Oxford Brookes ဗိသုကာပထမနှစ် - အမှန်တကယ်ကြုံတွေ့ရတဲ့ လက်တွေ့ဘဝ

Oxford Brookes ဗိသုကာပထမနှစ် - အမှန်တကယ်ကြုံတွေ့ရတဲ့ လက်တွေ့ဘဝ

(ဖတ်ရန်ကြာချိန် - ၁၅ မိနစ်)

This article is also available in [Burmese]

ပထမဦးဆုံးဒီရောက်ခဲ့တဲ့တစ်နှစ်တာက လွယ်ကူခဲ့လားဆိုတော့ မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် ဒီခရီးက ကျနော့်ကို ဘာတွေသင်ပေးခဲ့လဲ၊ Oxford Brookes လိုကျောင်းတစ်ကျောင်းရဲ့ ဗိသုကာပထမနှစ်က ဘယ်လိုပုံစံရှိလဲဆိုတာကို အနာဂတ်မှာ ဒီလမ်းကိုလျှောက်လှမ်းမယ့် ညီငယ်ညီမငယ်တွေအတွက်ရော၊ ဗိသုကာပညာကို စိတ်ဝင်စားသူတိုင်းအတွက်ပါ ဗဟုသုတအနေနဲ့ မျှဝေချင်ပါတယ်။

ဒါက တက္ကသိုလ် Propectus ထဲမှာ သင်တွေ့ရမှာမဟုတ်တဲ့အမှန်တရားတွေပါ။


အပိုင်း (၁) - ပညာသင်နှစ်ရဲ့ ဖွဲ့စည်းပုံ

ဗိသုကာပညာသင်နှစ်တစ်ခုက ရိုးရှင်းတဲ့ Semester နှစ်ခုထက် ပိုပါတယ်။ ဒါက စနစ်တကျတည်ဆောက်ထားတဲ့ ခရီးစဉ်တစ်ခုလိုပါပဲ။

  • Semester One (စက်တင်ဘာ - ဒီဇင်ဘာ): ဒါက အခြေခံအုတ်မြစ်ချတဲ့ ကာလပါ။ Architecture ရဲ့ အခေါ်အဝေါ်တွေ၊ အခြေခံသဘောတရားတွေနဲ့ ရင်းနှီးအောင်လုပ်ရတဲ့အချိန်ပေါ့။
  • Semester Two (ဖေဖော်ဝါရီ - မေ): ဒီမှာတော့ သင်သင်ယူခဲ့တဲ့ အခြေခံတွေကိုသုံးပြီး ကိုယ်ပိုင်ဖန်တီးမှုတွေ စလုပ်ရပါပြီ။

First Year တစ်ခုလုံးမှာ Module ၆ ခု (ARCH4001 ကနေ 4006 ထိ) သင်ရပါတယ်။ ဒါပေမယ့် စာသင်နှစ်က အပိုင်းလေးပိုင်းနဲ့ သွားပါတယ်။

  1. စူးစမ်းလေ့လာခြင်း (The Deconstruction Phase): ပထမဆုံးအနေနဲ့ ကျနော်တို့ကို နံရံတစ်ခုရဲ့ model အသေးစားလေးတစ်ခုကို ဖြိုခွဲခိုင်းပါတယ်။ ဘယ်လိုအစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားလဲ၊ ဘာပစ္စည်းတွေသုံးထားလဲ၊ ဘာကြောင့်ဒီလိုတည်ဆောက်ထားလဲဆိုတာကို ကိုယ်တိုင်မြင်အောင် လေ့လာရတာပါ။ ဒါက စာအုပ်ထဲကစာတွေကို လက်တွေ့နဲ့ချိတ်ဆက်ပေးတဲ့ ပထမဆုံးခြေလှမ်းပါ။
  2. အဖွဲ့လိုက်ဖန်တီးခြင်း (The Group Presentation Phase): နောက်တစ်ဆင့်ကတော့ အဖွဲ့လိုက် project ပါ။ နည်းပညာပိုင်းဆိုင်ရာထက် အချင်းချင်း ဘယ်လိုတိုင်ပင်မလဲ၊ ကိုယ့် idea ကို ဘယ်လိုတင်ပြမလဲ၊ အဖွဲ့လိုက် ဘယ်လိုအလုပ်လုပ်မလဲဆိုတာကို သင်ရတာပါ။
  3. တစ်ဦးချင်းဖန်တီးမှု (The Individual Work Phase): ဒီအဆင့်ရောက်မှ တကယ့်ကိုယ်ပိုင် design တွေ စတင်မွေးဖွားလာတာပါ။ ကိုယ့်ရဲ့အတွေးအခေါ်၊ ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ ကိုယ့်ရဲ့အချိန်ကို ဘယ်လိုအသုံးချမလဲဆိုတာက အဓိကကျလာပါပြီ။ ဒီနေရာမှာ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေက ပေါ်လွင်လာမှာပါ။
  4. ဖွံ့ဖြိုးတိုးတက်ခြင်း (The Development Phase): နောက်ဆုံးမှာတော့ ကိုယ့်ရဲ့ design ကို tutor တွေနဲ့ တိုင်ပင်ပြီး တဖြည်းဖြည်းပိုကောင်းအောင်လုပ်ရင်း အဆောက်အဦးတစ်ခုရဲ့ ဒီဇိုင်းအဖြစ် အပြီးသတ်ပုံဖော်ရပါတယ်။

အပိုင်း (၂) - သင်ကြားရေးပုံစံ (Lecture နှင့် Tutorial)

UK တက္ကသိုလ်တွေရဲ့ အဓိကအားသာချက်က သူ့ရဲ့သင်ကြားရေးပုံစံပါပဲ။

Lecture (သီအိုရီပို့ချခြင်း): ဒါကတော့ ကျောင်းသားအယောက် ၁၅၀ လောက်ရှိတဲ့ အခန်းကြီးထဲမှာ projector တွေနဲ့ သင်ကြားတာပါ။ ဒါပေမယ့် မြန်မာပြည်ကလို စာလိုက်ရေးနေရတာမျိုးမဟုတ်ပါဘူး။ ဆရာတွေက ရှေးဟောင်းအဆောက်အဦးတွေရဲ့ ဓာတ်ပုံတွေ၊ video တွေနဲ့တကွ "ဘာကြောင့် ဒီအဆောက်အဦးကို ဆောက်ခဲ့တာလဲ၊ ဘယ်ခေတ်ရဲ့ ဘယ်လိုနိုင်ငံရေးအခြေအနေက သူ့ဒီဇိုင်းကို လွှမ်းမိုးခဲ့သလဲ" ဆိုတာမျိုးတွေကို ဆွေးနွေးတဲ့ပုံစံနဲ့သင်တာပါ။ ကိုယ် design တစ်ခုလုပ်ဖို့ concept ရှာမတွေ့တဲ့အခါ ဒီ lecture တွေက အဖြေထုတ်ဖို့ ကူညီပေးပါလိမ့်မယ်။

Tutorial (လက်တွေ့လမ်းညွှန်ခြင်း): ဒါက စာမေးပွဲမဟုတ်ပါဘူး။ တစ်ပတ်တစ်ခါ ကိုယ်လုပ်ထားတဲ့ project ကို ဆရာနဲ့ အပြန်အလှန်ဆွေးနွေးရတာပါ။ အဖွဲ့ငယ် ၄-၅ ယောက်နဲ့ ကိုယ့် project ကို ပြရင်း အကြံဉာဏ်တောင်းရတာမျိုးပါ။

  • ကျောင်းသား: "ဆရာမ၊ ကျနော် ဒီအဆောက်အဦးကို ဒီလိုပုံစံလေးလုပ်ထားတယ်။ နည်းနည်းသေးသွားရင် ပိုကောင်းမလားမသိဘူး။"
  • Tutor: "ကောင်းပြီ၊ ဘာကြောင့်ဒီလိုပုံစံကိုရွေးခဲ့တာလဲ။ တခြားဘယ်လို material မျိုးသုံးလို့ရနိုင်သေးလဲ။ ဒီ design က မင်းပြောချင်တဲ့ concept ကို တကယ်ဖော်ပြရဲ့လား။ ဆရာသာဆိုရင်တော့ ဒီနေရာလေးကို ဒီလိုချဲ့ထွင်ပြီးစဉ်းစားကြည့်မယ်။ ဒါပေမယ့် ဒါက မင်းရဲ့ design ပဲ။ မင်းကိုယ်တိုင်ရှာဖွေပါ။ ဆရာက လမ်းပဲပြပေးမယ်။"

သူတို့က အဖြေကို တိုက်ရိုက်မပေးပါဘူး။ သင့်ကို မှန်ကန်တဲ့မေးခန်းတွေမေးပြီး ကိုယ့်အဖြေကိုယ်ရှာလို့ရအောင် လမ်းညွှန်ပေးတာပါ။ ဒါက critical thinking ကို အဓိကသင်ပေးတဲ့ အဖိုးတန်ဆုံးအချိန်ပါပဲ။

တချို့က ဒီအချိန်ကိုမုန်းတယ်။ မလိုအပ်ဘူးလို့ယူဆတယ်၊ တချို့က ကြောက်တယ်။ ကိုယ့်ရဲ့အတွေးအခေါ်တွေကို သူများဝေဖန်မှာမလိုလားဘူး။ ဒီလိုနဲ့ကျောင်းတွေပျက်၊ အတန်းတွေမလာ၊ စာမလိုက်နိုင်၊ Assignmentတွေမှာအမှတ်မကောင်း၊ နောက်ဆုံး စာမေးပွဲတွေကျ၊ ကျောင်းပါထွက်ရတဲ့အထိလဲ ဖြစ်ကြတာပါပဲ။


အပိုင်း (၃) - တစ်နှစ်တာ ကုန်ကျစရိတ် (ဗိသုကာကျောင်းသားအတွက် သီးသန့်)

ကျောင်းလခ (Tuition Fees) က သင်မြင်နေရတဲ့ ရေခဲတောင်ကြီးရဲ့ ထိပ်ပိုင်းလေးပဲရှိပါသေးတယ်။ ရေအောက်မှာမြုပ်နေတဲ့၊ သင့်ဘတ်ဂျက်ကို အပေါက်ဖြစ်စေနိုင်တဲ့ တကယ့်ကုန်ကျစရိတ်တွေကတော့ သင်နေ့စဉ်သုံးစွဲရမယ့် Digital နဲ့ Physical tool တွေပါပဲ။ ဒါကတော့ ဗိသုကာကျောင်းသားတစ်ယောက်အတွက် တစ်နှစ်စာ (52 ပတ်) ကုန်ကျနိုင်တဲ့ ပမာဏကို အကြမ်းဖျင်းတွက်ချက်ပြတာပါ။

၁။ နေရာထိုင်ခင်း နှင့် နေထိုင်စားသောက်စရိတ် (Accommodation & General Living):

  • နေရာထိုင်ခင်း (Standard En-suite): £200/week x 52 weeks = £10,400
  • နေထိုင်စားသောက်စရိတ် (အစားအသောက်၊ သွားလာရေး၊ ဖုန်း Bill): ~ တစ်ပတ် ၉၀ခန့်။ 4,570

၂။ ဗိသုကာကျောင်းသားတစ်ယောက်ရဲ့ ထပ်ဆောင်းကုန်ကျမှုများ (Architecture-Specific Expenses): ဒါကတော့ သာမန်ကျောင်းသားတစ်ယောက်နဲ့ သင့်ကို ကွဲပြားသွားစေမယ့် ကုန်ကျစရိတ်တွေပါပဲ။

  • ပုံနှိပ်ခြင်းနှင့် မော်ဒယ်ပြုလုပ်ခြင်း (Printing & Model Making): နောက်ဆုံး Final Crit မတိုင်ခင်ညမှာ A1 poster ၅ ချပ်ကို print ထုတ်ဖူးလား။ တစ်ချပ်ကို £4, စုစုပေါင်း £20 လောက်ကျတဲ့အခါ သင့်ဘတ်ဂျက်က ဘယ်လောက်မြန်မြန်ကုန်သွားလဲဆိုတာ သင်အံ့သြသွားလိမ့်မယ်။ Foam board တွေ၊ ကော်ဘူးတွေ၊ laser cutting စရိတ်တွေအပါအဝင် တစ်နှစ်စာအတွက် အနည်းဆုံး £400 လောက် သီးသန့်ဖယ်ထားသင့်ပါတယ်။
  • Software (Student Licenses):
    • Adobe Creative Cloud (All Apps): တစ်လ £16.24 နှုန်းဖြင့်: £16.24/month x 12 months = ~£195
    • Rhino 3D (Perpetual Student License): တစ်ကြိမ်တည်းပေးချေရုံဖြစ်ပေမယ့်၊ သင်မဖြစ်မနေလိုအပ်မှာပါ: £200ခန့်
    • Rendering Engines (V-Ray/Enscape Student): တစ်နှစ်စာ subscription: ~£100
    • (မှတ်ချက်: AutoCAD နှင့် Revit က ကျောင်းသားများအတွက် အခမဲ့ဖြစ်ပါတယ်)
    • ကျနော့်လိုမျိုး တခြားသော iCloud, Google Drive, Sound and Graphic Design, Apple One, Audible, .. စတဲ့ Subscriptionတွေယူရင်တော့ ပိုကုန်ကျပါလိမ့်မယ်။
  • စာရေးကိရိယာများ၊ စာအုပ်များနှင့် အခြားပစ္စည်းများ: ပုံမှန်ကျောင်းသားတွေထက် သင်က ပုံကြမ်းစာအုပ် (sketchbook)၊ tracing paper၊ technical pen တွေ ပိုလိုအပ်ပါလိမ့်မယ်။ တစ်ပတ်ရစ်စာအုပ်ဖိုးတွေနဲ့ပေါင်းလိုက်ရင် £200 လောက် အလွယ်တကူကုန်ကျနိုင်ပါတယ်။
  • စုစုပေါင်း ပညာရေးဆိုင်ရာ ထပ်ဆောင်းကုန်ကျစရိတ်: ~£1,060

၃။ ကနဦးရင်းနှီးမြှုပ်နှံမှု - သင်၏ Digital စတူဒီယို (One-off IT & Setup Costs): ဒါကတော့ သင်မလာခင် ဒါမှမဟုတ် ရောက်ရောက်ချင်းမှာ တစ်ကြိမ်တည်း အကြီးအကျယ်ကုန်ကျမယ့် စရိတ်တွေပါ။ ဒီနေရာမှာ ချွေတာဖို့ကြိုးစားခြင်းက သင့်ရဲ့ ပညာသင်နှစ်တစ်ခုလုံးကို ဒုက္ခပေးနိုင်ပါတယ်။

  • High-Performance Laptop: ဒါက သင့်ရဲ့ အရေးအကြီးဆုံး ရင်းနှီးမြှုပ်နှံမှုပါ။ Render တွေ၊ ကြီးမားတဲ့ 3D model တွေနဲ့ Adobe program တွေကို အဆင်ပြေပြေ run နိုင်ဖို့အတွက် ကောင်းမွန်တဲ့ gaming laptop တစ်လုံးက မရှိမဖြစ်လိုအပ်ပါတယ်: £1,800 - £2,800 (ပျမ်းမျှ £2,300 ဖြင့်တွက်ချက်ပါမည်)။
  • External Monitor: သင့်ရဲ့ ကျန်းမာရေးနဲ့ productivity အတွက် ဒုတိယအရေးအကြီးဆုံး ပစ္စည်းပါ။ 27-inch QHD monitor တစ်လုံး: ~£300
  • Ergonomic Mouse & Keyboard: ~£150
  • Backup Storage (External SSD 1TB): ~£80
  • အခြားကနဦးပြင်ဆင်စရိတ်များ (စက်ဘီး၊ မီးဖိုချောင်၊ အိပ်ရာခင်း): ~£400
  • စုစုပေါင်း ကနဦးပြင်ဆင်စရိတ်: ~£3,230

၄။ အပန်းဖြေခြင်းနှင့် လူမှုရေး (Leisure & Social):

အလွယ်ခေါ်လိုက်တာပါ။ အမှန်တော့ အကြောင်းအမျိုးမျိုးကြောင့် အပြင်မှာစားရတာဖြစ်စေ၊ အအေးဝယ်သောက်တာမျိုး

  • £40/week x 52 weeks = £2,080

စုစုပေါင်း တစ်နှစ်တာ အကြမ်းဖျင်းကုန်ကျစရိတ် (ကျောင်းလခမပါ): £10,400 (Accommodation) + £4,570 (Living) + £1,060 (Academic) + £3,230 (Setup) + £2,080 (Leisure) = £21,340

အရေးကြီးမှတ်ချက်: သင်မြင်တဲ့အတိုင်းပဲ၊ ဗိသုကာကျောင်းသားတစ်ယောက်ရဲ့ ကုန်ကျစရိတ်က သာမန်ကျောင်းသားတစ်ယောက်ထက် IT ပစ္စည်းတွေကြောင့် ပေါင် ၃,၀၀၀ ကနေ ၄,၀၀၀ လောက်အထိ ပိုများသွားနိုင်ပါတယ်။ ဒါက ကြိုတင်ပြင်ဆင်ထားသင့်တဲ့ လက်တွေ့ကမ္ဘာရဲ့ အမှန်တရားတစ်ခုပါပဲ။

အပွင့်လင်းဆုံးပြောချင်ပါတယ်။ စာရွက်ပေါ်မှာတော့ ဒီဂဏန်းတွေက အစီအစဉ်တကျရှိနေပေမယ့်၊ လက်တွေ့ဘဝမှာတော့ နေစရိတ်/ကျောင်းစရိတ်မှအပ တခြားကုန်ကျစရိတ်အားလုံး (Living + Leisure) ကို တစ်လ ပေါင် ၅၀၀/၆၀၀ ထဲဝင်အောင်သုံးဖို့ဆိုတာ မယုံနိုင်လောက်အောင် ခက်ခဲပါတယ်။ ဒီ budget က "သက်သောင့်သက်သာ" နေနိုင်တဲ့ budget တစ်ခုထက် "စည်းကမ်းရှိရှိ စီမံခန့်ခွဲနိုင်တဲ့" ပစ်မှတ်တစ်ခုအနေနဲ့ ပိုမှန်ပါလိမ့်မယ်။ ဘာလို့ခက်ခဲတာလဲဆိုတော့ 'ဘဝရဲ့ ပွတ်တိုက်မှုများ' လို့ကျနော်ခေါ်တဲ့ မထင်မှတ်ထားတဲ့ ကုန်ကျစရိတ်လေးတွေအတွက် နေရာသိပ်မကျန်လို့ပါပဲ။

ဥပမာ - သင်အမြဲစီးနေတဲ့ ရေစိုခံဖိနပ်တစ်ရန် ရုတ်တရက်ပြဲသွားတာမျိုး၊ စက်ဘီးဘီးပေါက်လို့ ပြင်ရတာမျိုး၊ ဒါမှမဟုတ် supermarket က ပေါပေါများများပစ္စည်းတွေနဲ့ အဆင်မပြေလို့ Amazon ကနေ ကိုယ်နဲ့တည့်တဲ့ CeraVe လို skincare တစ်ခုခုကို မှာယူရတာမျိုးပေါ့။

ဒါတွေသည် သာမန်ကျောင်းသားတစ်ဦးအနေနဲ့ အနည်းဆုံးကုန်ကျနိုင်တဲ့စရိတ်ပါ။ ကိုယ်ကအနာဂတ်အတွက် ရင်းနီးမြှုပ်နံချင်တယ်။ ပညာပိုသင်ချင်တယ်။ အတွေ့အကြုံတွေအများကြီးယူချင်တယ်။ ဒါဆိုပိုကုန်မှာပါ။ ကျနော့်လိုမျိုး အစစအရာရာအကုန်စမ်းသပ်သင်ယူချင်စိတ်ရှိလား၊ ရင်းနီးရမှာပါ။ ပိုလို့ကိုကုန်ဦးမှာပါ။

ဒီလိုကုန်ကျစရိတ်လေးတွေအပြင် ကျန်းမာရေး၊ လူမှုရေး၊ အရေးပေါ်ကိစ္စတွေက သင့်ရဲ့ဘတ်ဂျက်ကို အလွယ်တကူကျော်သွားစေနိုင်ပါတယ်။ ကျနော့်ရဲ့လက်တွေ့အတွေ့အကြုံအရဆိုရင်လည်း မကြာခဏဆိုသလို ဒီပမာဏထက် ပိုသုံးမိတတ်ပါတယ်။ စိတ်ဖိစီးမှုမရှိဘဲ သက်သောင့်သက်သာနေနိုင်ဖို့အတွက် တကယ်လက်တွေ့ကျတဲ့ budget တစ်ခုကတော့ ခုနက ပေါင် ၆၀၀ ထက်ကိုများပြားနိုင်မှ အဆင်ပြေပါလိမ့်မယ်။


အပိုင်း (၄) - သိထားသင့်သော အခြားအသုံးဝင်သည့် အချက်များ

၁။ ဘဏ်အကောင့်ဖွင့်ခြင်း: UK ရောက်ပြီးတာနဲ့ အရင်ဆုံးလုပ်ရမယ့်အလုပ်တွေထဲက တစ်ခုပါ။ Monzo ဒါမှမဟုတ် Starling လိုမျိုး online-only bank တွေက app ကနေ အလွယ်တကူဖွင့်လို့ရပြီး မြန်ဆန်ပါတယ်။ Lloyds, Barclays, HSBC လိုမျိုး traditional bank တွေကတော့ ဘဏ်ခွဲတွေရှိတဲ့အတွက် လူကိုယ်တိုင်သွားပြီး အကူအညီတောင်းရတာ ပိုအဆင်ပြေနိုင်ပါတယ်။ ဘဏ်အကောင့်ဖွင့်ဖို့ Passport, BRP (Biometric Residence Permit) နဲ့ Proof of Address (တက္ကသိုလ်က ထောက်ခံစာ) လိုအပ်ပါမယ်။

၂။ ကျောင်းသားလျှော့စျေး (Student Discounts): သင့်ရဲ့ တက္ကသိုလ် email က ရွှေပါပဲ။ UNiDAYS နဲ့ Student Beans ဆိုတဲ့ app နှစ်ခုကို ဖုန်းထဲမှာ မဖြစ်မနေထည့်ထားပါ။ Apple ကနေ အဝတ်အစားဆိုင်တွေအဆုံး၊ စားသောက်ဆိုင်တွေအထိ နေရာတိုင်းနီးပါးမှာ 10% ကနေ 50% အထိ လျှော့စျေးရနိုင်ပါတယ်။ ပိုက်ဆံမရှင်းခင် "Do you do student discounts?" ဆိုတဲ့မေးခွန်းကို အမြဲမေးပါ။

၃။ အချိန်ပိုင်းအလုပ်: ဗိသုကာလို major မျိုးနဲ့ အလုပ်လုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ပါတယ်။ တစ်ပတ်ကို နာရီ ၂၀ အထိ တရားဝင်လုပ်ခွင့်ရှိပြီး၊ ပျမ်းမျှတစ်နာရီလုပ်ခက £11 - £12 ဝန်းကျင်ရနိုင်ပါတယ်။ စားသောက်ဆိုင်၊ ကော်ဖီဆိုင်တွေက အလုပ်အလွယ်ဆုံးရှာလို့ရတဲ့နေရာတွေပါ။ ဒါပေမယ့် ကိုယ့်ရဲ့စာသင်ချိန်နဲ့ အလုပ်ချိန်ကို မျှတအောင်စီမံခန့်ခွဲနိုင်ဖို့က အရေးအကြီးဆုံးပါပဲ။

၄။ ကျန်းမာရေးစောင့်ရှောက်မှု (GP Registration): UK ရောက်ရင် ကိုယ့်အဆောင် ဒါမှမဟုတ် အိမ်နဲ့အနီးဆုံးက ဆရာဝန် (General Practitioner - GP) ဆီမှာ မှတ်ပုံတင်ထားသင့်ပါတယ်။ ဒါမှ နေမကောင်းဖြစ်တဲ့အခါ အလွယ်တကူ ဆေးခန်းပြနိုင်မှာပါ။ GP မှာမှတ်ပုံတင်ထားခြင်းက အခမဲ့ဖြစ်ပြီး NHS (National Health Service) ရဲ့ ဝန်ဆောင်မှုတွေကို အပြည့်အဝရရှိနိုင်စေမှာပါ။


အပိုင်း (၅) - မကြာခဏမေးလေ့ရှိသော မေးခွန်းများ (FAQs)

ကျောင်းက ခက်သလား။ ပထမနှစ်က အခက်ဆုံးပါပဲ။ အရာအားလုံးက အသစ်ဖြစ်နေပြီး ဘာမှန်းမသိသေးတဲ့အချိန်မှာ တော်တော်လေးရုန်းကန်ရပါလိမ့်မယ်။ ကျနော်ကိုယ်တိုင်လည်း အစပိုင်းက feedback တွေမှာ အမြဲ fail နေခဲ့တာပါ။ ဒါပေမယ့် တဖြည်းဖြည်းကြိုးစားရင်းနဲ့ အရှိန်တစ်ခုရလာတဲ့အခါ အရာအားလုံးက ပိုပြီးသာယာလာပါတယ်။

အင်္ဂလိပ်လို သိပ်မပြောတတ်ရင် အဆင်ပြေလား။ IELTS အောင်ပြီးသားဆိုတော့ အခြေခံတော့ရှိပြီးသားပါ။ အဓိကက ကိုယ်မပြောတတ်တာထက် ကိုယ့် design ကို သူများဝေဖန်မှာ ကြောက်နေတဲ့စိတ်ပါ။ ဆရာတွေနဲ့ မဖြစ်မနေ communicate လုပ်ရမှာဖြစ်တဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ အလိုလိုကျွမ်းကျင်သွားမှာမို့ စိတ်မပူပါနဲ့။

စာမေးပွဲဖြေရလား။ မဖြေရပါဘူး။ Assignment-oriented ပါ။ ဒါပေမယ့် ဒါက ပိုလွယ်သွားတယ်လို့ မထင်လိုက်ပါနဲ့။ စာမေးပွဲက သတ်မှတ်ထားတဲ့ကာလတစ်ခုစာကို ကျက်မှတ်ဖြေဆိုရုံပါပဲ။ Assignment ကတော့ တစ်နှစ်ပတ်လုံး criteria ပေါင်းများစွာကို ပြည့်မီအောင် အဆင့်ဆင့်လုပ်ဆောင်ပြီးမှ အောင်တာမို့လို့ ပိုပြီးတော့တောင် ခက်ခဲပါတယ်။ စာကျက်စရာမလိုတာတစ်ခုပဲ သက်သာတာပါ။

ပိုက်ဆံကုန်သလား။ ကုန်ပါတယ်။ Model တွေဆောက်ဖို့၊ presentation တွေအတွက် print ထုတ်ဖို့၊ လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ ကုန်ကျစရိတ်ရှိပါတယ်။ ကျနော်ဝယ်ခဲ့တဲ့ ပစ္စည်းတွေအားလုံးပေါင်းလိုက်ရင် လီတာ ၁၀၀ လောက်ရှိမယ်ထင်ပါတယ်။ ဒါပေမယ့် ဝယ်ခဲ့တဲ့ ပစ္စည်းတစ်ခုချင်းစီတိုင်းက project တစ်ခုမဟုတ်တစ်ခုမှာ အသုံးဝင်ခဲ့တာချည်းပါပဲ။

အလုပ်လုပ်ဖို့၊ အပန်းဖြေဖို့ အချိန်ရလား။ ရအောင်လုပ်ရင် ရပါတယ်။ ကျောင်းသားအများစုက အချိန်ပိုင်းအလုပ်လုပ်ကြပါတယ်။ ပင်ပန်းပေမယ့် ငွေဝင်တော့ ပင်ပန်းတာပျောက်တာပေါ့။ ဒါပေမယ့် အရေးကြီးဆုံးက အပန်းဖြေဖို့ (Leisure time) ပါ။ ဗိသုကာပညာတစ်ခုတည်းမှာပဲ ဘဝကိုနှစ်မြှုပ်မထားဖို့ ကျနော့် tutor ကိုယ်တိုင်က အကြံပေးခဲ့ပါတယ်။ ဒါက စိတ်ဖိစီးမှုကိုဖြေလျှော့ဖို့ရော၊ ကိုယ့်ရဲ့ focus ကို ပိုကောင်းလာစေဖို့ပါ မရှိမဖြစ်လိုအပ်ပါတယ်။

သို့သော် ကျနော်အလေးအနက်ထားသတိပေးချင်ပါတယ်။ ကိုယ်ဘာဖြစ်လို့ နိုင်ငံခြားထွက်၊ ကျောင်းလာတက်တာလဲဆိုတာကို သေချာအောင်ဆုံးဖြတ်နှလုံးသွင်းလာဖို့ပါ။ ကျောင်းလာတက်တဲ့သူတစ်ဦးက အလုပ်တွေချည်းလုပ်တယ်၊ ကျောင်းချိန်တွင်း ပင်ပင်ပန်းပန်းကျောင်းတက်တယ်၊ စာပြန်လုပ်ချိန်အနည်းငယ်ပဲရတယ်။ တဖြည်းဖြည်းစာထိခိုက်လာတယ်။ အမှတ်မကောင်းဘူး။

မလုပ်ပါနဲ့၊ part timeလုပ်ရင်းကနေရတဲ့ငွေပမာဏထက် မိမိပေးထားတဲ့ကျောင်းစရိတ်ပမာဏ၊ မိမိရင်းနီးလိုက်ရတဲ့စာလုပ်ချိန်၊အနားယူချိန်က အဆပေါင်းများစွာ တန်ဖိုးရှိပါတယ်။


အပိုင်း (၆) - ကြိုတင်ပြင်ဆင်ခြင်းနှင့် သင်ခန်းစာများ

ဒီအပိုင်းကတော့ ကျနော်ကိုယ်တိုင် ပထမနှစ်မှာ ကြိုတင်ပြင်ဆင်ခဲ့သင့်တယ်လို့ထင်တဲ့အရာတွေနဲ့ လုပ်မိခဲ့တဲ့အမှားတွေအကြောင်း ရိုးရိုးသားသားမျှဝေချင်ပါတယ်။ ဒါက သင့်ရဲ့ခရီးကို ပိုမိုချောမွေ့စေမယ့် သင်ခန်းစာတွေပါ။

ပထမနှစ်အတွက် မရှိမဖြစ်ပြင်ဆင်မှုများ

  • လက်ဆုပ်လက်ကိုင်ရှိသော ပစ္စည်းကိရိယာများ (Tangible Toolkit):
    • Art Supplies: သာမန်ပုံဆွဲစာအုပ်တစ်အုပ်မဟုတ်ဘဲ၊ အရည်အသွေးကောင်းတဲ့ A3 hardback sketchbook တစ်အုပ်ကို ဝယ်ပါ။ Fineliner pen (0.1mm, 0.3mm, 0.5mm) အစုံနဲ့ သံပေတံကောင်းကောင်းတစ်ခုကလည်း မရှိမဖြစ်လိုအပ်ပါတယ်။
    • မှန်ကန်သောအဝတ်အစား: UK ရဲ့အအေးဒဏ်က စိုစွတ်တဲ့အအေးမျိုးပါ။ ဒါကြောင့် ရေစိုခံပြီး လေကာနိုင်တဲ့ waterproof jacket အစစ်တစ်ခု လိုအပ်ပါတယ်။ ဖက်ရှင်ကျဖို့ထက် လက်တွေ့အသုံးဝင်ဖို့က ပိုအရေးကြီးပါတယ်။ ရေစိုခံဖိနပ်တစ်ရန်ကလည်း သင့်တစ်နေ့တာကို မပျက်စီးသွားအောင် ကာကွယ်ပေးပါလိမ့်မယ်။
    • အိမ်ရဲ့အငွေ့အသက်: ကိုယ့်အိမ်ကနေ သင့်ကို စိတ်သက်သာရာရစေမယ့် ပစ္စည်းသေးသေးလေးတစ်ခုခု (ဥပမာ - ဓာတ်ပုံတစ်ပုံ၊ အလှဆင်ပစ္စည်းလေးတစ်ခု) ကို ယူလာခဲ့ပါ။ ဒါက အစိမ်းသက်သက်ဖြစ်နေတဲ့ အဆောင်အခန်းလေးကို ကိုယ့်ရဲ့ကိုယ်ပိုင်နေရာတစ်ခုလို ခံစားရစေမှာပါ။
  • Digital အခြေခံအုတ်မြစ်များ (Digital Foundation):
    • Software: မြန်မာပြည်မှာ အင်တာနက်ကောင်းကောင်းရတုန်း၊ သင့်ရဲ့တက္ကသိုလ်ကပေးတဲ့ offer letter ကိုသုံးပြီး Autodesk account ကို အခမဲ့ register လုပ်ထားပါ။ Adobe Creative Cloud ရဲ့ ကျောင်းသားလျှော့စျေးကိုလည်း ကြိုတင်လေ့လာထားပါ။ UK ရောက်မှ အဆောင် Wi-Fi နဲ့ ရုန်းကန်နေရတာမျိုး မဖြစ်ပါစေနဲ့။
    • Cloud Storage: Google Drive ဒါမှမဟုတ် OneDrive ကို set up လုပ်ပြီး desktop app ကို install လုပ်ထားပါ။ သင့် project တွေမစခင်ကတည်းက အရေးကြီးတဲ့ document တွေကို backup လုပ်တဲ့အကျင့်ကို မွေးမြူပါ။
    • ဘဏ်အကောင့်: UK လိပ်စာရတာနဲ့ Monzo ဒါမှမဟုတ် Starling လို online bank မျိုးမှာ အကောင့်ဖွင့်ဖို့ ကြိုတင်လျှောက်ထားပါ။ ဒီမှာ အရာရာတိုင်းအတွက် ဘဏ်အကောင့်တစ်ခုက မရှိမဖြစ်လိုအပ်ပါတယ်။
  • စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု (Mental Armor):
    • ဝေဖန်မှုကို လက်ခံနိုင်ဖို့ ပြင်ဆင်ပါ: သင်ရဲ့ ပထမဆုံး crit (critique) က ခက်ခဲပါလိမ့်မယ်။ သင့်ရဲ့ idea တွေ စိန်ခေါ်ခံရပါလိမ့်မယ်။ ဒါက သင့်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာမဟုတ်ဘဲ၊ သင်ယူမှုဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဝေဖန်မှုကို တိုးတက်ဖို့အတွက် ကိရိယာတစ်ခုအဖြစ် လက်ခံနိုင်အောင် စိတ်ကိုကြိုတင်ပြင်ဆင်ထားပါ။
    • လွတ်လပ်စွာရပ်တည်နိုင်ဖို့ ပြင်ဆင်ပါ: သင့်ရဲ့ assignment တွေအတွက် ဘယ်သူကမှ သင့်နောက်ကနေ လိုက်ပြောနေမှာမဟုတ်ပါဘူး။ အချိန်ကို စီမံခန့်ခွဲနိုင်မှုက ၁၀၀% သင့်ရဲ့တာဝန်ဖြစ်လာပါပြီ။ Calendar app တစ်ခုကို သုံးmayıသင်ယူပြီး သင့်ရဲ့တစ်ပတ်တာကို ကြိုတင် plan ချပါ။
    • အကူအညီတောင်းဖို့ ပြင်ဆင်ပါ: "တစ်ယောက်တည်းရောက်နေတာမို့ အရာအားလုံးကို ကိုယ့်ဘာသာဖြေရှင်းရမယ်" လို့ ကျနော်ထင်ခဲ့တယ်။ ဒါက ကျနော့်ရဲ့အကြီးမားဆုံးအမှားပါပဲ။ သင့်ရဲ့ tutor တွေ၊ တက္ကသိုလ်ရဲ့ support service တွေနဲ့ သင့်အတန်းဖော်တွေက သင့်ကိုကူညီဖို့ အဆင်သင့်ရှိနေပါတယ်။ အကူအညီတောင်းခြင်းက အားနည်းခြင်းရဲ့လက္ခဏာမဟုတ်ဘဲ၊ အားသာချက်ရဲ့လက္ခဏာတစ်ခုပါ။

ပထမနှစ်မှာ ကျနော်လုပ်ခဲ့တဲ့ အကြီးမားဆုံးအမှားများ

  • ပညာရေးဆိုင်ရာအမှား - Lecture များကို လွှတ်ပစ်ခြင်း: "နောက်မှ slide တွေပြန်ဖတ်လိုက်လို့ရတာပဲ" ဆိုတဲ့အတွေးနဲ့ lecture တွေကို မတက်ခဲ့တာက အကြီးမားဆုံးအမှားပါပဲ။ Slide တွေက အနှစ်ချုပ်သက်သက်ပဲဖြစ်ပြီး၊ ဆရာတွေရဲ့ အသေးစိတ်ရှင်းပြချက်တွေ၊ သူတို့ရဲ့လက်တွေ့အတွေ့အကြုံတွေနဲ့ မမျှော်လင့်ထားတဲ့ အတွေးအခေါ်အသစ်တွေကို လုံးဝလွဲချော်သွားစေပါတယ်။ ဒါကြောင့် ကျနော့်ရဲ့ design concept တွေက သူများတွေလောက် သီအိုရီအခြေခံမခိုင်မာဘဲ တိမ်နေခဲ့ပါတယ်။
  • လူမှုရေးဆိုင်ရာအမှား - "တစ်ကိုယ်တော်" ထောင်ချောက်: ကျောင်းက studio ရဲ့ ဆူညံတဲ့ပတ်ဝန်းကျင်ထက် ကိုယ့်အခန်းထဲမှာ တစ်ယောက်တည်းအေးအေးဆေးဆေးအလုပ်လုပ်ရတာကို ပိုသဘောကျခဲ့တယ်။ ဒါပေမယ့် ဒီလိုလုပ်လိုက်ခြင်းအားဖြင့် "ပတ်ဝန်းကျင်မှ သင်ယူခြင်း (ambient learning)" ဆိုတဲ့ အဖိုးတန်အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ အတန်းဖော်တစ်ယောက်ရဲ့ ပြဿနာဖြေရှင်းပုံကို မထင်မှတ်ဘဲကြားလိုက်ရတာ၊ ကိုယ့် sketch အကြမ်းလေးကို အလွယ်တကူ feedback တောင်းလိုက်နိုင်တာမျိုးတွေနဲ့ လွဲချော်ခဲ့ရပါတယ်။ ဒါက ကျနော့်ကို အထီးကျန်စေခဲ့သလို၊ တိုးတက်မှုကိုလည်း နှေးကွေးစေခဲ့ပါတယ်။
  • ကိုယ်ရေးကိုယ်တာအမှား - ကိုယ့်ကိုယ်ကို ဂရုမစိုက်ခြင်း: Deadline တွေမီဖို့အတွက် ကော်ဖီတွေသောက်ပြီး ညတွေမအိပ်ဘဲ အလုပ်လုပ်ခဲ့တဲ့စက်ဝန်းက ကျနော့်အတွက် အဆိုးဆုံးပါပဲ။ ဒီလိုလုပ်တာက အလုပ်ကိုပိုမကောင်းစေတဲ့အပြင်၊ ကိုယ့်ကိုကိုယ် ပိုပြီးစိတ်ဖိစီးမှုများစေပါတယ်။ ကျနော့်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးက ထိခိုက်လာပြီး၊ ဝါသနာပါလို့ရွေးချယ်ခဲ့တဲ့ ဒီပညာရပ်က ဝန်ထုပ်ဝန်ပိုးတစ်ခုလိုဖြစ်လာခဲ့ပါတယ်။

အပိုင်း (၇) - နိဂုံးချုပ်

ဒီလမ်းကိုရွေးခဲ့တာ ကျေနပ်ပါတယ်။ ဒီလမ်းက တခြားလမ်းတွေထက် ပိုပင်ပန်းကောင်းပင်ပန်းပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုကြိုးစားခဲ့ရလို့ တန်တယ်ဆိုတာတော့ ကျိန်းသေပါတယ်။ ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းမို့လို့ ကျေနပ်မှုအပြည့်ရှိပါတယ်။ ဒီအမှားတွေက ကျနော်ပေးဆပ်ခဲ့ရတဲ့ သင်ခန်းစာတွေပါပဲ။ ဒီစာကိုဖတ်နေတဲ့သင်ကတော့ ဒီအမှားတွေကိုရှောင်ရှားပြီး ပိုကောင်းတဲ့ ပထမနှစ်ခရီးစဉ်တစ်ခုကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းရင်း…။


Read more

"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

This article is also available in [English] အဆုံးမရှိ scroll လုပ်နေရတဲ့၊ ကျယ်လောင်တဲ့ algorithm တွေနဲ့ ခဏတာပဲမြင်ရတဲ့ social media post တွေကြားက ကမ္ဘာကြီးမှာ၊ တကယ့်စစ်မှန်တဲ့စကားဝိုင်းတစ်ခုဆိုတာ ဘာ

By Moe Htet
မပြီးဆုံးသေးသော တော်လှန်ရေး-လန်ဒန်မှ ဓာတ်ပုံဆရာတစ်ဦး၏ မှတ်စုများ

မပြီးဆုံးသေးသော တော်လှန်ရေး-လန်ဒန်မှ ဓာတ်ပုံဆရာတစ်ဦး၏ မှတ်စုများ

၈/၈/၂၀၂၅။ လန်ဒန်မြို့လယ်က Parliament Square မှာ အနီရောင်ဒေါင်းအလံတွေလွင့်ပျံတဲ့နေ့။ ဗီဒီယို/ဓာတ်ပုံဆရာတစ်ဦးအနေနဲ့ ကျနော့်အလုပ်က မှတ်တမ်းတင်ရုံပါ၊ သို့သော်ကျနော် မျက်နှာတွ

By Moe Htet