ကျောင်းတက်ခြင်းနဲ့နိုင်ငံရေး

ကျောင်းတက်ခြင်းနဲ့နိုင်ငံရေး

This article is also available in [English]

"ခုလိုမျိုး ခေတ်မှာ ဘယ်သူမှနိုင်ငံခြားမထွက်နိုင်ဘူး။ ထွက်နိုင်ရင်အဲ့တာအကောင်ပဲ။ တခြားလူငယ်တွေတောထဲရောက်နေချိန်မင်းဘာလို့ဒီလိုဟာတွေတင်နေတာလဲ။"

ကျနော်စာစရေးမယ်ဆိုတဲ့အခြေအနေကိုအသာထား။ ကျနော်UKလာချိန်ကိုအသာထား။ ကျနော်OSSDတက်မယ့်အချိန်ကိုပြန်သွားမယ်။ အဲ့တုန်းကဘာဖြစ်လို့ကျောင်းတက်ဖို့ရွေးချယ်ခဲ့တာလဲ။


အပိုင်း (၁)။ ပြိုကွဲခဲ့သောအချိန် - ကိုယ်ရေးကိုယ်တာရာဇဝင်

ကျနော်အရင်တုန်းက မှတ်မှတ်ရရ ကျောင်းလုံးဝမတက်ဖို့ငြင်းဆန်ခဲ့တယ်။ အကျဉ်းချုပ်ကတော့ ကျနော်ပညာရေးစနစ်အမျိုးမျိုးအောက်မှာ မြန်မာဆယ်တန်းဖြေမယ့်နှစ်အရောက်၊ စာမေးပွဲဖြေချိန် ၁လ ၂လအလိုမှာ အာဏာသိမ်းတယ်။ ကျနော့်ဘဝလုံးလုံးလျားလျားမှောက်သွားတယ်။ စိတ်ဓာတ်အလူးအလဲကျဆင်းပြီး စာကိုစိတ်နာတဲ့အထိဖြစ်ခဲ့တယ်။

ဘယ်လိုrecoverဖြစ်ခဲ့လဲ။ ခုဘာလို့ဒီရောက်နေလဲ။

ကျနော်စာကိုသိပ်စိတ်နာတယ်။​ ကျနော့်မှာ အချိန်ဆိုတာ ဟိုး၉တန်းနှစ်လယ်ကတည်းကနေ COVID-19 တောက်လျှောက်ပေးဆပ်ခဲ့ရတာ။ အပြင်မှာ သူများတွေဘယ်လိုတွေပဲ volunteerလုပ်လုပ်၊ အပြင်မှာ ဘယ်သူတွေ ဘယ်လောက်ကြီးပဲသေနေသေနေ ကိုယ်နဲ့မဆိုင်သလိုပဲ နေခဲ့တယ်။ အိမ်ကလည်းခွင့်ပြုမှာမဟုတ်။ အိမ်ပြင်တောင်ပေးထွက်တာမှမဟုတ်တာ၊ အာဏာသိမ်းတဲ့ထိ အပြင်ထွက်လို့ရတဲ့သော့မှန်သမျှ သိမ်းထားတာလေ။

စဉ်းစားကြည့်လေဗျာ ကိုယ်နေ့မနားညမအား အကုန်လုံးကိုစွန့်လွှတ်ခဲ့ပြီးလုပ်ခဲ့တဲ့အလုပ်။ ကိုယ်ချစ်တဲ့သူတွေ၊​ ကိုယ်ချစ်တဲ့ ဝါသနာ၊ ကိုယ်ချစ်တဲ့ ကိစ္စတွေအကုန်လုံးဒီဟာပြီးမှလုပ်မယ်ဆိုပြီးကျနော်ရပ်တန့်ခဲ့တယ်။

ကြိုက်ကြိုက်မကြိုက်ကြိုက်စိတ်ထဲကနေ လုပ်ရတော့မယ်ဆိုတဲ့စိတ်နဲ့လုပ်ခဲ့တယ်။ ဆရာ၊ ဆရာမကောင်းတွေနဲ့သင်တန်းတွေမှလွဲ​၍ သိပ်ပြီးအကူအညီမရခဲ့ဘူး။ COVID-19 ကာလဆိုတော့ အိမ်မှာပဲ home stay၊ အိမ်ကိုဘာပစ္စည်းအသစ်မှအဝင်မခံ၊ အပြင်ထွက်ရင် တစ်ကိုယ်လုံး PPE တွေ mask တွေနဲ့ အသက်ရှူကြပ်တဲ့အထိသွားခဲ့ရတယ်။ အဲ့လိုကာကွယ်ခဲ့လဲ ကျနော် wave တိုင်းကူးခဲ့တာပဲ။

ဖုန်းဆိုရင်လဲ​သုံးခွင့်မရခဲ့ဘူး၊ ဆယ်တန်းရဲ့ trend လေးပေါ့ဗျာ။ "အာရုံများတယ်" ပေါ့။ ဟုတ်တယ်၊ အသုံးမတတ်ရင်တော့ဒုက္ခများတာပါပဲ။ ဒါပေမယ့်လဲ ဓါးရှတယ်ဆိုပြီး ဓါးမသုံးဘဲနေလို့မှမရတာ။ မသုံးဘဲနေရင် ဟင်းတောင်ချက်လို့ရမှာမဟုတ်။ ကျနော့်မှာ digital device ဆိုလို့မရှိဘူး။ မိဘတွေဖုန်းတွေကလည်း password လေးတွေနဲ့ခံခံထားတာ။ ကျနော်ကတော့ ခိုးကြည့်တာပဲ၊ နောက်တော့လဲ နောက် password ပြောင်းသွားရော။​ ဒီလိုနဲ့သံသရာလည်နေစမြဲပဲ။​

အဲ့ဒီလိုပတ်ဝန်းကျင်မှာ ကျနော်နှစ်ပေါင်းများစွာ ကြိုးစားခဲ့တာပါ။ တစ်မနက်ခင်းမှာပဲ အဲ့ဒီကြိုးစားမှုအားလုံး အဓိပ္ပာယ်မဲ့သွားခဲ့တယ်။


အပိုင်း (၂)။ "စာသင်ခြင်း" ကို ဘာကြောင့်မုန်းတီးသွားတာလဲ - ကျိုးပဲ့နေသောစနစ်အပေါ် ဝေဖန်ချက်

အဲ့ဒီကာလမှာ ကျနော်ဒီပညာရေးစနစ်ရဲ့ဆိုးဝါးပုံတွေကို မျက်ဝါးထင်ထင်ကြုံတွေ့ခဲ့ရတယ်။ အသိသာဆုံးပဲပြောမယ်။

  • ပထဝီ: ဘာသင်ရလဲ။​ Geography ဆိုတာ ရေမြေရဲ့သဘောသဘာဝ၊ ဖြစ်တတ်တဲ့မုန်တိုင်း၊ မီးတောင်တွေဘယ်လိုဖြစ်လာလဲ စသဖြင့်ပေါ့။ ဒါပေမဲ့ ကျနော်တို့သင်ခဲ့ရတာက ဘယ်စက်ရုံမှာ ဘာပစ္စည်းဘယ်လောက်ထုတ်ခဲ့လဲတို့။ No one cares လေ။ ဒါဟာ စူးစမ်းလိုစိတ်ကိုသတ်ပြီး ငြီးငွေ့မှုကိုမွေးမြူတဲ့ သင်ကြားရေးတစ်ခုပါ။
  • အင်္ဂလိပ်စာ: ကျောင်းအများစုက english to burmese ဆိုပြီးအလွတ်ကျက်ခိုင်းတယ်။ ဘယ်ဘာသာစကားကိုမှ ဒီလိုမသင်ဘူး။ ဒါဟာ ဆက်သွယ်ရေးကိုသင်ပေးတာမဟုတ်ဘဲ ကြက်တူရွေးဖြစ်အောင်လေ့ကျင့်ပေးတာပါ။
  • စာအုပ်သာအမှန်: ဘိုင်အိုတစ်အုပ်လုံးအလွတ်ကျက်ရမယ်။ တစ်လုံးမှားရင် ဂုဏ်ထူးမရဘူး။ ဖြစ်သင့်လားလို့လေ။ ဒီစနစ်က နားလည်မှုကို အသိအမှတ်မပြုဘူး၊ စာအုပ်ကိုမျက်စိမှိတ်လိုက်နာမှုကိုပဲ ဆုချတယ်။

ဒါတွေဟာ ပညာရေးမဟုတ်ပါဘူး။ လိုက်နာမှုရှိစေဖို့ လေ့ကျင့်ပေးခြင်းသက်သက်ပါပဲ။ ဒီလိုနဲ့ သိပ်စိတ်နာခဲ့တယ်။


အပိုင်း (၃)။ ကွဲပြားသောတိုက်ပွဲမြေပြင် - ဒီကိုရောက်နေခြင်းရဲ့ အကြောင်းရင်း

ကျနော်ဒီခံယူချက်နဲ့တင် ပညာရေးကိုတစ်ထောင့်တစ်နေရာကနေ ပြောင်းလဲမယ်လို့ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ ကျနော်ဘာကူညီနိုင်မှာလဲ။ ၉တန်းအောင် ၁၀တန်းအောင်ဘဝနဲ့ ဘာမှမကူညီနိုင်မှာမို့လို့ ကျနော်နိုင်ငံခြားထွက်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဒါဟာ ထွက်ပြေးခြင်းမဟုတ်ဘူး၊ မဟာဗျူဟာတစ်ခုပါ။ လိုအပ်တဲ့သင်တန်းတက်တယ်။ လိုအပ်တဲ့ အရာတွေဖန်တီးပြီးဒီရောက်လာတယ်။ တခြားနည်းလမ်းတွေရှိပေမယ့် ဒီနည်းလမ်းက ကျနော့်အတွက် အဆင်ပြေနိုင်ဆုံး၊ အကူအညီအရနိုင်ဆုံး၊ အဖြစ်နိုင်ဆုံးနည်းလမ်းလေးလေ။ ကျနော်က တိုက်ပွဲကို တခြားတစ်နေရာမှာတိုက်ဖို့ရွေးချယ်ခဲ့တာပါ - တကယ့်ရေရှည်ပညာရေးတော်လှန်ရေးအတွက် လိုအပ်တဲ့အသိပညာနဲ့ ကျွမ်းကျင်မှုတွေကို စုဆောင်းနိုင်မယ့်နေရာမှာပေါ့။ ခံယူချက်ခြင်းတူချင်မှတူမယ်။ ဒါပေမယ့် target ကတော့တစ်ခုတည်းပဲ။ နိုင်ငံပြောင်းလဲဖို့။

ကျနော်ကရပ်တန့်မှာမဟုတ်ဘူးဗျ။ အဆုံးစွန်အထိ တိုက်ပွဲဝင်သွားမှာ။ ကျနော်တို့ကလေးတွေအလှည့်ကျရင် ကျနော်တို့ကြုံခဲ့ရတဲ့ဖြစ်ရပ်မျိုးဘယ်သောအခါမှမကြုံစေရဘူး။ ကျနော်တို့ကလေးတွေအလှည့်ကျရင် ပြောချင်တယ်။

"ဖေဖေက နိုင်ငံရေးမှာ ပါဝင်ခဲ့တာ။ ဖေဖေတို့တုန်းက တော်တော်ဆိုးတာ။ သမီးတို့အလှည့်ကျ ကောင်းသွားပြီ။ ဘာမှကျက်စရာမလိုတော့ဘူး။ မေးခွန်းတွေမေးလို့ရတယ်။ သဘောမတူတာတွေပြောလို့ရတယ်။ သင်ယူလို့ရတယ်။"

ဒါပဲကျနော်ကြားချင်တယ်။ ဒီလိုကြားရဖို့အစွမ်းကုန်ကြိုးစားမယ်။


အပိုင်း (၄)။ လမ်းကြောင်းရှာနေဆဲ လူငယ်များအတွက် သတင်းစကား

ကျနော့်လိုမျိုးအခြေအနေမှာရှိခဲ့ဖူးတဲ့သူ၊ ရှိနေမယ့်လူငယ်တွေ၊ ပညာရေးတစ်ပိုင်းတစ်စဖြစ်နေတဲ့လူငယ်တွေကိုပြောချင်တာက ကျနော့်နည်းလမ်းအတိုင်းလိုက်လုပ်စရာမလိုပါဘူး။ ဟုတ်တယ်၊ အဖြူအစိမ်းနဲ့ကျောင်းမဖြစ်မနေတက်နေရရင်တောင်ပြောင်းပါ။ အဲ့ပညာရေးနဲ့ ဘာမှဆက်ဖြစ်မှာမဟုတ်ဘူးဆိုတာ လူတိုင်းအသိပါ။ ဘာမှမတက်ဖြစ်သေးဘူးဆိုတဲ့သူတွေ အဆင်ပြေတဲ့ foundation၊ အဆင်ပြေတဲ့အထက်တန်းပညာရေး၊ အဆင်ပြေတဲ့အရာကိုဖန်တီးပါ။ လမ်းဆိုတာ ရှာတွေ့တာမဟုတ်ဘူး၊ တစ်လှမ်းချင်းတည်ဆောက်ရတာပါ။ ယုံကြည်ရတဲ့လူတစ်ယောက်နဲ့စကားပြောကြည့်ပါ။ မေးခွန်းသေးသေးလေးတစ်ခုမေးလိုက်ပါ။ အဲ့ဒီစကားတစ်ခွန်းက သင်မသိခဲ့တဲ့တံခါးတစ်ချပ်ကို ဖွင့်ပေးနိုင်ပါတယ်။

စိတ်မပူပါနဲ့ဗျ ကိုယ်တိုင်သာကြိုးစားနေပါစေ၊ ယုံကြည်ချက်ခိုင်မာနေပါစေ၊ လမ်းစပေါ်လာမှာပါ။

ကျနော်ခုလိုမျိုးစာတွေဖတ်ပြီးတဲ့နောက် အကျိုးတစ်ခုခုရှိသွားရင်ကျေနပ်ပါတယ်။ ကျနော်တောင်းဆိုစရာရှိပါတယ်။ နိုင်ငံ့အကျိုးအတွက်တစ်ထောင့်တစ်နေရာကနေ အကျိုးပြုနေပေးပါ။ ဒါဆို ကျနော်ကျေနပ်တယ်။ ကျောင်းတက်တာနဲ့နိုင်ငံရေးနဲ့မဆိုင်ဘူးလို့ ဘယ်သူပြောခဲ့လို့လဲ။​ နိုင်ငံ့အရေးဆိုတာလူတိုင်းနားလည်မှအဆင်ပြေမှာ။ နိုင်ငံ့အရေးဆိုတာကိုယ့်အရေးပဲလေ။

အကယ်၍ ကျနော်ဗမာပြည်မှာသာဆက်ရှိနေသေးတယ်ဆိုရင်တော့ကျနော်က တောင်ဘက်လားမြောက်ဘက်လားရောက်နေလောက်ပါပြီ။ မလုံခြုံတော့တဲ့အနေအထားမှာ လူငယ်တိုင်းက ကိုယ်စီကိုယ်စီလွတ်ရာကျွတ်ရာဒေသကိုထွက်သွားကြမှာပါ။ တတ်နိုင်တဲ့နေရာတတ်နိုင်တဲ့အခြေအနေကနေ တဖြည်းဖြည်းချင်း ရှေ့ဆက်သွားမှာပေါ့ဗျာ။ Don’t worry။


Read more

"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

"Moe Notes Studio Journal" နှင့် သီးသန့်စကားဝိုင်း

This article is also available in [English] အဆုံးမရှိ scroll လုပ်နေရတဲ့၊ ကျယ်လောင်တဲ့ algorithm တွေနဲ့ ခဏတာပဲမြင်ရတဲ့ social media post တွေကြားက ကမ္ဘာကြီးမှာ၊ တကယ့်စစ်မှန်တဲ့စကားဝိုင်းတစ်ခုဆိုတာ ဘာ

By Moe Htet
မပြီးဆုံးသေးသော တော်လှန်ရေး-လန်ဒန်မှ ဓာတ်ပုံဆရာတစ်ဦး၏ မှတ်စုများ

မပြီးဆုံးသေးသော တော်လှန်ရေး-လန်ဒန်မှ ဓာတ်ပုံဆရာတစ်ဦး၏ မှတ်စုများ

၈/၈/၂၀၂၅။ လန်ဒန်မြို့လယ်က Parliament Square မှာ အနီရောင်ဒေါင်းအလံတွေလွင့်ပျံတဲ့နေ့။ ဗီဒီယို/ဓာတ်ပုံဆရာတစ်ဦးအနေနဲ့ ကျနော့်အလုပ်က မှတ်တမ်းတင်ရုံပါ၊ သို့သော်ကျနော် မျက်နှာတွ

By Moe Htet