နိုင်ငံခြားကျောင်းစရိတ်ကို ဘယ်လိုလျှော့ချမလဲ- တကယ့် Trade-Off များဆိုင်ရာ လမ်းညွှန်

This article is also available in [English]
"အချိန်အကုန်မခံချင်ကြတဲ့သူတွေ၊ ငွေကြေးချွေတာချင်တဲ့သူတွေ၊ နဂို qualification မပြည့်စုံတဲ့သူတွေအတွက် ကျောင်းတက်ဖို့ခက်ခဲလာတယ်။ အဓိကကတော့ငွေပေါ့။ ဒီတော့ ဘယ်လိုလျှော့ချလို့ရနိုင်မလဲ။ စရိတ်လျှော့ချမှုမှာ ဘယ်လိုတွေထိခိုက်မှုရှိနိုင်လဲ။"
နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ဆိုတဲ့ အခြေအနေဆိုတာ ကျောင်းသားအရွယ်လူငယ်တိုင်းရွေးချယ်ဖို့ စဉ်းစားနေတဲ့အလုပ်တစ်ခုပါ။ ဆင်းရဲချမ်းသာ ဘယ်သူမဆို သွားတက်ချင်ကြတာပဲ။ ဒီလိုအချိန်မှာ ကျောင်းတက်ဖို့ ငွေကြေးတွက်ကြည့်တဲ့အခါ သိပ်ကိုများပြားနေတယ်။
ပုံမှန်လမ်းကြောင်းအတိုင်း O level, A level ပြီးရင် နိုင်ငံကြီးက ထိပ်တန်းကျောင်းကိုတက်မယ်။ ၃/၄နှစ်အကြာ Bachelor ယူမယ်။ ဘွဲ့ရမယ်။ သိပ်အဆင်ပြေတယ်။ ပိုက်ဆံရှိရင်ပေါ့။ ဒီလိုမျိုးလမ်းကြောင်းကို အေးအေးဆေးဆေးသွားနိုင်တဲ့သူဆိုတာ ရှားတယ်။
Q. Scholarship နဲ့ဆို အဆင်ပြေနိုင်ပါ့မလား
Online ပေါ်မှာ scholarship နဲ့ပတ်သက်တဲ့ post တွေ အတော်များများ မြင်ဖူးပါတယ်။ စစချင်းဖတ်ကြည့်လိုက်ရင်တော့ ကျောင်းကောင်းကောင်းမှာ လူတိုင်းဘယ်သူမဆို ရနိုင်တဲ့ကိစ္စမျိုးလို့ထင်ခဲ့တယ်။ သို့ပေမယ့် ဒီကျောင်းဝင်ခွင့်ရထားမှ Scholarship အတွက် လျှောက်လို့ရမယ်။ ဒီလိုမျိုးနဲ့ ကျောင်းဝင်ခွင့်ကိုကြည့်လိုက်ပြန်တော့ အတော်လေးအမှတ်ကောင်းဖို့ လိုနေတယ်။ ဒီအပြင် အခြားသော condition လေးတွေက လူတိုင်းအတွက်မဖြစ်နိုင်တဲ့အခြေအနေမျိုးဆိုတာကိုသိလိုက်တယ်။
နိုင်ငံအလိုက်ပေးကြတဲ့ scholarship တွေလဲရှိသလို ကျောင်းတွေ private အဖွဲ့အစည်းတွေက ပေးကြတဲ့ scholarship မျိုးတွေလဲရှိတယ်။ Scholarship ဆိုတာက တော်ရုံသူ ဘယ်သူမဆို ရတဲ့ကိစ္စမဟုတ်ဘူး။ နိုင်ငံခြားမှာကျောင်းတက်ချင်တယ် ငွေလဲမကုန်ချင်ဘူး ဒီလိုသူတွေအတွက် Scholarship ဆိုတဲ့ option ကိုစဉ်းစားလာကြတယ်။
ကျောင်းလာတက်တဲ့သူတိုင်းကို ပေးတဲ့ Scholarship မျိုးကနေပြီးတော့ နေစရိတ်၊ စားစရိတ်၊ ကျောင်းစရိတ်၊ အသုံးစရိတ်ပါအပြည့်အဝပေးချေပေးကြတဲ့အထိ scholarship တွေရှိတယ်။ သို့ပေမယ့် ပိုပြီးတော့ ကောင်းလေလေ ရနိုင်ချေနည်းလာလေလေပါပဲ။
တွေးစရာကိစ္စရပ်များ
- ဒီ Scholarship ကိုသာရခဲ့မယ်ဆိုရင် ကိုယ့်ဘက်ကနေပြီးတော့ ဘာတွေပြန်လည်ပေးဆပ်ရမလဲ။
- Scholarship ရဲ့ terms and conditions တွေကဘာလဲ။
- သာမန်ကျောင်းသွားတက်တဲ့သူတစ်ယောက်နဲ့ Scholarship ရထားတဲ့သူတစ်ယောက် ဘာကွာလဲ။
- ဘယ်လိုအခြေအနေတွေမှာ ဒီ scholarship ကို ပြန်လည်ရုတ်သိမ်းနိုင်လဲ။
- scholarship ကရတဲ့ငွေနဲ့ထောက်ပံ့ကြေးက ဘယ်နေရာမှာ ဘယ်လိုမျိုးအသုံးပြုနိုင်လဲ။
Terms and Conditions တွေဘယ်လိုမျိုးရှိတတ်လဲ ကိုယ်က ကျောင်းတက်နေတဲ့ကာလတစ်လျှောက်သူတို့တောင်းဆိုတဲ့အနည်းဆုံးအမှတ်သတ်မှတ်ချက်အောက် ကျမသွားဖို့အရေးကြီးတယ်။ Conditions လေးတွေရှိတတ်တာကတော့ Discipline ရှိရမယ် On campus off campus ဘယ်နေရာမဆို behave နိုင်ရမယ်။
ကိုယ်က မူးယစ်ဆေးတွေသုံးစွဲနေတယ်၊ ကျောင်းရဲ့စည်းမျဉ်းတွေကိုမလိုက်နာဘူး။ အတန်းတွေပုံမှန်မတက်ဘူး။ သိသာထင်ရှားတဲ့ ကိစ္စရပ်တွေရှိသလို ကိုယ်မသိလိုက်ခင်မှာပဲ scholarship ပြန်ပြီးရုတ်သိမ်းခံရတာမျိုးတွေလဲရှိတယ်။ ရုတ်သိမ်းခံရတာဆိုတာက ကျောင်းလခတွေသွင်းရမယ် မသွင်းရင် ကိုယ့်ကို transfer ခွင့်မပေးဘူး ဒီလိုမျိုးတွေပေါ့။
ဒီတော့ ရတဲ့သူတွေတောင် ချင့်ချိန်စဉ်းစားပြီးမှ Scholarship ကိုလက်ခံကြပါတယ်။ သြော် ပြီးတော့ Scholarship ဆိုတာ လူအများကြီးထဲကမှ လက်ချိုးရေလို့ရတဲ့ပမာဏကိုပဲရွေးကြတာပါနော်။
Student Loan၊ Financial aid နှင့် Bursaries များ
ကျောင်းကဖြစ်စေ အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ ပေးအပ်တဲ့ဟာမျိုးဖြစ်တယ်။ ကိုယ်တိုင်မလုပ်ဖူးတော့မသိပါဘူး။ သို့ပေမယ့် နိုင်ငံခြားကနေလာတက်တဲ့ကျောင်းသားတစ်ယောက်က ငွေချေးပြီး ကျောင်းတက်လို့ရတာမျိုးရှားပါတယ်။ မရှိသလောက်ပါပဲ။
UK ကျောင်းတွေကနေဖြစ်စေ အဖွဲ့အစည်းတွေကနေဖြစ်စေ သီးသန့်လုပ်ကြတဲ့ scholarship တွေ scheme တွေတော့ရှိပါလိမ့်မယ်။ ဒါမျိုးကြတော့ တစ်ကျောင်းချင်းစီပေါ်မူတည်တယ်။
Q. စျေးနည်းတဲ့နိုင်ငံတွေမှာလည်း အဆင့်ကောင်းတဲ့ကျောင်းတွေရှိတာပဲ၊ တက်လို့မရဘူးလား။
မလေးရှား၊ ထိုင်း၊ ဗီယမ်နမ်၊ စင်္ကာပူ စတဲ့ နီးစပ်တဲ့နိုင်ငံတွေမှာတင် ကျနော်လက်ရှိ UK မှာတက်နေတဲ့ကျောင်းထက် ပိုပြီး Ranking မြင့်တဲ့ကျောင်းတွေရှိပါတယ်။ စျေးလဲ ပိုနည်းတယ်။ နေစရိတ်စားစရိတ် စတာတွေလဲ ပိုနည်းတယ်။ ဒါမျိုးကို ဘာလို့မရွေးချယ်ခဲ့တာလဲ။
အကယ်၍ ကျနော်သာ ထိုင်းနိုင်ငံမှာသာကျောင်းတက်ဖြစ်ခဲ့မယ်ဆိုရင် ဒီအဆင့်မြင့်တဲ့ကျောင်းကိုတော့တက်ရမယ်။ သို့ပေမယ့်နိုင်ငံကထိုင်းဖြစ်နေဦးမယ်။ နိုင်ငံတစ်နိုင်ငံရဲ့လွှမ်းမိုးမှုက ကြီးပါတယ်။ ကိုယ်တက်နေတဲ့ကျောင်းက ဘယ်လောက်ကြီးပဲ Ranking ကောင်းနေပါစေ ကိုယ်ရှိနေတဲ့နိုင်ငံက ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံသာဆိုရင် ဘယ်လိုလုပ်မလဲ။
ထိုင်းမှာမို့လို့ ထိုင်းလူနေမှုအဆင့်အတန်း၊ ထိုင်းရဲ့ရာသီဥတုနဲ့လေထုအခြေအနေ၊ ထိုင်းရဲ့ ပတ်ဝန်းကျင်အနေအထား၊ လေ့လာသင်ယူနိုင်တဲ့ကိစ္စတွေနဲ့ ကိုယ်လုပ်ချင်တဲ့အရာတွေအတွက် တွန်းအားပေးမပေးဆိုတဲ့အခြေအနေ ဒါမျိုးတွေက စဉ်းစားစရာဖြစ်လာတယ်။
ထိုင်းမှာ part time အလုပ်လုပ်ခွင့်မရှိပါဘူး။ လူနေမှုအဆင့်အတန်းက Yangon နဲ့မခြားမနားပါပဲ။ ရာသီဥတုနဲ့လေထုအခြေအနေကတော့ တော်တော်လေးဆိုးတဲ့နိုင်ငံထဲမှာပါတယ်။ ပူတာအပြင် လေထုမကောင်းလို့ အသက်တောင်ကောင်းကောင်းရှူရှိုက်လို့မရနိုင်ပါဘူး။
ကိုယ်က ဥပမာ - Architecture နဲ့ပတ်သက်တဲ့ major တက်ချင်တယ်ဆိုရင် အဆောက်အဦးတွေလေ့လာရတာမျိုးဖြစ်စေ ထိုင်းနိုင်ငံကအဆောက်အဦးမှလွဲ၍ ဘယ်နိုင်ငံမှာမှ ကိုယ်တိုင်ကိုယ်ကျသွားပြီးလေ့လာဖို့ခဲယဉ်းပါတယ်။ ထိုင်းဖြစ်တဲ့အတွက် အလုပ်ဆိုရင်လဲ ထိုင်းစကားပြောတတ်မှရတဲ့အခြေအနေမျိုးဖြစ်ပါလိမ့်မယ်။
အလုပ်ရခဲ့ရင်တောင် ရနိုင်မယ့်လစာအခြေအနေက ဖွံ့ဖြိုးတိုးတက်ပြီးသားနိုင်ငံတစ်နိုင်ငံမှာရနိုင်တဲ့ ငွေကြေးထက် အဆပေါင်းများစွာပိုမိုနည်းပါးပါလိမ့်မယ်။ အကျဉ်းချုပ်ရရင် ထိုင်းမှာကျောင်းတက်တာက ကိုယ့်အနာဂတ်ရည်မှန်းချက်တွေအတွက် ဖြည့်စည်းဖို့ ခဲယဉ်းပါလိမ့်မယ်။ ကျနော်သာဆိုရင်ပေါ့။
Q. နိုင်ငံအကြီးတွေမှာ ဘာဖြစ်လို့ ကုန်ကျစရိတ်ကြီးတယ်လို့ပြောကြတာလဲ။ အတတ်နိုင်ဆုံးလျှော့ချနေထိုင်ရင်ကော ထိုင်းလောက်နဲ့တော့အနည်းဆုံးမတူနိုင်ဘူးလား။
UK
- ကျောင်းစရိတ် တစ်နှစ် £15000/year
- နေစရိတ်စားစရိတ် £15000 အကြမ်းဖျင်းတွက်လို့ရတယ်။
- Cost breakdown: £15000/year နဲ့ရတဲ့ ကျောင်းဆိုတာ စျေးနည်းတဲ့ကျောင်းထဲပါပါတယ် (UWE Bristol, University of Portsmouth, Oxford Brookes University)။ Ranking မြင့်တဲ့ ကျောင်းတွေဆိုရင်တော့ £20000 လောက်ကနေစပါတယ်။ တစ်လကို ပေါင် ၁၂၀၀ ဝန်းကျင်ဆိုတဲ့ နေစရိတ်စားစရိတ်က Oxford လိုစျေးကြီးတဲ့မြို့နဲ့ယှဉ်ရင်တော့ နည်းပါတယ်။ တော်တော်ကြီးကို ချွေတာနိုင်မှအဆင်ပြေမှာပါ။
ထိုင်း
- ကျောင်းစရိတ် = £3000- £6000 / year
- နေစရိတ် စားစရိတ် = £5000 - £8000 / year
- Cost Breakdown: ကျောင်းစရိတ်က private university တွေ၊ Ranking ထဲမှာတောင်မပါတဲ့ကျောင်းတွေဆိုရင်တော့ ဒီထက်နည်းပါလိမ့်မယ်။ Chulalongkorn University တို့လို ကျောင်းမျိုးဆိုရင်တော့ Major ပေါ်မူတည်ပြီး ဒီထက်များရင်လဲများပါလိမ့်မယ်။ နေစရိတ်စားစရိတ်ကတော့ တစ်ဦးချင်းပေါ်မူတည်ပြီး အရမ်းကွာပါတယ်။
Answer ယှဉ်ကြည့်ကြည့်ရင် ကုန်ကျစရိတ်က ၃ ဆနီးပါးကွာပါလိမ့်မယ်။ သို့ပေမယ့် အဆင့်ကျတော့မတိမ်းမယိမ်းဖြစ်နေတယ်။ အရေးကြီးတာအရေးကြီးသလိုရွေးချယ်ရတာမျိုးပေါ့ဗျာ။
Q. သိပ်နာမည်မကြီးတဲ့ ပြည်ပက Private university တွေ ရန်ကုန်မှာလာဖွင့်ကြတယ်။ တက်သင့်လား။
အခုနောက်ပိုင်း ကိုယ့်ဆီမှာ ဘာ qualification ရှိရှိ foundation လေးခဏလောက်တက်ပြီးရင် ပြည်ပမှာ University တက်လို့ရနေတဲ့ သင်တန်းတွေလာဖွင့်ကြတယ်။ နောက်ပိုင်းကျတော့မှ ဒီသင်တန်းတွေက နိုင်ငံခြားလဲမရောက်ဘူး။ ရောက်ခဲ့ရင်တောင် ဒီကျောင်းတွေက သိပ်ကောင်းတဲ့ကျောင်းတွေမဟုတ်လို့ ဘွဲ့ရပြီးအလုပ်မရဘူး။ တခြားကျောင်းတစ်ခုခုကို ပြောင်းချင်ရင်တောင် ပထမနှစ်ကနေ ပြန်ပြီးတက်ရမယ်။
ဒီလိုကျောင်းတွေရဲ့စရိတ်က "နိုင်ငံခြားထွက်လို့ရတယ်" ဆိုတာနဲ့အညီ စျေးတွေလဲတောင်းကြတယ်။ ဘယ်လောက်ပဲကြီးပါစေ နိုင်ငံခြားက ကျောင်းတွေလောက်မကြီးဘူး ဒီလိုနဲ့တက်ကြတယ်။
ဘာဆက်ဖြစ်မလဲဆိုတော့:
- အခက်အခဲ #၁: နိုင်ငံခြားတကယ်ထွက်လို့ရတယ်ထားဦး၊ ကျောင်းမကောင်းတော့ visa ခက်ခဲလိမ့်မယ်။
- အခက်အခဲ #၂: ကံကောင်းလို့ရောက်သွားခဲ့ရင် စာသင်တဲ့အခြေအနေက ကိုယ်မျှော်မှန်းထားသလောက်မကောင်းတာကို မြင်ရလိမ့်မယ်။
- အခက်အခဲ #၃: ကျောင်းပြောင်းချင်ရင်တောင် Year one အစကနေပြန်ပြီးတော့တက်ရလိမ့်မယ်။
- အခက်အခဲ #၄: ဘွဲ့ရလို့အလုပ်လုပ်ရှာရင်တောင် အလုပ်မရ၊ Visa မရနဲ့ အခြေအနေဆိုးရင် ရန်ကုန်ပြန်လာရမယ်။
အလုပ်လုပ်ပြီးကျောင်းတက်ရင် နေစရိတ်စားစရိတ်သက်သာနိုင်မလား။
မျှော်လင့်ချက်တွေသိပ်မထားတာကောင်းတယ်လို့ပဲ ကျနော်ပြောရလိမ့်မယ်။ နိုင်ငံအလိုက်၊ မြို့အလိုက်ကွာခြားနိုင်တယ်။ တွက်ကြည့်ချင်ရင်တော့-
- UK ဆို term time မှာ တစ်ပတ် နာရီ 20 အလုပ်လုပ်ခွင့်ရှိတယ်။
- အသက် 18-20 ဆိုတော့ တစ်နာရီအနည်းဆုံးလုပ်ခ £8.60 ရမယ်။
- ဒီတော့ တစ်လကို maximum £688 လောက်ပဲရနိုင်တယ်။ အများဆုံး ၁၀၀၀ဗျာ။
ဒီစရိတ်က စားစရိတ်ရယ် အိမ်လခအနည်းငယ်ပဲရှိပါတယ်။ ဒါတောင် အလုပ်ကသေချာပေါက် နာရီ ၂၀ အပြည့်ရမယ်၊ စရောက်ကတည်းကရမယ်လို့ မျှော်လင့်လို့မရပါဘူး။
နိဂုံး- ဖြတ်လမ်းမရှိ၊ စမတ်ကျသောဆုံးဖြတ်ချက်များသာရှိသည်
အားလုံးကတော့ ဖြစ်နိုင်တာနဲ့မဖြစ်နိုင်တာတွေ၊ ရင်းသင့်တဲ့အခြေအနေတွေ၊ ရင်းကိုရင်းရမယ့်အခြေအနေတွေကို စုစည်းထားပါတယ်။ ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်။
စျေးများတိုင်းမကောင်းနိုင်သလို စျေးနည်းတိုင်းမဆိုးနိုင်ပါဘူး။ သို့ပေမယ့်လဲ ကိုယ်ပေးသလောက်တော့ကိုယ်ပြန်ရမှာပါပဲ။ သတိလေးတော့ထားပေါ့ဗျာဘာလုပ်လုပ်။