစ်ယောက်နဲ့ တွေ့သွားနိုင်တယ်။ ဘာမဆို ဖြစ်သွားနိုင်တယ်။ အချိန်ဆိုတာ အကန့်အသတ်ရှိတယ်။ သူနဲ့အတူ ရှိနေရမယ့်အချိန်တွေက ထာဝရ မဟုတ်ဘူး။
ဒါကြောင့်... ဘယ်တော့မှ "နောင်တ" နဲ့ မနေပါနဲ့။ ရသလောက် အခွင့်အရေးကို ဆုပ်ကိုင်ထားပါ။ လက်ထဲမှာရှိနေတဲ့ အချိန်လေးကို တစ်ယောက်တည်းပဲ ဖြတ်သန်းမလား၊ ဒါမှမဟုတ် ကိုယ်မြတ်နိုးရတဲ့သူနဲ့ တန်ဖိုးထားပြီး ဖြတ်သန်းမလား။
ငယ်တုန်းရွယ်တုန်း၊ အချစ်ဆိုတာရယ်လို့ မထိတွေ့ဖူးတုန်း၊ သစ်ရွက်လှုပ်တာမြင်တိုင်း ကြွေတတ်တုန်းကာလမို့ ပြောလိုက်ပါ။ ကိုယ်က လူတစ်ဦးကို ချစ်မိသွားပြီဆို ဘာကြောင့်ချစ်မိတာလဲ... အနေနီးလို့လား၊ ဂရုစိုက်ရတာကို ကြိုက်နှစ်သက်လို့လား၊ ဒါမှမဟုတ် ဘာအကြောင်းပြချက် ပေးရမယ်မှန်းကိုမသိဘဲ ချစ်မိသွားတာမျိုးလား။ အကြောင်းပြချက်တွေ ရှာမနေပါနဲ့တော့။
သေချာတာကတော့ အချစ်ဆိုတာ အပြန်အလှန် ခံစားမှုတစ်ခု။ ကိုယ်ချစ်နေရုံနဲ့ မပြီးပါဘူး။ ဟိုဘက်က ကိုယ့်ကို ဘယ်လိုသဘောထားလဲဆိုတာ သိဖို့လိုတယ်။
အဖြေက "ငြင်းပယ်ခံရခြင်း" ဖြစ်နေရင်တောင်မှ၊ ခင်ဗျားမှာ "နောင်တ" မကျန်ခဲ့တော့ဘူး။ "ငါဖွင့်ပြောခဲ့ရင် ဘာဖြစ်မလဲ" ဆိုတဲ့ မေးခွန်းနဲ့ တစ်ဘဝလုံး နေသွားရတာက၊ ငြင်းပယ်ခံရတာထက် ပိုဆိုးပါတယ်။
ဒါကြောင့်... မိတ်ဆွေ။ အခုပဲ ဖုန်းကိုကောက်ကိုင်လိုက်ပါ။ အခုပဲ စာတစ်စောင် ရေးလိုက်ပါ။ "ငါမင်းကို ချစ်တယ်" ဆိုတဲ့ စကားတစ်ခွန်းက ခင်ဗျားရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်ပါတယ်။
သတ္တိရှိပါ။ အချစ်အတွက်တော့ "သူရဲဘောကြောင်သူ" မဖြစ်ပါစေနဲ့။
#MoeNotes #Love #Regret #Courage #Philosophy #Relationships