မှားယွင်းမှုတွေသည် အကောင်းဆုံးသော ရင်းနီးမြှုပ်နှံမှု

မှားယွင်းမှုတွေသည် အကောင်းဆုံးသော ရင်းနီးမြှုပ်နှံမှု

ကျရှုံးမှုဆိုတာက သင်ခန်းစာယူတတ်ရတယ်၊ သို့သော် အမှားတစ်ခုလုပ်လိုက်တာနဲ့ "အရာအားလုံးအဆုံးသတ်သွားပြီ သဲထဲရေသွန်ဖြစ်သွားပြီ။ ဘာတစ်ခုမှကုန်းကောက်စရာမရှိတော့ဘူး။ ငါလူညံ့ဖြစ်သွားပြီ။" ဆိုတဲ့စိတ်မျိုးဝင်တတ်ကြတယ်။

တကယ်တော့ ကနဦးအမှားကြောင့်ကိုယ် ကျရှုံးသွားတာမဟုတ်ပါဘူး။ နောက်ပါလာတဲ့စိတ်ကြောင့် တကယ်ကျရှုံးသွားတာပါ။ လူငယ်ဘဝဆိုတာ တိုတောင်းတယ်။ အရိုင်းဆန်တယ် ရူးမိုက်တယ်။ လှည့်ကြည့်စရာမိသားစု၊ အလုပ်အကိုင်၊ ဘဝပတ်ဝန်းကျင်ရယ်လို့ မရှိဘူး။ ရှိရင်တောင် အင်မတန်သေးငယ်တယ်။ ဒီလိုအချိန်မျိုးမှာ မှားပါ၊ ဆက်တိုက်မှားပါ၊ ရင်းနီးမြှုပ်နှံပါ။

ကျနော်အခုလပိုင်းအင်မတန်တိတ်ဆိတ်နေတယ်၊ ရေးစရာစကားမရှိလို့မဟုတ်ဘူး၊ ကျနော်နားထောင်နေလို့။ ပြည်တွင်းကလူငယ်တွေတစ်ဦးချင်းစီတိုင်းရဲ့ ဆုံးဖြတ်ချက်တွေအနောက်မှာရှိတဲ့ တိတ်တဆိတ်ပူပန်သောကတွေကို နားထောင်နေမိလို့။

ကျနော်တို့ဘဝတွေမှာမှန်ကန်တဲ့လမ်းကြောင်းတစ်ခုတည်းနဲ့ကြီးပြင်းလာကြရတယ်။ မေဂျာမှန်၊ အလုပ်အကိုင်မှန်၊ ဘဝမှန် လမ်းကြောင်းပေါ်ရောက်သွားတယ်ပေါ့ဗျာ။ ဆုံးဖြတ်ချက်တိုင်းက အတည်တကျပဲဖြစ်သင့်တယ်။ မပြောင်းလဲသင့်ဘူး၊ ကနဦးဆုံးဖြတ်ချက်အတိုင်းပဲ အဆုံးသတ်ထိလျှောက်သွားရမယ်၊ လမ်းကြောင်းဝေ့ဝိုက်သွားတာနဲ့ ဒါသည်အမှားပဲ။ ဒီလမ်းကြောင်းနဲ့မဆိုင်တဲ့ဘယ်အရာမဆို လုပ်နေမိပြီဆို ဒါသည် အမှား။ လူမှား။

မိဘပိုက်ဆံမဖြုန်းရဘူး၊ ခိုင်းတဲ့အတိုင်းလုပ်ရမယ်၊ ကြီးသူစကားနားထောင်ရမယ်။ အရှေ့မှာအောင်မြင်ခဲ့တဲ့သူတွေရဲ့လမ်းအတိုင်း လိုက်ရမယ်၊ မလိုက်ရင် ဒါသည်လူမှား။ ဒီတော့ တကယ်ရော ဒါက မှန်ကန်ရဲ့လား။


ရင်းနီးမြှုပ်နှံမှုဆိုတာဘာလဲ။

ငယ်စဥ်ကရင်းနီးမြှုပ်နှံမှုဆိုတာ ပညာရေး။ ငွေကြေးအမြောက်အများနဲ့ရင်းနီးမြှုပ်နှံကြတဲ့သူရှိတယ်၊ ပညာရေးဆိုတာအရေးမပါဘူး၊ ဘဝကြီးက သင်ပေးလိမ့်မယ်ဆိုတဲ့အတွေးနဲ့ တော်ရုံဘာတစ်ခုမှမရင်းနီးတဲ့ အကုန်မခံတဲ့သူတွေလဲရှိတယ်။

အသက်တဖြည်းဖြည်းကြီးလာတော့ ခန္တာကိုယ်အပေါ်ရင်းနီးမြှုပ်နှံလာတယ်၊ တချို့က လေ့ကျင့်ခန်းလုပ်တယ်၊ တချို့အစားအသောက်တွေဆင်ခြင်စားသောက်လာတယ်။ တချို့ကတော့ ပိန်ချင်လို့ အင်မတန်သေးငယ်သော ခန္တာမျိုးပိုင်ဆိုင်ချင်လို့ ။

တချို့က ပစ္စည်းဥစ္စာတွေအပေါ်ရင်းနီးမြှုပ်နှံတယ်။ အများအမြင်ကောင်းဖို့အတွက် ရင်းနီးမြှုပ်နှံတယ်။ ပစ္စည်းဥစ္စာတွေဝယ်တယ်။ ဝတ်တယ်၊ ကြွယ်ပြတယ်ပေါ့ဗျာ။

တချို့က ရေရှည်အတွက် ရင်းနီးမြှုပ်နှံတယ်။ အတတ်ပညာတစ်ခုခုကို ရအောင်ကြိုးစားတယ်။ ဘဝကြီးကို သင်ယူချင်စိတ်အပြည့်နဲ့ ရှေ့ဆက်တယ်။ သင်တန်းကြေးတွေကုန်တယ် ဟိုလျှောက်တက်ဒီလျှောက်တက် မှန်ချင်မှလဲမှန်တယ်အတန်းတိုင်းကလဲ ထိရောက်ချင်မှထိရောက်တယ်။

တချို့က အသက်မွေးဝမ်းကြောင်းပြုနိုင်မယ့် ပစ္စည်းဥစ္စာတစ်ခုခုအပေါ်ရင်းနီးမြှုပ်နှံတယ်။ အဆိုတော်ဖြစ်ချင်တဲ့သူဆို ဂီတာတစ်လက်၊ စာရေးချင်တဲ့သူဆို laptop တစ်လုံး လက်နှိပ်စက်တစ်ခု၊ သီချင်းဖန်တီးချင်တဲ့သူဆို နားကြပ်တစ်ခု။ မအောင်မြင်သေးဘူး၊ သို့သော် အောင်မြင်မှုလမ်းစကို အလျှင်အမြန်ရောက်ချင်လို့ သင်ကြားချင်လို့ ဝယ်ယူဖြစ်တယ်၊ ရင်းနီးမြှုပ်နှံတယ်။

ဟော တစ်ခါတစ်လေကျပြန်တော့ ရင်းနီးမြှုပ်နှံမှုဆိုတာ အမှားအယွင်းတစ်ခုလဲဖြစ်နိုင်တယ်။ ရည်းစားထားတယ်၊ မချစ်သင့်မှန်းသိလျက်နဲ့ဆက်ချစ်မိတယ်။ ရေမြေထက်မက ချစ်တဲ့စိတ်နဲ့ ဘဝတစ်ခုလုံးပုံအပ်မိတယ်၊ အချစ်တွေ ပုံအပ်မိတယ်၊ ဒါရင်းနီးမြှုပ်နှံမှုတစ်ခု။ ကလေးလေးတစ်ယောက် ကိုယ့်မျက်နှာပုံနဲ့ နူးညံ့စရာစကားလေးတွေကြားချင်တယ်ပေါ့ဗျာ။

ရေရှည်သူ့ကို ပိုင်ဆိုင်ချင်လို့။ သို့သော် အမြတ်မထွက် အရှုံးပဲရှိတယ် လုံးပါးပါးတယ်။ နောင်တရတယ်၊ နောင့်နောင်အချစ်ရေးနဲ့မပတ်သတ်ချင်တော့ဘူး။ အမှန်တော့ ဒါကလဲ အမြတ်ထွက်တဲ့ရင်းနီးမြှုပ်နှံမှုတစ်ခုပဲ။ တစ်ကြိမ်တစ်ခါတည်းနဲ့ မှတ်လောက်သားလောက်ဖြစ်သွားတယ်၊ ရေရှည်ဒီအချစ်ရေးကြောင့် အသည်းကွဲတယ်တို့ ပျက်စီးသွားတယ်တို့ အချစ်နောက်လိုက်မိတယ် ဆိုတဲ့ အခြေအနေတွေ ဖြစ်ဖို့ အင်မတန်နည်းသွားတယ်။ ဒီလိုမျိုးပေါ့ဗျာ။

ပြောချင်တာကတော့ မှန်ကန်တဲ့ရင်းနီးမြှုပ်နှံမှုတစ်ခုဆိုတာ မိမိဆီမှာရှိတဲ့resourcesတွေကို အသုံးပြုမှုပဲဖြစ်တယ်။ ကိုယ့်အချိန်၊ ကိုယ့်ငွေကြေး၊ ကိုယ့်ခွန်အား စသဖြင့် ကိုယ့်ရဲ့ လုပ်နိုင်စွမ်းတွေကိုတိုးမြှင့်နိုင်ဖို့ ဘဝကြီးကို ပိုမိုနားလည်နိုင်ဖို့ အသုံးချခြင်းဖြစ်တယ်။ ကနဦးအစမှာ ဘယ်လောက်ပဲ မှားယွင်းနေပါစေ မှန်ကန်နေပါစေပေါ့။

ဒီတော့ လူငယ်တွေအနေနဲ့ ဘယ်နေရာမှာရင်းနီးမြှုပ်နှံသင့်လဲ။

စတော့ခ်တွေ hedge fundsတွေတော့ ကျနော်နားမလည်သေးဘူး၊ နားလည်တာကတော့ အချိန်၊ ငွေကြေးနဲ့ risk.

၁။ အချိန်ဖြုန်းခြင်း။

လူအများစုက ကိုယ့်ရဲ့ဘဝတိုးတက်ရေးမှအပ မဆိုင်တဲ့ဘယ်အရာမှာမဆို အချိန်မဖြုန်းဖို့ တားမြစ်ကြတယ်။ ကျနော်ကတော့ကန့်ကွက်ချင်တယ်။ ဖြုန်းသင့်တယ်။

မေဂျာနဲ့မဆိုင်တဲ့ ဘယ်ဝါသနာမှာမဆို အချိန်ဖြုန်းသင့်တယ်။ ဝင်ငွေရဖို့အလားအလာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အချိန်'သုံး'သင့်တယ်။ ကျနော့်အတွက်တော့ ဒါက ရုပ်ရှင်နဲ့ဓာတ်ပုံအနုပညာဖြစ်တယ်။ စာရေးတာဖြစ်တယ်။

ကျနော် ဗိသုကာကျောင်းသားတစ်ယောက်ပါ၊ ကျောင်းစာများတယ် သိပ်များတယ်။ နေ့နေ့ညညစာပဲထိုင်လုပ်နေရင်တောင် ပြီးမြောက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ တစ်ခုလုပ်ရင် နှစ်ခုထွက်လာတယ်၊ နှစ်ခုဆို သုံးခုထွက်လာတယ်။

သို့သော်ကျနော်အချိန်ဖြုန်းတယ်။ ခါတလေ မဝယ်နိုင်တဲ့ ကင်မရာတွေကိုငေးကြည့်ဖြစ်တယ်။ လက်လှမ်းမမီတဲ့ရိုက်ကွက်တွေ ကျနော်ရိုက်ဖူးချင်တယ်၊ ဖန်တီးချင်တယ်၊ လူတွေကိုကြည့်ရှုခံစားစေချင်တယ်။ ဒါပေမယ့် ကျနော်မတတ်နိုင်ဘူး။ ရုပ်ရှင်ရိုက်လို့ အောင်မြင်ဖို့ဆိုတာ အင်မတန်မှခက်ခဲလှတယ်။

ကိုယ့်နိုင်ငံမှာလဲ ဘယ်လောက်ထိပျက်စီးနေလဲ ကိုယ့်လူတွေအသိပဲ၊ ပြည်ပမှာဖန်တီးဖို့အတွက်လဲ ငွေကုန်ကြေးကျသိပ်များတယ်၊ တစ်ဦးချင်းဖန်တီးရင်လဲ တိုးဝင်ဖို့ ခက်ခဲလှတယ်။ ဒါပေမယ့် ကျနော်အချိန်ဖြုန်းတယ်။

ရုပ်ရှင်တွေကြည့်တယ်၊ ပျင်းလဲကြည့်တယ် ပျော်လဲကြည့်တယ်။ ဘဝကြီးကိုရုပ်ရှင်တစ်ခုသဖွယ်တွေ့ကြုံခံစားကြည့်တယ်။

ဒီလိုအချိန်ဖြုန်းတီးခြင်းက ကျနော့်ကို ဘဝသင်ခန်းစာတွေသင်ပေးခဲ့တယ်။ ကမ္ဘာကြီးကို ကြည့်ရှုတတ်ဖို့၊ ပုံပြင်တစ်ပုဒ်ကိုစတိုရီတစ်ခုလို ပြောပြတတ်ဖို့၊ လူတွေနဲ့ ဆက်သွယ်တတ်ဖို့။ ဒီလိုနဲ့ပိုမိုကောင်းမွန်တဲ့ စာရေးသူတစ်ဦး ဗိသုကာဖန်တီးရှင်တစ်ဦးဖြစ်စေဖို့ ကူညီပေးခဲ့တယ်။

ဒီလို 'မဆိုင်'တဲ့ ဝါသနာဆိုတာက ကိုယ့်ကို အတန်းတူ ပုံမှန်လမ်းအတိုင်းလျှောက်ခဲ့တဲ့အခြားသူတွေနဲ့မတူ တမူထူးခြားနေအောင်ဖန်တီးပေးမယ့်အရာပါပဲ။

၂။ ငွေဖြုန်းတီးခြင်း။

ကျနော်ငွေအသုံးကြီးတယ်။ အိမ်ကတော့ အသုံးလျှော့ခိုင်းတယ်၊ ကျနော်ကတော့သုံးတယ်။ လိုအပ်တာမှန်သမျှသုံးတယ်။ ငွေကြေးကြောင့် ကိုယ့်ရဲ့ဝါသနာပညာဆာလောင်မှုက အတားအဆီးတစ်ခုမဖြစ်စေရဘူးဆိုတဲ့စိတ်နဲ့ရှေ့ဆက်တယ်။

ကင်မရာတစ်လုံးဝယ်တယ်၊ ကိုက်ညီတဲ့ lensတစ်ခုဝယ်တယ်။ ကိုင်လို့ရအောင် ဒေါက်ဝယ်တယ်။ လက်ကိုင်ဝယ်တယ်။ ကြည့်လို့ရအောင် မော်နီတာတစ်ခုဝယ်တယ်၊ ဒီလိုနဲ့ ဝယ်ရင်းဝယ်ရင်း မပြီးဆုံးနိုင်ဘဲဖြစ်သွားတယ်။ သို့သော် ကျနော်ကျေနပ်တယ်။

လေ့လာစမ်းသပ်ခွင့်ရတယ်။ အောင်မြင်မှ အလားအလာရှိမှ ငွေပေးမယ့် clientရှိမှ ပစ္စည်းတွေဝယ်သင့်တယ်ဆိုတာထက် တန်ဖိုးမြင့်high quality ပစ္စည်းကောင်းကောင်းတွေကို ဝယ်ယူအသုံးချရင်း မိမိပညာအပေါ်မှာ ရင်းနီးမြှုပ်နှံရင်း ပိုမိုတတ်ကျွမ်းလာရင်းနဲ့ သင်ယူတယ်ဆိုတာမှ မှန်ကန်ပါလိမ့်မယ်။

ပစ္စည်းတွေဆိုတာက အသုံးချဖို့ဖြစ်တယ်၊ မိမိအောင်မြင်မှု မိမိဖန်တီးနိုင်စွမ်းတွေကို ကူညီထောက်ပံ့ပေးမယ့် catalystသာဖြစ်တယ်။ ကင်မရာတစ်လုံးက iPhone တစ်လုံးစျေးရှိတယ်၊ စျေးများတယ်။

သို့သော် ဒီပစ္စည်းတစ်ခုဝယ်ယူပြီးတော့မှ ပွင့်လာနိုင်တဲ့လမ်းတွေ ဖန်တီးနိုင်မယ့် အနုပညာတွေ ဆက်လက်သင်ယူနိုင်မယ့်အရာတွေ အကျိုးပြုနိုင်မယ့်အရာတွေ ဒါတွေနဲ့ယှဥ်ရင်တော့ ဒီငွေကြေးပမာဏသည် ရင်းနီးမြှုပ်နှံမှုအသေးစားလေးသာဖြစ်ပါလိမ့်မယ်။

ထိုနည်းလည်းကောင်း skin careပစ္စည်းတွေ၊ ခန္တာကိုယ်ပေါ်ဝတ်တဲ့အဝတ်အစားတွေ၊ အစားအသောက်တွေ။ ဒါတွေအားလုံးကို ကောင်းမွန်တဲ့ခန္တာကိုယ်အတွက်ကောင်းတဲ့ ကျန်းမာရေးအတွက်အကျိုးပြုတဲ့ အရာတွေကိုဝယ်ယူအသုံးပြုတာသည်လဲ မိမိခန္တာကိုယ်ပေါ်မှာ ရင်းနီးမြှုပ်နှံတာပါပဲ။

ဒီလိုဆိုလို့ ဘာလုပ်လုပ် စျေးကြီးတာတွေပဲ ရွေးလုပ်စရာမလိုဘူးနော်။ ကျနော်ဆိုလိုတာက 'မှန်ကန်တဲ့ရင်းနီးမြှုပ်နှံမှု'. ဆိုပါစို့ အသားဖြူချင်လို့ ဆေးတွေထိုးတယ်၊ ဆေးခန်းတွေအခေါက်ပေါင်းမကသွားတယ်။ သို့သော် နေပူထဲသွားရင် ထီးတော့မဆောင်းဘူး ဒါမျိုးပေါ့ဗျာ။ မှားယွင်းတတ်တဲ့အလွဲလေးတွေပေါ့။

ဒီလိုရင်းနီးမြှုပ်နှံမှုလေးတွေကနေ ဆက်စပ်သွားတာက Risk များတဲ့အနာဂတ်။ အာမခံချက်မရှိတဲ့လမ်းအတွက် all in(အကုန်ပုံအော) ခြင်း။

၃။

နိုင်ငံခြားစထွက်တုန်းကဆို ကျနော့်အတွက် အိမ်မက်သည် ကောင်းမွန်တဲ့အလုပ်တစ်ခုရစေဖို့၊ မှန်ကန်တဲ့လုံခြုံမှုရှိတဲ့လမ်းနဲ့ ခိုင်မာတဲ့အလုပ်အကိုင်တစ်ခုရှိစေဖို့။ ဗိသုကာပညာရှင်ပေါ့ဗျာ။ ကျနော်လဲ comfortableဖြစ်တဲ့လမ်းမျိုးကိုပဲလျှောက်လှမ်းခဲ့ပါတယ်။ တော်ရုံကျောင်းပြင်ပအခြားအလုပ်တွေဆို မလုပ်ဘူး၊ ကျောင်းစာပဲဖိလုပ်တယ်၊ သို့သော်ထူးမလာခဲ့ဘူး။

ဗိသုကာဘာလို့ ယူခဲ့လဲဆိုတဲ့အနက်အဓိပ္ပာယ်ပျောက်ဆုံးနေခဲ့တယ်။ ငါငွေပဲမက်ခဲ့လို့လား၊ အိမ်ကပဲယူခိုင်းခဲ့လို့လား၊ မိုက်လို့လား စသဖြင့်ပေါ့။

သို့သော် တဖြည်းဖြည်းနဲ့ကြာလာတဲ့အခါမှာ လုပ်ချင်စိတ်ပျောက်လာတယ်။ နောင်တတော့မရပေမယ့် ရှင်သန်ရခြင်းရဲ့အနှစ်သာရလုံးလုံးပျောက်ဆုံးလာတယ်။ မှန်တာတွေတော့လုပ်နေတာပဲ။ ကျောင်းလဲမှန်မှန်တက်တယ်၊ စာလဲမှန်မှန်လုပ်တယ်၊ အစားမှန်မှန်စားတယ် သေချာအိပ်တယ် အကုန်လုံး 'မှန်'နေစမြဲပဲ။ သို့သော် ကျနော်မကျေနပ်နိုင်ဘူး။

စာလုပ်ပေမယ့် စာမတော်လာဘူး။ အချိန်တွေဘယ်လောက်ပဲကုန်ကုန်အားဘယ်လောက်ပဲစိုက်စိုက် ရလဒ်တွေကထူးမလာဘူး။ ဆရာမတွေကိုယ်တိုင်လဲပြောတယ် ဒီprojectမှာ အနက်အဓိပ္ပာယ်ပျောက်ဆုံးနေတယ်။ ရုပ်သေးရုပ်ပြဇာတ်ရုံလား စိတ်ဝင်စားပေမယ့် passionမရှိဘူး၊ အနှစ်သာရမရှိဘူး။

"Moe, there is no depth in your architecture, we can't feel anything"

ကျနော်အလုပ်တွေလုပ်တယ်။ အအေးဖျော်တယ်။ စားပွဲထိုးတယ်။ လစာထုတ်ရက်ဆို ငွေတွေသိမ်းသိမ်းထားတယ်။ ဒီလိုနဲ့ မှန်ကန်တဲ့ဘဝကို နေဖြစ်တယ်။ ဒါပေမယ့် ငြီးငွေ့လာတယ်။ အနှစ်သာရမရှိအဓိပ္ပာယ်မရှိ။ ကိုယ်မပေါင်းသင်းချင်တဲ့သူတွေနဲ့ ကိုယ်မုန်းတီးတဲ့အလုပ်နဲ့ ကိုယ်မုန်းတဲ့မေဂျာနဲ့။

ကျနော် မှားချင်လာတယ်။

ဒီလိုနဲ့ လမ်းမှန်မှန်သွားနေရင်းကနေ ဖောက်ထွက်လိုက်တယ်။ ကျနော်ခရီးသွားတယ်။ အဝေးကြီးသွားခဲ့တယ်။ ငါဘာလို့ ဒီဘဝကြီးမှာ ရှင်သန်နေတာလဲဆိုတဲ့အနက်အဓိပ္ပာယ်ကို သိချင်လာတယ်။

ဒီလိုနဲ့ ကျနော်ဒီPageလေးစထောင်ဖြစ်တယ်။ ဘာရယ်တော့မဟုတ်ဘူး။ ကိုယ့်ခံစားချက်တွေကို ဖွင့်ဟချင်လို့။ ကိုယ်မတတ်တတတ်ပညာလေးတွေကို မျှဝေချင်လို့။ ဒီလိုနဲ့ ဒီPageလေးက ကျနော့်အတွက် နိဗ္ဗာန်ဘုံလေးသဖွယ်ဖြစ်လာတယ်။

အမှားတွေကတော့အများကြီးပဲ၊ ကိုယ့်စာကိုယ်တောင်ပြန်မဖတ်ချင်လောက်တဲ့အထိလဲ မှားယွင်းခဲ့တယ်။ လူယုံတွေမှားခဲ့တယ်။ ချစ်ရသူတွေကိုလဲ မှားယွင်းခဲ့မိတယ်။ ဒါပေမယ့် အကောင်းတွေအမှန်တွေလဲရှိခဲ့တယ်။

မြန်မာစာလုံးဝမတတ်လို့ စာစီစာကုံးကို သတင်းရေးသလို ခေတ်ပေါ်အသုံးအနှုန်းတွေနဲ့ရေးတဲ့ ကျနော် စာရေးနိုင်လာတယ်။ ကောင်မလေးအတွက်ဆို ပုံမရိုက်တတ်တဲ့ကျနော် မျိုးစုံသောရာသီဥတု၊ အလင်းရောင်၊ ပတ်ဝန်းကျင်အခြေအနေတွေကြား ဓာတ်ပုံလေးတွေ ရိုက်ကူးနိုင်လာတယ်။

Essayတွေဆို အရမ်းမုန်းတဲ့ကျနော် Dissertationကို ပျင်းရိလာတယ်။ စာဖတ်ရတာမုန်းတဲ့ကျနော် အနှစ်သာရရှိတဲ့စာပေတွေဆို ချစ်မြတ်နိုးတတ်လာတယ်။ ရုပ်ရှင်ကြည့်ရင်း ငိုတတ်လာတယ်။ ခံစားတတ်လာတယ်။ ရိုက်ကူးသူကပေးတဲ့Messageတွေကို နားလည်လာတယ်။ အမှားတွေကို ချစ်မြတ်နိုးတတ်လာတယ်။ ဒီဖီးရခက်တဲ့ ဆံပင်ကိုယုယတတ်လာတယ်၊ ရင်ထဲက ခံစားချက်တွေကို ဖွင့်ဟပြောဆိုတတ်လာတယ်၊ လူသားဆန်လာတယ်။

ဒီလိုနဲ့ ကျနော် ပညာရေးကိစ္စလေးတွေအကြံပေးလာတယ်။ လူတွေကျေနပ်သွားကြတယ်၊ ကျနော်လဲဝမ်းသာတယ်။ ဒီလိုနဲ့ လူတွေဘာလိုလဲဆိုတာ ခန့်မှန်းတတ်လာတယ်၊ အရိပ်အခြေကြည့်တတ်လာတယ်။ စကားလုံးတွေရဲ့နောက်ကွယ်က ရည်မှန်းချက်တွေ၊ ဖြစ်ချင်စိတ်တွေ၊ မျိုသိပ်ထားတဲ့ခံစားချက်တွေကို မြင်တတ်လာတယ်။

ဒီလိုနဲ့ ဒီလိုနဲ့ ဒီလိုနဲ့ လူတွေနဲ့ ပိုမိုကိုက်ညီတဲ့အဆောက်အဦးနေရာလေးတွေကို ကျနော်ဖန်တီးတတ်လာတယ်။ စာပေအရေးအသားလေးတွေကိုက်ညီအောင်ရေးတတ်လာတယ်။

ကျနော်လုပ်တဲ့Projectလေးတွေကို ဝင်ရောက်ခံစားတတ်လာတယ်။ ဒီလိုနဲ့ ဒုတိယနှစ်မှာ Content ဖန်တီးသူတစ်ဦးရဲ့အိမ်လေးဖန်တီးဖြစ်တယ်၊ နှစ်ကုန်မှာတော့ ရုပ်ရှင်ချစ်မြတ်နိုးသူတိုင်းအသုံးပြုလို့ရနိုင်တဲ့ ရုပ်ရှင်ရိုက်ကူး၊ ဖန်တီး၊ ထုတ်လုပ်၊ ကြည့်ရှုလို့ရနိုင်တဲ့ Projectလေးတစ်ခုဖြစ်လာတယ် အမှတ်တွေလဲကောင်းပါတယ်။ ပိုကောင်းလာတာကတော့ ကျနော့်ရဲ့စိတ်၊ ကျေနပ်မိတယ်။

Essayရေးရတယ်၊ Oxford ရဲ့ပြင်ပနေရာလေးကအခြေအနေနဲ့ ကိုယ်ဘာတွေပြုပြင်ချင်လဲ။ ကိုယ့်ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုတတ်လာသည်နှင့်အမျှ စက်ဘီးစီးတဲ့သူဖြစ်တာနဲ့အညီ စက်ဘီးလမ်းတွေကို ပိုမိုချောမွတ်အောင်၊ ချိုင့်ခွက်တွေနည်းအောင်၊ ပါကင်တွေပိုမိုရရှိအောင် စတဲ့အရာတွေကို Proposeလုပ်တတ်လာတယ်။

ပုံတွေတော်ရုံမဆွဲတဲ့ကျနော် ဓာတ်ပုံတွေနဲ့ ဆန်းစစ်တတ်လာတယ်။ မြေပြင်အခြေအနေအမျိုးမျိုး အချိန်အမျိုးမျိုးကို အသုံးချပြီး ကောက်ချက်ချတတ်လာတယ်။

အခုနှစ်တော့ ကျနော်ဖန်တီးမယ့်အဆောက်အဦးက နိုင်ငံမှ ထွက်ပြေးလွတ်မြောက်လာသူ မွေးရပ်နဲ့ဝေးကွာနေသူတွေ (Diaspora) အဖို့ အိမ်မဟုတ် အလုပ်မဟုတ်တဲ့ တတိယနေရာလေး(Third Space)တစ်ခု ဖန်တီးဖို့ဖြစ်လာခဲ့တယ်။ ကျနော့်ရဲ့စာတမ်းရှည်ကလဲပဲ ပြည်တွင်းက ဒစ်ဂျစ်တယ်ဗိသုကာ၊ တစ်နည်းအားဖြင့် ဒစ်ဂျစ်တယ်ခက်ခဲမှုတွေကြား ရှင်သန်နေတဲ့ ကိုယ့်ပြည်သူတွေအကြောင်း ဖြစ်လာခဲ့တယ်။

ဗိသုကာကိုချစ်မြတ်နိုးတတ်လာတယ်။ ဗိသုကာကို အသုံးပြုပြီး လူသားတွေကိုကူညီဖို့ အကျိုးပြုဖို့ နည်းလမ်းတွေရှာဖွေတတ်လာတယ်။ တိုးတက်ဖို့ လေ့လာသင်ယူဖို့လဲ အများကြီးကျန်ရှိသေးတယ်၊ အလားအလာလဲ ပိုကောင်းလာတယ်။

'Moe Notes' ကိုစတင်တာ၊ စာစရေးတာ၊ ပညာရေးနဲ့ပတ်သက်ပြီး အကြံပေးတာ ဒါတွေအားလုံးက ခက်ခဲတဲ့Decisionတွေ။ ဒီတစ်လရိုက်ကူးရေးပစ္စည်းတွေ အဝယ်များသွားလို့ စားစရာမရှိတော့တဲ့အထိလဲဖြစ်ခဲ့ဖူးတယ်။ ခရီးသွားရင်းလဲပဲ ငွေပြတ်သွားခဲ့ဖူးတယ်။ ဒါပေမယ့် ဒီလိုမျိုးRisk တွေယူရင်းနဲ့ မလှမ်းနိုင်ဘူးလို့ ယူဆတဲ့လမ်းတွေလှမ်းရင်းနဲ့ လှမ်းရင်းကပဲ ပညာရပ်တစ်ခု၊ သင်ယူစရာတစ်ခုဖြစ်ခဲ့တယ်။

ဒါက ဒီဂရီတစ်ခု ဘွဲ့တစ်ခုထက်ကို ပိုမိုအရေးပါတယ်။ အောင်မြင်ရင် အသီးအပွင့်တွေအကုန်လုံးစားသုံးနိုင်မယ်၊ ကျရှုံးရင် တန်ဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံတွေနဲ့ ပြည့်စုံသွားမယ်။

(အမှန်တော့ ဒီဗိသုကာဘွဲ့က သင်ယူပေးလိုက်နိုင်တဲ့အရာတွေထဲမှာ ဒါတွေကလဲ တစ်ခုအပါအဝင်ဖြစ်ပါလိမ့်မယ်။ ဒီလိုဆိုတော့လဲ ဘွဲ့တစ်ခုက အရေးပါသား)

အကျဥ်းချုပ်။

အမှန်အများဆုံးဖြစ်စေဖို့၊ အမှားအနည်းဆုံးဖြစ်စေဖို့ လုပ်နေစရာမလိုဘူး။ ဒါက ကျောင်းသားတစ်ဦးရဲ့ ရည်မှန်းချက်ဖြစ်တယ်။ သင့်ရဲ့ ဘဝကြီးကို လျှောက်လှမ်းသင့်တဲ့ရည်မှန်းချက်က ပြည့်စုံတဲ့အနှစ်သာရပြည့်ဝတဲ့အတွေ့အကြုံတွေနဲ့ဘဝတစ်ခုတည်ဆောက်ဖို့ပဲ ဖြစ်သင့်တယ်။

အမှားဆိုတာ ကိုယ့်ကို အကောင်းဆုံးလေ့လာသင်ယူစေတဲ့အရာပါပဲ၊ သင်စာမေးပွဲအောင်တယ်၊ အမှတ်ကောင်းဖို့ ဆက်ကြိုးစားချင်မှကြိုးစားမယ်။ သင်စာမေးပွဲကျတယ် အောင်ချင်လာတယ် အစွမ်းကုန်ကြိုးစားတယ်။ အမှားဆိုတာ မှန်ကန်မြဲမှန်ကန်နေအောင်တွန်းအားပေးတဲ့ အရာပါပဲ။

ဘာတစ်ခုမှ ဒီစာလေးကမရလိုက်ဘူးဆိုရင်တော့ ဒါလေးတော့မှတ်ထားပေးပါ။ မှားဖို့မကြောက်ပါနဲ့။

Read more

Dissertation လမ်းညွှန်- Choosing a topic

Dissertation လမ်းညွှန်- Choosing a topic

တတိယနှစ်ထဲမဝင်ခင်မှာတင်ကို ကျောင်းမှာ Essayတွေရေးသားခိုင်းပါတယ်။ စာလုံးရေ ၁၂၀၀၊ ၁၅၀၀ အခု ၂၀၀၀။ Essayတစ်ပုဒ်ပဲထပ်ရတယ်။ ဘာစာမေးပွဲမှမရှိ။ Assignment တွေမရှိ။ 100% Gradedဖြစ်တယ်။ ဆိုလိုတာက သူ့ကိုကျရင်

By Moe Htet
လမ်းမပေါ်က မျိုးဆက်

လမ်းမပေါ်က မျိုးဆက်

ဒီရက်ပိုင်းသူငယ်ချင်းတွေနဲ့စကားပြောဖြစ်တယ်၊ ဟိုပြောဒီပြောရင်းနဲ့ ရွယ်တူချင်း နှိုင်းယှဥ်ကြည့်မိတယ်၊ တချို့က ပြည်တွင်းမှာပဲရှိနေဆဲ၊ တချို့ ပြည်ပမှာ၊ တချ

By Moe Htet