IELTS ကို ကျွမ်းကျင်ခြင်း - UK ကျောင်းသားဘဝအတွက် မရှိမဖြစ်သော့ချက်

This article is also available in [English]
"အင်္ဂလိပ်လိုတတ်ချင်တယ်လို့ ‘ကြိုးစား’မနေတော့ဘူး။ ကြိုးစားတယ်ဆိုတာက သက်သက်effortတစ်ခုထည့်ပြီးလုပ်တာ။ Effortသက်သက်ထည့်စရာမလိုဘူး။ သူ့ဟာနဲ့သူ ဒီဘာသာစကားကို ‘လိုအပ်’လာအောင်လုပ်ပါ။"
ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီး စာရေးဖို့ ကျနော်အရည်အချင်းမှီရဲ့လားလို့ မိတ်ဆွေတို့အရင်ဆုံးတွေးမိကြမှာပါ။ IELTS 7.5 ရခဲ့တယ်၊ International school ရော Burmese school ရောတက်ဖူးတယ်၊ အင်္ဂလိပ်လိုရော မြန်မာလိုပါ စာတွေအများကြီးရေးဖူးတယ်။ ဒါပေမယ့် ဒါတွေက ကျနော်ဒီစာကိုရေးရခြင်းရဲ့ အဓိကအကြောင်းအရင်းမဟုတ်ပါဘူး။
အဓိကအကြောင်းအရင်းကတော့ ကျနော်လည်း တစ်ချိန်က သင်တို့လိုပဲဖြစ်ခဲ့လို့ပါ။ အင်္ဂလိပ်ကျောင်းတက်ခဲ့ပေမယ့် အင်္ဂလိပ်လို မပြောတတ်ခဲ့ဘူး။ မြန်မာကျောင်းရောက်တော့ ပတ်ဝန်းကျင်ကြောင့် ပိုဆိုးသွားတယ်။ နောက်ဆုံးမှာတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒီဘာသာစကားကို "စာ" တစ်ခုလိုမဟုတ်ဘဲ "လက်နက်" တစ်ခုလိုမြင်လာတဲ့အခါမှာမှ အရာအားလုံးက ပြောင်းလဲသွားခဲ့တယ်။
ဒီနေ့တော့ ကျနော် study website တွေ၊ app တွေအကြောင်းကို ပြောမှာမဟုတ်ပါဘူး။ ဒါတွေက လူတိုင်းရှာလို့ရပြီး ကျနော်ကိုယ်တိုင်လည်း အသုံးမပြုခဲ့ပါဘူး။ ကျနော်ပြောမှာကတော့ IELTS ဆိုတာဘာလဲ၊ ဘာကြောင့်ဒါက ကျောင်းစာတစ်ခုမဟုတ်ဘဲ သင့်အနာဂတ်အတွက် မရှိမဖြစ်လိုအပ်တဲ့ "Tool" တစ်ခုဖြစ်နေရသလဲ၊ ပြီးတော့ ဒီ tool ကို ဘယ်လိုကျွမ်းကျင်အောင်လုပ်မလဲဆိုတဲ့ အတွေးအခေါ်နဲ့ လက်တွေ့နည်းလမ်းတွေအကြောင်းပါပဲ။
အပိုင်း (၁) - IELTS ဆိုတာ ဘာလဲ - စာမေးပွဲတစ်ခုထက် ပိုသောအရာ
ပထမဆုံးအနေနဲ့ အထင်အမြင်လွဲမှားမှုတစ်ခုကို ရှင်းလင်းချင်ပါတယ်။ IELTS ဆိုတာက သင်ရွေးချယ်ခွင့်ရှိတဲ့ ဘာသာရပ်တစ်ခုမဟုတ်ပါဘူး။ ဒါက သင်ယူလို့ရတဲ့ ဘွဲ့တစ်ခုလည်းမဟုတ်ဘူး။
IELTS (International English Language Testing System) ဆိုတာက အင်္ဂလိပ်စာကို မိခင်ဘာသာစကားအဖြစ်မသုံးတဲ့သူတွေအတွက် သူတို့ရဲ့ အင်္ဂလိပ်စာအရည်အချင်းကို တိုင်းတာတဲ့ နိုင်ငံတကာအသိအမှတ်ပြု စံသတ်မှတ်ချက်စာမေးပွဲ (Standardised Proficiency Test) တစ်ခုပါ။
သင်က UK, Canada, Australia တို့လို English-speaking နိုင်ငံတစ်ခုမှာ ကျောင်းတက်ဖို့ဖြစ်စေ၊ အလုပ်လုပ်ဖို့ဖြစ်စေ၊ အခြေချနေထိုင်ဖို့ဖြစ်စေ၊ သင်ဟာ အဲ့ဒီနိုင်ငံရဲ့ ပတ်ဝန်းကျင်မှာ ဘာသာစကားအရ ရှင်သန်နိုင်စွမ်းရှိတယ်ဆိုတာကို သက်သေပြဖို့ ဒီစာမေးပွဲကို မဖြစ်မနေဖြေဆိုရမှာပါ။ ဒါက "Optional" မဟုတ်ပါဘူး၊ "Requirement" ပါ။
အပိုင်း (၂) - IELTS စာမေးပွဲ အမျိုးအစားများနှင့် ဖွဲ့စည်းပုံ
IELTS မှာ အဓိကအားဖြင့် အမျိုးအစားနှစ်ခုရှိပြီး၊ သင်ဘယ်တစ်ခုကိုဖြေရမလဲဆိုတာက သင့်ရဲ့ရည်ရွယ်ချက်ပေါ်မှာ မူတည်ပါတယ်။
- IELTS Academic: ဒါက တက္ကသိုလ်တက်ဖို့ (Undergraduate or Postgraduate) အတွက် ဖြေဆိုရတဲ့အမျိုးအစားပါ။ သူ့ရဲ့ Reading နဲ့ Writing အပိုင်းတွေက ပညာရပ်ဆိုင်ရာအရေးအသားတွေနဲ့ ပိုပြီးသက်ဆိုင်ပါတယ်။
- IELTS General Training: ဒါကတော့ အလုပ်လုပ်ကိုင်ဖို့၊ ဒါမှမဟုတ် Australia, Canada တို့လိုနိုင်ငံတွေမှာ အခြေချနေထိုင်ခွင့် (Immigration) လျှောက်ထားဖို့အတွက် ဖြေဆိုရတာပါ။
- IELTS for UKVI: သင်က UK မှာကျောင်းတက်ဖို့အတွက် Visa လျှောက်တော့မယ်ဆိုရင်၊ သင်ဖြေရမှာက UK Home Office က အသိအမှတ်ပြုထားတဲ့ UKVI (UK Visas and Immigration) approved test centre မှာဖြေဆိုရတဲ့ IELTS Academic (သို့မဟုတ် General) ဖြစ်ရပါမယ်။
စာမေးပွဲအားလုံးမှာတော့ အဓိကအပိုင်းလေးပိုင်းပါဝင်ပါတယ်-
- Listening (မိနစ် ၃၀): အသံဖိုင်လေးခုကိုနားထောင်ပြီး မေးခွန်းတွေဖြေရပါတယ်။
- Reading (မိနစ် ၆၀): ရှည်လျားတဲ့စာပိုဒ်သုံးခုကိုဖတ်ပြီး မေးခွန်းအမျိုးအစားအမျိုးမျိုးကို ဖြေရပါတယ်။
- Writing (မိနစ် ၆၀): Task 1 (graph/chart တစ်ခုကို သုံးသပ်ရေးသားခြင်း) နဲ့ Task 2 (essay တစ်ပုဒ်ရေးသားခြင်း) ဆိုပြီး နှစ်ပိုင်းပါဝင်ပါတယ်။
- Speaking (၁၁-၁၄ မိနစ်): စာစစ်သူနဲ့ မျက်နှာချင်းဆိုင် အပြန်အလှန်စကားပြောဆိုရတဲ့ အပိုင်းပါ။
အပိုင်း (၃) - Band Score များ၏ အဓိပ္ပာယ် - ဂဏန်းများနောက်ကွယ်က လက်တွေ့ဘဝ
IELTS အမှတ်ကို Band 1 ကနေ 9 အထိ သတ်မှတ်ပါတယ်။ Band score တစ်ခုချင်းစီက သင့်ရဲ့ လက်တွေ့ဘဝက အင်္ဂလိပ်စာသုံးစွဲနိုင်စွမ်းကို ဖော်ပြနေပါတယ်။
- Band 9 (Expert User): Native speaker တစ်ယောက်လို ကျွမ်းကျင်စွာအသုံးပြုနိုင်သူ။
- Band 8 (Very Good User): ရှုပ်ထွေးတဲ့အကြောင်းအရာတွေကို နားလည်ပြီး၊ အမှားအယွင်းအလွန်နည်းပါးစွာနဲ့ ပြောဆိုနိုင်သူ။
- Band 7 (Good User): တက္ကသိုလ် lecture တွေကို ကောင်းကောင်းနားလည်နိုင်ပြီး၊ tutorial တွေမှာ ယုံကြည်မှုရှိရှိပါဝင်ဆွေးနွေးနိုင်တဲ့အဆင့်။ academic essay တွေကို ကောင်းမွန်စွာရေးသားနိုင်ပေမယ့် သဒ္ဒါအမှားအယွင်းလေးတွေတော့ ရှိနေနိုင်ပါသေးတယ်။
- Band 6 (Competent User): နေ့စဉ်သုံးစကားပြောဆိုမှုတွေမှာ အဆင်ပြေပေမယ့်၊ academic setting မှာတော့ အခက်အခဲတွေ့နိုင်ပါတယ်။ lecture တွေကို လိုက်မီဖို့ရုန်းကန်ရနိုင်ပြီး၊ ကိုယ့်ရဲ့အမြင်ကို စာနဲ့ရောစကားနဲ့ပါ ရှင်းရှင်းလင်းလင်းဖော်ပြဖို့ ခက်ခဲနိုင်ပါတယ်။
- Band 5 (Modest User): အခြေခံဆက်သွယ်မှုတွေပြုလုပ်နိုင်ပေမယ့်၊ တက္ကသိုလ်ပညာရေးအတွက် လုံးဝမလုံလောက်သေးတဲ့အဆင့်ပါ။ စားသောက်ဆိုင်မှာ အော်ဒါမှာလို့ရနိုင်ပေမယ့်၊ ကိုယ့်အဆောင်ရဲ့ပြဿနာတစ်ခုကို landlord ကို ရှင်းပြဖို့တော့ အခက်အခဲရှိပါလိမ့်မယ်။
တက္ကသိုလ်တွေရဲ့ လိုအပ်ချက်: UK တက္ကသိုလ်အများစုက Overall Band 6.0 ကနေ 7.0 ကြားကို တောင်းဆိုလေ့ရှိပါတယ်။ ဒါပေမယ့် "Minimum Requirement" ဆိုတာက "အနည်းဆုံးလိုအပ်ချက်" သက်သက်သာဖြစ်ပြီး၊ ဒါကိုပြည့်မီရုံနဲ့ သင့်ကိုလက်ခံမယ်လို့ အာမမခံပါဘူး။ အမှတ်ကောင်းတဲ့ကျောင်းသားတွေ အများကြီးလျှောက်ထားတဲ့ competitive ဖြစ်တဲ့ course တွေမှာတော့ IELTS အမှတ်ပိုမြင့်တဲ့သူက အမြဲတမ်းဦးစားပေးခံရမှာပါ။
အပိုင်း (၄) - အမှတ်နည်းခြင်း၏ အကျိုးဆက်များ
IELTS အမှတ်မကောင်းခဲ့ရင် ဘာဖြစ်မလဲ။
- Pre-sessional English Course (ESL): သင်က တက္ကသိုလ်ရဲ့ requirement ကို အနည်းငယ်ပဲလိုနေတယ်ဆိုရင် (ဥပမာ - 6.5 တောင်းတာကို 6.0 ပဲရခဲ့ရင်)၊ တက္ကသိုလ်မစခင်မှာ ၆ ပတ်ကနေ ၃ လလောက်ကြာမြင့်တဲ့ Pre-sessional English for Academic Purposes (EAP) သင်တန်းကို တက်ရပါလိမ့်မယ်။ ဒါက သင့်ကို ငွေပိုကုန်စေသလို၊ အချိန်လည်းပိုကုန်စေပါတယ်။
- တက္ကသိုလ်က ပယ်ချခြင်း: သင်ရဲ့အမှတ်က လိုအပ်ချက်နဲ့ အရမ်းကွာဟနေရင်တော့ သင့်ရဲ့လျှောက်လွှာကို လုံးဝပယ်ချလိုက်မှာပါ။
- လက်တွေ့ဘဝက စာမေးပွဲ: ဒါက အရေးအကြီးဆုံးအချက်ပါ။ သင်က ကံကောင်းလို့ စာမေးပွဲကို အောင်မှတ်နဲ့ကပ်ပြီးအောင်သွားတယ်၊ ကျောင်းကလည်းလက်ခံတယ်ဆိုပါစို့။ ဒါပေမယ့် လက်တွေ့ဘဝမှာတော့ သင်ဒုက္ခရောက်တော့မှာပါ။ သင်က lecture တွေကိုနားလည်ဖို့၊ tutorial တွေမှာပါဝင်ဆွေးနွေးဖို့၊ assignment တွေရေးဖို့၊ နောက်ဆုံး စားသောက်ဆိုင်မှာ အော်ဒါမှာဖို့အဆုံး အရာအားလုံးကို သင် "အောင်မှတ်နဲ့ကပ်အောင်" ထားတဲ့ ဘာသာစကားနဲ့ ရုန်းကန်နေရပါလိမ့်မယ်။ အဲ့ဒီအခါမှာ UK မှာနေထိုင်ရတဲ့ သင့်ရဲ့နေ့ရက်တိုင်းက ပျော်စရာမကောင်းတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လာနိုင်ပါတယ်။
အပိုင်း (၅) - IELTS နှင့် Scholarship အခွင့်အလမ်းများ
ဒါက အထင်အမြင်လွဲမှားမှုတစ်ခုပါ။ IELTS အမှတ်ကောင်းရုံနဲ့ Scholarship ရနိုင်လားဆိုတော့ မရနိုင်ပါဘူး။ Scholarship အများစုက သင့်ရဲ့ ပညာရေးဆိုင်ရာထူးချွန်မှု (Academic Merit)၊ သင်လျှောက်ထားတဲ့ ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ အတွေ့အကြုံတွေပေါ်မှာပဲ အဓိကမူတည်ပါတယ်။ IELTS ဆိုတာက သင်က ဒီ scholarship ကိုရဖို့ "အရည်အချင်းပြည့်မီကြောင်း" သက်သေပြရတဲ့ မရှိမဖြစ်လိုအပ်ချက် (Prerequisite) တစ်ခုသာဖြစ်ပြီး၊ သင့်ကို scholarship ရစေမယ့် "ရွှေလက်မှတ်" တစ်ခုတော့မဟုတ်ပါဘူး။
အပိုင်း (၆) - Mindset ကို ပြောင်းလဲခြင်း - Skill မှ Tool သို့
အင်္ဂလိပ်စာတိုးတက်ဖို့အတွက် ပထမဆုံးလုပ်ရမှာက သင့်ရဲ့ Mindset ကိုပြောင်းလဲဖို့ပါပဲ။
အင်္ဂလိပ်စာကို "Skill" တစ်ခုလို မမြင်ပါနဲ့၊ "Tool" တစ်ခုလို မြင်ပါ
- Skill (ကျွမ်းကျင်မှု): ဒါက "ရှိရင်ကောင်းတယ်" ဆိုတဲ့အရာတစ်ခုပါ။ ဥပမာ - ပန်းချီဆွဲတာ၊ ဂီတတူရိယာတီးတာမျိုးပေါ့။ လူတိုင်းမလိုအပ်ပါဘူး။
- Tool (လက်နက်/ကိရိယာ): ဒါက "မရှိမဖြစ်လိုအပ်တယ်" ဆိုတဲ့အရာတစ်ခုပါ။ အိမ်တစ်လုံးဆောက်ဖို့ တူတစ်လက်၊ လွှတစ်လက်လိုအပ်သလိုမျိုး၊ အခုခေတ်မှာ ဘဝကိုတည်ဆောက်ဖို့၊ အသိပညာရှာဖွေဖို့၊ ကမ္ဘာကြီးနဲ့ချိတ်ဆက်ဖို့ အင်္ဂလိပ်စာဆိုတဲ့ "Tool" က မရှိမဖြစ်လိုအပ်ပါတယ်။
သင်က တူတစ်လက်ကို ဘယ်လိုသုံးရမလဲဆိုတာကို "ကြိုးစားပြီး" သင်ယူနေမှာမဟုတ်ပါဘူး။ သံတစ်ချောင်းရိုက်ဖို့ "လိုအပ်" လာတဲ့အခါမှာ အလိုလိုကောက်ကိုင်ပြီး သုံးလိုက်မှာပါပဲ။ အင်္ဂလိပ်စာကိုလည်း အဲ့ဒီလိုသဘောထားရပါမယ်။
အပိုင်း (၇) - လက်တွေ့နည်းလမ်းများ - သင့်ဘဝထဲသို့ အင်္ဂလိပ်စာကို ထည့်သွင်းခြင်း
"ကြိုးစား" နေတာကိုရပ်ပြီး "လိုအပ်" လာအောင်လုပ်ဖို့အတွက်၊ အင်္ဂလိပ်စာအတွက် အချိန်သက်သက်ပေးစရာမလိုဘဲ၊ သင်နေ့စဉ်လုပ်နေတဲ့အရာတွေထဲကို သူ့ကို ရက်လုပ်ထည့်သွင်းရပါမယ်။
- သင်ဟင်းချက်ရတာကြိုက်လား။ YouTube မှာ မြန်မာလို ဟင်းချက်နည်းတွေကြည့်မယ့်အပြင် Made with Lau, Max the Meat Guy, Nick DiGiovanni တို့လို နိုင်ငံခြား Youtuber တွေရဲ့ channel တွေကို subscribe လုပ်ပြီး လိုက်ကြည့်ပါ။ Recipe တွေကို အင်္ဂလိပ်လိုလိုက်ဖတ်ပါ။ "Foie Gras" ဆိုတာ ဘဲအသည်းမှန်း သင်အလိုလိုသိလာပါလိမ့်မယ်။
- သင် Tech ပစ္စည်းတွေစိတ်ဝင်စားလား။ Mrwhosetheboss, Ali Abdaal တို့လို tech reviewer တွေရဲ့ video တွေကို နားထောင်ပါ။ သူတို့ရဲ့ စကားပြောအမြန်နှုန်းက သင့်ရဲ့ listening skill ကို အများကြီးတိုးတက်စေပါလိမ့်မယ်။
- မနက်တိုင်း ဖုန်းသုံးတတ်လား။ သတင်းတွေဖတ်မယ့်အပြင် Tiago Forte လို productivity guru တွေရဲ့ newsletter ကို subscribe လုပ်ပြီး ဖတ်ကြည့်ပါ။
- ရုပ်ရှင်ကြည့်ရတာကြိုက်လား။ မြန်မာစာတန်းထိုးနဲ့မကြည့်ဘဲ၊ English subtitles နဲ့ကြည့်ပါ။ နောက်ပိုင်းမှာတော့ ဘာ subtitle မှမပါဘဲ ကြည့်နိုင်အောင်ကြိုးစားပါ။
- သတင်းဖတ်ရတာကြိုက်လား။ Apple News လို app မျိုးမှာ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခု (ဥပမာ - ကင်မရာ၊ celebrity) ကိုပဲ အင်္ဂလိပ်လို ပုံမှန်ဖတ်တဲ့အကျင့်လုပ်ပါ။
ဒီနည်းလမ်းတွေက သင့်ကို အချိန်သက်သက်မပေးရဘဲ၊ သင်ပျော်ရွှင်တဲ့အရာတွေကိုလုပ်ရင်းနဲ့ပဲ အင်္ဂလိပ်စာကို သင့်ဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာအောင် လုပ်ပေးပါလိမ့်မယ်။
အပိုင်း (၈) - ကြောက်ရွံ့မှုကို ရင်ဆိုင်ခြင်း
IELTS ဖြေတုန်းကရော၊ သူငယ်ချင်းတစ်ယောက်ကို Duolingo ဖြေဖို့ကူညီပေးခဲ့တုန်းကပါ ကျနော်သိခဲ့ရတာတစ်ခုရှိတယ်။ ဘယ်စာမေးပွဲကမှ သင့်ရဲ့အင်္ဂလိပ်စာအရည်အချင်းကို ၁၀၀% မစစ်ဆေးနိုင်ပါဘူး။
- ကြောက်ရွံ့မှုကို ကြောက်ရမှာကို ကြောက်ပါ: စာမေးပွဲမှာ စကားပြောရတဲ့အခါ သင်ကြောက်နေရင်၊ စာစစ်သူက သင် "မပြောတတ်လို့" မပြောတာလို့ပဲ ယူဆသွားမှာပါ။ တကယ်တော့ ကြောက်တယ်ဆိုတာက ကြောက်နေတာသက်သက်ပါပဲ။ ကိုယ်ဘယ်လောက်တတ်လဲဆိုတာကို "ပြ" မှရမှာပါ။
- Open-minded ဖြစ်ပါ: ကိုယ့်အသံထွက်မကောင်းဘူးလို့ သူများကပြောရင် လက်ခံလိုက်ပါ။ ပြင်ဆင်ပါ။ ဒါပေမယ့် သက်သက်ကြီးလာလှောင်တာဆိုရင်တော့ ဂရုမစိုက်ပါနဲ့။ မြန်မာလိုကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တာကလည်း အရည်အချင်းတစ်ခုပါပဲ။
- ကိုယ့်အခြေအနေကိုယ် လက်ခံပါ: ငါအင်္ဂလိပ်လိုမပြောတတ်သေးဘူးဆိုတာကို ဝန်ခံပါ။ ပြီးရင် အဲ့ဒီအဆင့်ကနေစပြီး ကြိုးစားပါ။ အသက်အရွယ်မရွေးပါဘူး။
အပိုင်း (၉) - ရန်ကုန်မှ ကျောင်းသားများအတွက် အကောင်းဆုံး Online Resources များ
ရန်ကုန်မှာ စာအုပ်ကောင်းကောင်း၊ စာကြည့်တိုက်ကောင်းကောင်းရှားပါးမှန်း ကျနော်သိပါတယ်။ ဒါပေမယ့် ကံကောင်းတာက အခုခေတ်မှာ အကောင်းဆုံး resource တွေက သင့်လက်ထဲကဖုန်းထဲမှာပဲရှိနေပါတယ်။
- Official Sites (မဖြစ်မနေကြည့်ရမည့်နေရာများ):
- IELTS Official Website: စာမေးပွဲပုံစံ၊ အမှတ်ပေးပုံစံတွေနဲ့ free practice test တွေရှိပါတယ်။
- British Council - Learn English: Grammar ကနေ vocabulary အဆုံး အရာအားလုံးအတွက် အခမဲ့လေ့ကျင့်ခန်းတွေအများကြီးရှိပါတယ်။
- YouTube Channels (အခမဲ့ကျူရှင်ဆရာများ):
- E2 IELTS: စာမေးပွဲဖြေဆိုနည်းဗျူဟာတွေကို အသေးစိတ်ရှင်းပြပေးပါတယ်။
- IELTS Liz: ရိုးရှင်းပြီး နားလည်လွယ်တဲ့ သင်ခန်းစာတွေအတွက် နာမည်ကြီးပါတယ်။
- Practice Test Sites:
- IELTS Online Tests: တကယ့်စာမေးပွဲပုံစံအတိုင်း အစမ်းဖြေကြည့်လို့ရတဲ့ website တွေအများကြီးရှိပါတယ်။
- General English Improvement (နေ့စဉ်ဘဝထဲထည့်သွင်းရန်):
- BBC Learning English: နေ့စဉ်သတင်းတွေကနေတစ်ဆင့် အင်္ဂလိပ်စာလေ့လာနိုင်ပါတယ်။
- TED Talks: ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ ပညာရှင်တွေရဲ့ ဟောပြောပွဲတွေကို English subtitles နဲ့နားထောင်ပါ။
နိဂုံးချုပ်
နောက်ဆုံးတော့၊ IELTS ဆိုတာက ကြောက်စရာကောင်းတဲ့ အတားအဆီးတစ်ခုမဟုတ်ပါဘူး။ ဒါက သင်ကျွမ်းကျင်အောင်ကိုင်တွယ်ရမယ့် လက်နက်တစ်ခုပါ။ ဒါက သင်က UK မှာ "ရှင်သန်ရုံ" သက်သက်မဟုတ်ဘဲ၊ "ထူးချွန်စွာရပ်တည်နိုင်ဖို့" အဆင်သင့်ဖြစ်နေပြီဆိုတာကို သက်သေပြမယ့် ပထမဆုံးသော ခြေလှမ်းတစ်ခုသာဖြစ်ကြောင်း မျှဝေရင်း…။
ကျနော်အခုနောက်ပိုင်း Burmese/English နှစ်ဘာသာနဲ့ Contentလေးတွေတင်နေပါတယ်။ ဖတ်ချင်ရင်တော့ ကျနော့်Website Moenotes dot com ထဲက "English" ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။