ငွေကို အလုပ်ခိုင်းစေခြင်: ဖြုန်းတီးတာလား၊ ရင်းနှီးမြှုပ်နှံတာလား။

ငွေကို အလုပ်ခိုင်းစေခြင်: ဖြုန်းတီးတာလား၊ ရင်းနှီးမြှုပ်နှံတာလား။

ကျနော်ကတော့ အများအခေါ် ငွေဖြုန်းတဲ့သူတစ်ယောက်ပါ။ တော်ရုံသိပ်စဥ်းစားမနေဘူး။ ဒါကလဲ လက်ထဲမှာ ရှိနေသေးလို့လဲပါတယ်။ ဒါပေမယ့် ကျနော်ကျောင်းသားတစ်ယောက်၊ လူ ၅ယောက်နဲ့မျှနေနေတယ်။ အဝတ်ဆိုလို့ တစ်လမှတစ်ခါမဝယ်ဖြစ်တဲ့သူတစ်ယောက်၊ တန်ဖိုးရှိတဲ့အရာဆိုလို့ အလုပ်အတွက်အသုံးပြုတဲ့ Cameraနဲ့ဆက်စပ်ပစ္စည်းလေးတွေပဲရှိတဲ့သူတစ်ယောက်။

အခုနေ ကျနော့်လက်ထဲရှိတဲ့ပစ္စည်းတွေကို မိဘအိမ်မှာသာရှိဦးမယ်ဆို ခွင့်ပြုမလား၊ ခွင့်ပြုဖို့နေနေပါ။ ဒီတော့ ဒီဖြုန်းတီးခြင်းနဲ့ အကျိုးရှိရှိအသုံးချခြင်းကြားထဲက မျဥ်းပါးလေးကဘာလဲ။

ဆိုပါစို့ iPhoneတစ်လုံး။ iPhoneဆိုတာ ကြိုက်လို့ကိုင်တဲ့သူရှိတယ်၊ လိုလို့ကိုင်တဲ့သူရှိတယ်၊ Status ပိုင်ဆိုင်မှုတစ်ခုကို ပြချင်လို့ ကြွားချင်လို့ကိုင်တဲ့သူရှိတယ်။ ဘာရည်ရွယ်ချက်မှမရှိဘူး, ဖုန်းတစ်လုံးလိုတယ်၊ အကောင်းဆုံးက iPhoneဖြစ်တယ် ဒီအတွက် ကိုင်တဲ့သူလဲရှိတယ်။

တချို့အတွက်တော့ ဒါက ငွေဖြုန်းတီးတာပဲ၊ တချို့အတွက်တော့ ဒါက ရင်းနီးမြှုပ်နှံမှုတစ်ခု။ ကင်မရာအရည်အသွေးကောင်းတယ်၊ လုံခြုံစိတ်ချရတယ်၊ ပျက်ဖို့စိုးရိမ်နေစရာမရှိ၊ Apple ပစ္စည်းတွေနဲ့လဲရင်းနီးပြီးသားသူတွေအတွက်တော့ ဒါက top choice. တစ်ဖက်ကနေလဲ Apple က ဒီထက်ပိုပြီးတိုးတက်မလာတော့ဘူး။ အားလုံးဝိုင်းပြောနေရင်တောင် သူများမလုပ်သ၍ ကိုယ်လိုက်မလုပ်ဘူးဆိုတဲ့ပုံစံမျိုးလို့ ယူဆ မကိုင်တဲ့သူတွေလဲရှိတယ်။

ဒါသည် ဖြုန်းတီးခြင်းနဲ့ အသုံးချခြင်းကြားက စည်းပါးလေးတစ်ခု။


စည်းပါးလေး။

ဖြုန်းတီးခြင်းဆိုတာဘာလဲ။

ဒီပစ္စည်းက တန်ဖိုးတက်လာမှာမဟုတ်ဘူး၊ သင့်ရဲ့အရည်အချင်းကို မြှင့်တင်ပေးမှာမဟုတ်ဘူး၊ တန်ဖိုးမဲ့ယာယီပျော်ရွှင်မှုအတွက် သုံးစွဲတဲ့ပစ္စည်းတစ်ခုသာသာဖြစ်တယ်။ ဒါဆိုရင်တော့ ဖြုန်းတီးခြင်း။

ဥပမာ - ခုနလိုမျိုးကြွားဖို့လောက် အသုံးပြုကြတဲ့သူမျိုးတွေပေါ့။ နောက်ဆုံးပေါ်iPhoneအသုံးပြုတိုင်းကြွားဝါနေတာမျိုးမဟုတ်ဘူး၊ သို့သော် ဒီခံယူချက်နဲ့ ဝယ်ယူထားတဲ့သူတစ်ဦးဆိုရင်တော့ ကြွားဝါချင်ရုံပေါ့ဗျာ။

ကုန်ပစ္စည်းတွေအနေနဲ့ဆိုရင်လဲပဲ ထိုနည်းလည်းကောင်းပဲ။ အဝတ်အစား။ သင်က စျေးဝယ်တဲ့အခါ ဘာကိုကြည့်လဲ၊ ဘာပစ္စည်းဘာဒီဇိုင်းလဲဆိုတာကြည့်လား၊ Brandကိုကြည့်လား၊ အသားကိုကိုင်ကြည့်ဝတ်ကြည့်စမ်းကြည့်လား၊ Materialကိုကြည့်လား။

အပေါ်ယံကြိုက်တဲ့သူတစ်ဦးအတွက်တော့ ချည်သားနဲ့ပဲလုပ်ထားလုပ်ထား၊ လူလုပ်ချည်နဲ့ပဲလုပ်ထားလုပ်ထား ဘယ်အရေးပါပါ့မလဲ။ ထိုနည်းလည်းကောင်း Status တစ်ခုရယ်လို့မပြချင်တဲ့သူ၊ ချောင်ချိအိစက်မှုကိုသာလိုချင်တဲ့ ရေရှည်ကြာကြာခံဖို့သာမျှော်လင့်တဲ့သူတစ်ဦးအတွက်တော့ နာမည်ကြီးတံဆိပ်တွေက ဘယ်အရေးပါတော့မလဲ။

ဒီစည်းပါးလေးပါ။

သုံးစွဲခြင်းဆိုတာဘာလဲ။

ဒါက နေ့တူတကွဖြတ်သန်းရတဲ့ဘဝမှာ လိုအပ်တဲ့ပစ္စည်းတွေကို လိုအပ်သလို ဝယ်ယူတာဖြစ်တယ်။ ဥပမာ - ခုနက iPhone။ ကျနော်လဲစစသုံးသုံးချင်တော့ မလိုဘူး၊ သို့သော် အသုံးပြုနေရင်းနဲ့ တခြားဖုန်းတစ်လုံးကို ပြောင်းကိုင်တဲ့အခါ ဖုန်းအားစိတ်မချရတာတွေ၊ ကိုယ်နဲ့လိုက်ရာညီထွေမဖြစ်တာတွေ၊ လိုင်း၊ စသဖြင့် အခက်အခဲမျိုးစုံကြုံလာရတယ်။ အထူးသဖြင့် Cameraနဲ့ဆိုင်တဲ့အလုပ်တွေနဲ့ပဲလုံးပန်းနေတဲ့သူအဖို့ ကျနော့်အတွက်လိုလာတယ်။ ဖုန်းလဲတဲ့အခါလဲ ဒါပဲထပ်ဝယ်တယ်။

အစားအသောက်၊ ကျနော်မချွေတာဘူး။ ဝယ်စရာရှိတာဝယ်တယ်၊ စားသောက်တယ်။ စျေးကြီးလှသတဲ့ Restaurantတွေမှာ တော်ရုံမစားဘူး။ ကိုယ့်ဟာကိုယ်ချက်စားတယ်။ ဒါပေမယ့် ပစ္စည်းကောင်းသုံးတယ်။ Organic, Unprocessed, Homemade ဒါတွေနဲ့ပဲ။ ဒီတော့ကျနော်ဖြုန်းတီးတာလား သုံးစွဲတာလား။

ဒီ 'Restaurant'ဆိုတဲ့ထဲမှာကို စည်းပါးလေးကရှိစမြဲပဲ။ ကိုယ်က စကားပြောချင်တယ်၊ မီတင်ထိုင်ချင်တယ်၊ Dinnerစားချင်တယ်။ စာချုပ်ချုပ်ချင်တယ် အတည်ပြုချင်တယ် စသဖြင့် ဒီကုန်ကျစရိတ်နဲ့ ရလိုက်နိုင်တဲ့အကျိုးအမြတ်က အဆမတန်မြင့်မားတယ်။ ဒါဆိုရင်တော့ သုံးစွဲတာပဲ။ သို့သော် ဒီလိုမဟုတ်၊ စျေးကြီးပေးဝယ်ရတဲ့ဆိုင်တွေမှာ တမင်စားတယ် သုံးနိုင်လို့ သုံးနိုင်ကြောင်းပြချင်လို့ စသဖြင့်ဆိုရင်တော့ ဒါက မလုပ်သင့်တဲ့ကိစ္စမျိုး။ ဖြုန်းတီးခြင်းဖြစ်တယ်။

ဒီတော့ဘယ်လိုခွဲခြားမလဲ။

ကျနော်ကတော့ ဘာပစ္စည်း ဘာအလုပ်ပဲလုပ်လုပ် အတိအကျလုပ်ပါတယ်။ ငါသုံးလိုက်ရင် ဘာဖြစ်သွားမလဲ၊ ဘယ်သူတွေ ကောင်းသွားမလဲတိုးတက်သွားမလဲ၊ လက်ငင်းအကျိုးဘာရနိုင်လဲ၊ ရေရှည်ဘာအဆင်ပြေနိုင်မလဲ။ ဒီလိုနဲ့ပဲဝယ်ယူပါတယ်။


Investing in your System

ဒီတော့ ဖြုန်းတီးတာနဲ့သုံးစွဲတာကို ဘယ်လိုမျိုးခွဲခြားကြမလဲ။ ဒါက ကိုယ့်အပေါ်ပဲမူတည်တယ်။

ပျင်းရိခြင်းနဲ့ Frictionဆိုတာဒွန်တွဲနေတဲ့အရာတစ်ခု။ ကိစ္စတစ်ခုကိုလုပ်ချင်တယ် သို့သော်တားဆီးနေတယ်။ မလုပ်ဖြစ်ဘူး။ ဆိုပါစို့ ကျနော်က ဂစ်တာတီးတယ်။ တီးရတာလဲကြိုက်တယ် ဆိုရတာလဲကြိုက်တယ်။ ဒါပေမယ့် ကျနော်ဖုန်းလေးနဲ့ပဲအသံသွင်းလို့ရတယ်။ ဂီတာကလဲမကောင်းဘူး၊ အိုးမကောင်းဘူး။ တစ်ခါတစ်ခါအသံသွင်းချင်တယ် Videoလေးတင်ချင်တယ်ဆိုရင် ငွေစုရတယ် အသံသွားသွင်းရတယ်။

အချိန်ကြာတယ်၊ ငွေကုန်တယ်၊ ကြာလာတော့ ဝါသနာထက်ကို ငွေကုန်လူပင်ပန်းတဲ့ကိစ္စကြီးတစ်ခုမို့မလုပ်ချင်တော့ဘူး၊ စိတ်ပါတဲ့အချိန် စျန်ဝင်နေတဲ့အချိန် သီချင်းလေးရေးချင်တယ်၊ အဆိုတော်တွေအသံသွင်းသလိုမျိုးမလှပရင်နေပါစေ၊ အနည်းဆုံးတော့ ကိုယ့်အနုပညာလေးပေါ်အောင် ကိုယ့်ခံစားချက်လေးတွေပြသနိုင်အောင် ကိုယ်ဖန်တီးချင်တယ်။ သို့သော် ပြဿနာက ဒီလိုလုပ်ဖို့ကို သိပ်ခက်ခဲနေတယ်။ ကြာလာတော့မလုပ်ဖြစ်တော့ဘူး ပင်ပန်းလာတယ်။

ဒီလိုနဲ့ သီချင်းမဆိုဖြစ်တော့တဲ့ ကိုယ့်မိတ်ဆွေတွေရှိမှာပါ။

ကျနော်အပါအဝင်တချို့တွေ ဓာတ်ပုံရိုက်ဝါသနာပါတယ်၊ ရိုက်ချင်တယ်။ Cap Cutတို့ Picsartတို့ကနေစလို့ ဖုန်းကင်မရာတစ်လုံးကို ဘယ်လောက်ကြီးပဲ စျေးပေါပေါ ရအောင် လေ့လာတယ် ဆည်းပူးတယ်။ ဒါပေမယ့် ဘယ်တူမှာလဲဗျာ၊ ရုပ်ထွက်ရော၊ ရိုက်ကူးရတာရော၊ ပုံတစ်ပုံအတွက် အခြေခံကျတဲ့ Setting လေးနည်းနည်းပါးပါးချိန်ဖို့အတွက်ကို ခဲရာခဲဆစ်ကြိုးစားနေကြရတာတွေရော။ ရှိဖို့ကျတော့လဲ စျေးတွေက မတန်တဆေး။ သာမန်ဝန်ထမ်းတစ်ဦးအတွက် လုပ်ခလစာ ၆လ တစ်နှစ်စာ။ ကိုယ်က Videoတွေရော ပုံတွေရောရိုက်ချင်တယ်၊ အသံလေးလဲကောင်းချင်တယ်၊ ရုပ်ထွက်လေးလဲမဆိုးချင်ဘူး။

ဒီလိုနဲ့ပဲ ဝါသနာတွေကို မျိုသိပ်ထားလိုက်ရတယ်။ ရင်းရဲ့တဲ့သူ သို့မဟုတ် ရင်းနီးလောက်တဲ့အထိ ငွေကြေးအဆင်ပြေတဲ့သူတွေမှပဲ ဒီကိစ္စတွေဆက်လုပ်နိုင်တော့မယ်။

ကျနော်အခုစာရေးတယ်။ အရင်တုန်းကဆို စာတွေအများကြီးမရေးနိုင်ဘူး။ ဘာလို့ဆိုတော့ Laptop ကမကောင်းဘူး။ Screen ကအကြာကြီးကြည့်နေရင် ခေါင်းမူးတယ်။ ကိုယ်တိုင်လဲ မျက်မှန်တပ်ရတဲ့သူဆိုတော့ ပိုဆိုးတယ်။ လက်ညောင်းတယ်။ Laptopကမကောင်းတော့ သုံးတာကြာလာရင် တစ်ခုလုံးပူတက်လာတယ်၊ အလုပ်များတဲ့နေ့တွေဆို လက်တွေနီရဲနေတာပဲ။ စာမရေးဖြစ်ဘူး၊ တစ်နည်း ကိုယ့်အလုပ်ထိခိုက်တယ်။

ဂီတာကြိုးပြတ်မှာစိုးနေရင်၊ ဖုန်းနှေးနေရင်၊ ကင်မရာကစိတ်မချရရင် သင့်ရဲ့ ဦးနှောက်က အလုပ်အပေါ်အာရုံစိုက်နေရမယ့်အစား ဒီဟာပျက်သွားမလား ဆိုတဲ့ စိုးရိမ်စိတ်ပေါ်မှာ စွမ်းအင်တွေဖြုန်းတီးပစ်ရလိမ့်မယ်။

ဒါတွေအားလုံးက 'Friction' အတားအဆီးတွေရှိနေရင် ပျင်းတဲ့စိတ်ကအလွယ်တကူအနိုင်ယူသွားတတ်တယ်၊ တစ်နည်း အလုပ်ပြီးမြောက်မှုမရှိ။

ကျနော့်ရဲ့ဝယ်ယူခြင်းအနုပညာ

မချွေတာသင့်တာချွေတာမိတာတွေ၊ မဝယ်သင့်တာဝယ်ခဲ့မိတာတွေ၊ နှစ်ခါ သုံးခါ ထပ်တလဲလဲဝယ်ရတာတွေ၊ အောင့်အီးသည်းခံပြီးတော့မှ ဝယ်ယူဖို့ဆုံးဖြတ်ခဲ့ရတာတွေ ဒါတွေအားလုံးက ကျနော့်ငယ်ဘဝအကျဥ်းချုပ်ပါ။

ကျနော်ပြောင်းလဲလာတယ်။ ငွေကိုမရှိရှိတာရှာကြံသုံးခဲ့ရတာတွေရော သုံးသင့်သလောက် သုံးခဲ့ရတာတွေကောရှိပြီးနောက် ငွေဆိုတာအသုံးချဖို့ဆိုတာသိလာတယ်။ ကျနော်ပစ္စည်းတွေဝယ်တာက Motivationရဖို့မဟုတ်ဘူး၊ Motivationမရှိချိန်မှာတောင် အလုပ်ဆက်လုပ်နိုင်ဖို့ Frictionကိုလျှော့ချနိုင်ဖို့ပါပဲ။

ဒါက ဖြုန်းတီးခြင်းမဟုတ်ဘူး၊ စနစ်တစ်ခုအတွက် ရင်းနီးမြှုပ်နှံခြင်းဖြစ်တယ်။


ကျနော့်ရဲ့ ဖြုန်းတီးခြင်း ပေါင်းချုပ်

ကျန်းမာရေးနဲ့ Skincare

ဒါကတော့ လူတိုင်းနဲ့ Relateလုပ်လို့ရပါလိမ့်မယ်။ အထူးသဖြင့် လှချင်ပချင်တဲ့ကိုယ့်မိတ်ဆွေတွေနဲ့။ အရင်တုန်းကဆို ကျနော် သာမန်ငါးထောင် ၁သောင်းတန် လိုးရှင်းလေးတွေ မျက်နှာသစ်ဆေးလေးတွေနဲ့ပဲ သုံးတယ်။ အသားအရည်ကြမ်းတယ်မလှဘူး။ Confidentမရှိဘူး။

အင်္ကျီအဝတ်အစားဆိုလဲပဲ သေးနေပြီ၊ လည်ပင်းမှာဆို ရိနေပြီ၊ အပေါက်တွေနဲ့၊ အသစ်ထပ်မဝယ်ဘူး (ဒီတစ်ချက်ကတော့အခုထိလဲတူတူပါပဲ)။ ကြာလာတော့ ခန္တာကိုယ်က လိုက်ရောညီထွေဖြစ်အောင်နေထိုင်ရင်း အလိုလိုပင်ပန်းနေတယ်။ ဒီလိုနဲ့ ကျနော်စတင်ပြောင်းလဲလာတယ်။ Skincare တွေဝယ်ယူတယ်။

Cleanser, moisturiser, treatmentတစ်ခုခု၊ lotion, စသဖြင့် လိုအပ်သလောက်ဝယ်တယ်။ အိပ်ခါနီး ၅မိနစ်၊ မနက် ၅မိနစ် အချိန်ကုန်ခံတယ်။ Resultကတော့ သန့်ရှင်းတယ်၊ အသားအရည်ချောမွတ်တယ် ဝက်ခြံမပေါက်ဘူး။ ရွှေလိုဝင်းမနေရင်တောင် ချောမွတ်မနေရင်တောင်မှ ကိုယ့်ကိုယ်ကိုစိတ်ကျေနပ်မှုရှိတယ်။ ငွေကုန်ကြေးကျသိပ်မများ အချိန်သိပ်မကုန်ဘဲနဲ့ ထိန်းသိမ်းနည်းဆိုတော့ အဆင်ပြေတာပေါ့။

တချို့အတွက်တော့ ဒီထက်ပိုလိုချင်လိုမယ်။ သို့သော် ဒီထက်ကို ပစ္စည်းအမျိုးအစားပေါင်းများစွာ အဆင့်ပေါင်းများစွာနဲ့ အချိန် နာရီနဲ့ချီတော့ ကုန်ဖို့ လိုမယ်မထင်ဘူး။ ဘယ်ပစ္စည်း ဘယ်နသိန်းဖိုး ဘယ်ပစ္စည်း ဘာဘရန်းစသဖြင့် လိုအပ်ချင်မှလိုအပ်ပါလိမ့်မယ်။ ဒါကတော့ အပိုတွေ၊ ဖြုန်းတီးမှုတွေလို့ပဲ ကျနော်နာမည်တပ်ချင်ပါတယ်။

ထိုနည်းလည်းကောင်း အသားအရည်ဆိုတာက ကျန်းမာရေးနဲ့ဆိုင်တယ်။ နေ့တိုင်းအစပ်တွေ မသန့်ရှင်းတဲ့လမ်းဘေးအစားအစာတွေစားသုံးပြီးမှ အသားအရည်လှတဲ့ဝက်ခြံမထွက်တဲ့Skincareတွေလုပ်နေရင်တော့ မထူးဘူး။ ခန္တာကိုယ်ပိန်တယ်၊ သို့သော် ပိန်လှီပြီး ကျန်းမာရေးပါထိခိုက်လာတယ်၊ လူတိုင်းလုပ်တဲ့အလုပ်မလုပ်နိုင်တော့ဘူး။ ဒါဆိုရင်လဲ Skin careဘယ်လောက်လုပ်လုပ် လှလာမှာမဟုတ်၊ ဒါကိုဆိုလိုတာပါ။

အစားအသောက်ကောင်းကောင်းစားပါ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ Organic, Whole foodစသဖြင့် မပြုပြင်ထားတဲ့ သဘာဝအစားအသောက်တွေကိုပိုမိုစားသုံးပါ၊ အစပ်လျှော့စားပါ၊ အသုပ်တို့အချဥ်တို့စသဖြင့် လမ်းဘေးစာမျိုးမစားသုံးပါနဲ့၊ သင့်ခန္တာကိုယ်က ကျေနပ်မှာပါ၊ သင့်ရဲ့ Skincareဖိုးတွေက 'ဖြုန်း'ရာမကျတော့ဘဲနဲ့ 'သုံး'တာဖြစ်သွားမှာပါ။


အလုပ်အတွက်ရင်းနီးမြှုပ်နှံမှု။

ဒါက ဘာပစ္စည်းလဲ: ကျနော့်လိုမျိုး ဗိသုကာကျောင်းသားတစ်ဦးလဲဖြစ်၊ filmmakerတစ်ဦးလဲဖြစ်၊ Contentဖန်တီးသူတစ်ဦးလဲဖြစ်တဲ့သူတစ်ဦး Social mediaတို့Creative Mediaတို့နဲ့ပတ်သက်လို့ အကုန်လုံးနီးပါး ကြိုးစားလုပ်ကိုင်နေတဲ့သူတစ်ဦးအဖို့ ကျနော့်ရဲ့စားပွဲကအရေးပါဆုံးပါ။

စားပွဲမှာ ထိုင်ခုံကောင်းကောင်းတစ်လုံး၊ ဘာလာလာအဆင်ပြေတဲ့Laptop၊ လျှင်မြန်တဲ့ဖုန်းတစ်လုံး၊ iPadတစ်ခု၊ ကင်မရာနဲ့ဆက်စပ်ပစ္စည်းလေးတွေ အစုံပဲပေါ့။

ဥပမာ ကျနော် ကျောင်းအတွက် Essayရေးမယ်ဆိုရင် Essayနဲ့သက်ဆိုင်တဲ့စာလေးတွေကို ယှဥ်ဖတ်ရတယ်၊ တစ်ဖက်ကလဲ ကျောင်းကပေးထားတဲ့စာလေးတွေကို ကူးရေးရမယ်၊ ဒီလိုလေးတွေဆို သေချာပေါက်ကို ဒီ'အလုပ်တွင်တဲ့စားပွဲခုံ'ကလိုကိုလိုအပ်ပါပြီ။

ဒီပစ္စည်းတွေမရှိဘူး၊ ကျနော်ခရီးသွားနေတယ်၊ ဟိုတယ်ရောက်နေတယ်၊ ညအိပ်ရတယ်ဆိုတဲ့အချိန်မျိုးတွေဆို လုပ်နေကြဘာအလုပ်တစ်ခုမှလုပ်လို့မရပါဘူး၊ လုပ်ရင်တောင်မှ မပြီးပါဘူး၊ ဘာတစ်ခုမှအဆင်မပြေပါဘူး ဒါမျိုးပေါ့။ သည်းခံပြီး ပါသလောက်ပစ္စည်းလေးတွေနဲ့လုပ်လဲ ပုံမှန် အလုပ် ၁၀ခုပြီးရင် သူနဲ့ဆို ၂/၃ခုလောက်တောင်အနိုင်နိုင် ဒါမျိုးပါ။

ဘာကြောင့် ဖြုန်းတီးတာ မဟုတ်တာလဲ: ကီးဘုတ်ကောင်းကောင်းက စာရိုက်တဲ့ဖြစ်စဥ်ကို ကျေနပ်စရာဖြစ်စေတယ် လွယ်ကူစေတယ်။ ရေးချင်တဲ့အကြောင်းအရာအတိုင်း လက်ကအလွယ်တကူလိုက်ရိုက်ရုံပါပဲ။ နားကြပ်ကောင်းကောင်းရှိခြင်းက အခန်းဖော်တွေရဲ့ ဆူညံသံကိုလျှော့ချပေးတယ်၊ Cameraလေးက ရိုက်ကူးရေးကို အင်မတန်လွယ်ကူကောင်းမွန်စေတယ်။ ဒီပစ္စည်းတွေက ကျနော့်ရဲ့ ဦးနှောက်ကို အတားအဆီးအနှောက်အယှက်မရှိလုပ်ခွင့်ပေးတယ်။ ဦးနှောက်စွမ်းရည်ကို အပြည့်အဝအသုံးချနိုင်တယ်။


အားပြန်ပြည့်စေတဲ့ရင်းနီးမြှုပ်နှံမှု

ဒါက လူတွေအထင်မှားဆုံး ရင်းနီးမြှုပ်နှံမှု။ ကျနော့်အတွက်တော့ဒီပစ္စည်းတွေက Cameraတွေ Lensတွေ ရုပ်ရှင်ရိုက်ကူးတဲ့ပစ္စည်းတွေပါပဲ။

ဒီပစ္စည်းတွေက ကျနော့်ရဲ့အဓိကအလုပ် (ဗိသုကာ)အတွက် မဟုတ်ပါဘူး။ ကင်မရာလေးက ကျနော့်ကို အပြင်ထွက်ဖို့၊ ဇာတ်လမ်းလေးတွေရေးသားဖို့၊ ကဗျာဆန်ဆန်ဖန်တီးမှုလေးတွေလုပ်ဖို့၊ ဦးနှောက်ရဲ့မတူညီတဲ့အစိတ်အပိုင်းကိုအသုံးပြုဖို့ တွန်းအားပေးတယ်။

ငှက်ကလေး ၂ ကောင် အသိုက်ဆောက်နေကြတယ်၊ ငှက်မလေးက ကလေးလေးတွေကိုစောင့်ရှောက်နေတယ်၊ ငှက်ထီးလေးက အစာထွက်ရှာနေတယ်၊ သို့မဟုတ် ကောင်မလေးတစ်ယောက်က အရမ်းလှတယ်။ အစားအသောက်တစ်ခုက အရမ်းစားချင်စရာကောင်းတယ်။ နေဝင်ချိန်နေခြည်ဖြာလေးက ကင်မရာပေါ် ဖြန်းပက်နေတယ် ဒီလိုမျိုးရုပ်ရှင်ဆန်တဲ့ရိုက်ချက်လေးတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်အားဖြည့်ခြင်းပါပဲ။

ဒါက ပျင်းစရာကောင်းတဲ့အလုပ်ကို စွမ်းအားအပြည့်နဲ့ပြန်လာနိုင်စေတယ်။ အားပြန်ပြည့်စေတဲ့ရင်းနီးမြှုပ်နှံမှုတစ်ခုဖြစ်တယ်။


Conclusion

ဒီလိုရင်းနီးမြှုပ်နှံမှုတွေကကောင်းတယ်၊ High Risk High Rewardလိုတော့ ကျနော်ပြောချင်ပါတယ်။ ဆိုလိုတာကတော့ ရင်းနီးမြှုပ်နှံတယ်လို့ဆိုပြီး ၁၀၀၀ မှာ ၁ ကျပ်ပဲ ရင်းနီးမြှုပ်နှံတာမျိုးပါ၊ ဒါကတော့ဘယ်ထိရောက်ပါ့မလဲ။ ရင်းနီးသင့်သလောက်ရင်းနီးဖို့ ဖြုန်းသင့်သလောက်ဖြုန်းဖို့ပါ။ ဘာပဲဝယ်ဝယ် အချိန်ခဏစောင့်ဆိုင်းပါ၊ စဥ်းစားပါ၊ တခြားသောဝယ်စရာပစ္စည်းလေးတွေကို ဖွေရှာပါ တစ်ဆင့်ခြင်းစီဝယ်ယူပါ၊ ပစ္စည်းအစုတ် ၁၀ ခုထက် ပစ္စည်းအကောင်းတစ်ခုကပိုကောင်းပါတယ်။

သို့သော် ဖြုန်းသင့်သလောက်ဖြုန်းပါ။ နည်းလမ်းမှန်မှန်နဲ့ဖြုန်းပါ။ အစားအသောက်တွေ နင်းကန်စားပစ်ပါ၊ ကစားကွင်းသွားပါ၊ သူငယ်ချင်းတွေနဲ့ခရီးထွက်ပါ၊ ဒါတွေက ကိုယ့်ကို ပညာတော်လာစေမှာမဟုတ်ဘူး၊ သို့သော် လူကောင်းဖြစ်ပါစေလိမ့်မယ်။

ချွေတာတယ်ဆိုတာက ငွေကို နည်းနိုင်သမျှနည်းအောင်အသုံးပြုတာမဟုတ်ပါဘူး၊ လိုအပ်သလောက်ရင်းနီးမြှုပ်နှံတာပါ၊ သုံးသင့်တာသုံးပါ ဖြုန်းသင့်တာဖြုန်းပါ။ ငွေကိုအသုံးချပါ ခိုင်းစေပါ ငွေရဲ့ကျေးကျွန် မဖြစ်ပါစေနဲ့။

ကျနော်လဲတစ်ချိန်က ငွေရဲ့ကျေးကျွန်ဖြစ်ခဲ့ဖူးပါတယ်၊ မိုးမအိမ်မက်တွေကြားက ရုန်းထွက်ခဲ့ရတယ်ပေါ့ဗျာ။


Read more

ပျင်းနေလျက်အလုပ်ပြီးမြောက်ခြင်း

ပျင်းနေလျက်အလုပ်ပြီးမြောက်ခြင်း

အခုလောလောဆယ် ကျနော်ကျောင်းမှာထိုင်နေတယ်၊ အချိန်ကတော့ ည ၁ နာရီ။ အိပ်ချင်နေပြီ သို့သော် စာဆက်ရေးနေသေးတယ်၊ သံစဥ်လေးတွေနားထောင်နေတယ်၊ စာဆက်ရေးစာဆက်လုပ်နေ

By Moe Htet
Dissertation လမ်းညွှန်- Choosing a topic

Dissertation လမ်းညွှန်- Choosing a topic

တတိယနှစ်ထဲမဝင်ခင်မှာတင်ကို ကျောင်းမှာ Essayတွေရေးသားခိုင်းပါတယ်။ စာလုံးရေ ၁၂၀၀၊ ၁၅၀၀ အခု ၂၀၀၀။ Essayတစ်ပုဒ်ပဲထပ်ရတယ်။ ဘာစာမေးပွဲမှမရှိ။ Assignment တွေမရှိ။ 100% Gradedဖြစ်တယ်။ ဆိုလိုတာက သူ့ကိုကျရင်

By Moe Htet