သုံးသပ်ဝေဖန်မှုကို တုံ့ပြန်ခြင်း အနုပညာ

မှတ်မှတ်ရရ ဒုတိယsemesterရဲ့ Week 8. ကိုယ်က Presentation Slideတွေလုပ်ရင်းလုပ်ရင်းနဲ့ တကယ်ပါရမယ့် အရေးကြီးတဲ့ စာတွေမလုပ်မိလိုက်ဘူး။ ဘယ်နားမှာ ဘာအခန်းလေးတွေဖွဲ့မယ်၊ ဘာလေးတွေထည့်မယ်ဆိုတဲ့ Researchတွေပဲပါသွားတယ်။ ဒီideaတွေအကုန်လုံးကို ပေါင်းစည်းထားတဲ့ Floor planတွေ မပါသွားခဲ့ဘူး။
Presentationလဲလုပ်ရရော ဆရာဆရာမ ၃ယောက်ထဲက ဆရာတစ်ယောက်က ကိုယ့်ကို အပီအပြင်roastပါလေရော။
"မင်းဟာကြီးကဘာကြီးလဲ။ ကတော့ချွန်ကြီးလား။ လူတွေက ဘယ်လိုဆံ့မှာလဲ။ ဘာplanမှမပါတော့ငါတို့ကဘာကြည့်ရမှာလဲ။"
ကိုယ်လဲဘယ်ရမလဲ။ ကိုယ့်အမှားနဲ့ကိုယ်ဆိုတော့လဲ ငြိမ်ခံရတာပေါ့လေ။ ဒီလိုနဲ့ နောက် ၁လအကြာ စာတွေထပ်ရတယ်။ တတ်နိုင်သလောက်တော့ ကြိုးစားနိုင်ခဲ့တယ်။ အခုsemesterကြီးအဆုံးသတ်သွားတော့လဲ အခုလိုအပြောခံလိုက်ရတာကပဲ ကိုယ့်ရဲ့ခွန်အားဖြစ်ခဲ့တယ်။
The Initial Lost
Architectureကျောင်းသားတစ်ယောက်ရဲ့ Weekတစ်ခုမှာ Studio Day ဆိုတဲ့ ဆရာဆရာမတွေနဲ့ တွေ့ရတဲ့ 9-5နေ့က ၂ရက်ရှိတယ်။ Lecture နေ့တွေလဲရှိတယ်။ ၂/၃ပတ်တစ်ခါလောက် Presentationသဘောမျိုးလုပ်ရတယ်။
Studio Dayတွေမှာ ဆရာဆရာမတွေနဲ့ကျောင်းသားတစ်ဦးချင်းစီတွေ့ဆုံစကားပြောဆွေးနွေးရတယ်။ဆိုပါစို့ Mondayတုန်းက ဆရာမက ခိုင်းထားတာတွေရှိတယ်။
"မိုးထက်က ဖန်သားအကြောင်း အဆောက်အဦးအတွင်း အလင်းအမှောင်သဘောကို လေ့လာချင်တယ်။ ဒီအတွက် နယ်သာလမ်ရဲ့မြို့တော် အမ်စတာဒမ်(Amsterdam)က Hermes ဆိုင်ရဲ့ဖန်သားမျက်နှာစာကို လေ့လာခဲ့ပါ။ ကိုယ့်အဆောက်အဦးနဲ့ ပေါင်းစပ်ကြည့်ပါ"
ပုံလှလှလေးတွေယူ၊ စာလေးတွေဖတ် အော်ပြီးပြီပေါ့။ နောက်၂ရက်အကြာ Studio dayကျတော့ဘယ်လိုပေါင်းစပ်ပြီးပြီလဲတဲ့။ ကိုယ်ကတော့ ကိုယ်ဘာလေးရှာထားတယ် ညာလေးရှာထားတယ်။ အကောင်းဆုံးဖန်တီးထားတာပဲ။ သို့ပေမယ့်အဆင်မပြေခဲ့ဘူး။
"ဘာလို့ဒီဖန်သားကိုအသုံးပြုထားတာလဲ။ ဘယ်နားတွေကို ထားချင်တာလဲ။ အပူမဝင်အောင်ဘယ်လိုတားဆီးထားလဲ၊ နေပြင်းတဲ့အခါ မပူအောင်ဘယ်လိုလုပ်ထားလဲ"
အတွင်းကျကျမေးတော့ကိုယ့်မှာအဖြေမရှိခဲ့ဘူး။ ဆရာမတွေကတော့ ကြိုးစားပြီး ပြောပေးရှာပါတယ်။ ဒါလေးလဲအဆင်ပြေပေမယ့် ထပ်လေ့လာလိုက်ရင် ပိုအဆင်ပြေပါလိမ့်မယ်။ libraryမှာလဲရှာဖတ်လို့ရတယ်။ သို့သော် ကိုယ်က ငတုံးလုံးလုံးလိုပဲ။
တချို့နေ့တွေဆို စာတွေလုပ်သွားတယ် နေ့မနား ညမအိပ်ဘဲနဲ့ နာရီပေါင်းများစွာကြာအောင်ကို လုပ်သွားတယ်။ သေးသေးလေးကအစ Fine tuneသွားတယ်။ ဒါပေမယ့် Presentလိုက်တော့ ဘာမှတန်ဖိုးမရှိတဲ့အရာတစ်ခုလိုပဲ။ ကြာလာတော့ ဒီလိုတွေမခံချင်တော့ဘူး။ ငါဘာများမှားနေလို့ ဒီလောက်ထိ အပြောအဆိုခံနေရတာလဲ။
ကိုယ့်မို့လို့ ပြောနေသလို ခံစားလာရတယ်။ Presentationနေ့တွေဆို လုံးဝမသွားချင်ဘူး ပင်ပန်းတယ် ခံစားရတယ်။ ကိုယ်အချိန်ပေးပြီးလုပ်ထားတဲ့အရာတွေကို သစ်စိမ်းချိုးချိုးသလိုပြောသလို ခံစားလာရလို့။
ဘာဖြစ်တာလဲ။
- The Rabbit Hole Effect. ကိုယ်ပိုင်အတွေးလမ်းကြောင်းထဲ နစ်ဝင်သွားခြင်း။ ခါတလေကိုယ့်ရဲ့ကိုယ်ပိုင်ideaထဲပဲ နစ်ဝင်နေပြီးတော့ ဘေးလူပေးတဲ့အကြံဉာဏ်ကို လက်ခံဖို့ ခက်ခဲနေတတ်တယ်။ ကိုယ့်အတွေးသည်သာအကောင်းဆုံး၊ သူများတွေက ကိုယ့်ကို နားမလည်ဘူးလို့ ခံစားရတတ်တယ်။ ဘယ်ကိစ္စမဆို Emotionally attached မဖြစ်ဖို့အရေးကြီးတယ်။
- The Ego Bruise: အတ္တမာနထိခိုက်မှု။ ကိုယ်ဖန်တီးထားတဲ့အရာတစ်ခုကို ဝေဖန်လာကြတဲ့အခါ ကိုယ့်ကိုတိုက်ခိုက်သလိုခံစားလာကြရတယ်။ ကာကွယ်ချင်စိတ်တွေဖြစ်လာတယ်။ ဒါသဘာဝပဲ သို့သော် ကျော်ဖြတ်နိုင်ဖို့အရေးကြီးတယ်။
- Misinterpreting Passion: ကိုယ်နှစ်သက်ရာကိုလမ်းကြောင်းမှား ချိတ်ဆက်မိခြင်း။ ကိုယ်ဝါသနာပါတဲ့အရာက ပန်းချီဆွဲတာဖြစ်စေ ပုံဆွဲတာဖြစ်စေ ကျနော်ဆို ဓာတ်ပုံရိုက်တာပေါ့။ ဒါတွေကို ကိုယ်တက်နေတဲ့Majorမှာ အသုံးချလို့ရတယ်။ တချို့အချိန်တွေအသုံးဝင်တယ်။ တချို့အချိန်တွေ မဆိုင်တာမျိုးတော့ဖြစ်တတ်ပါတယ်။ ဘယ်ကိစ္စမဆို ကိုယ်ကြိုက်နှစ်သက်ရာ passionate ဖြစ်တဲ့အရာကို အသုံးချဖို့ အရေးကြီးပါတယ်။
ပညာသင်ယူတဲ့အခါ Humbleဖြစ်ဖို့အရေးကြီးတယ်။ အမြဲတစေသင်ယူဖို့တက်ကြွနေတဲ့သူ နားထောင်နိုင်တဲ့သူကရေရှည်အောင်မြင်နိုင်ပါလိမ့်မယ်။
အခက်အခဲများပိုမိုဆိုးရွားလာခြင်း။
နည်းပညာဆိုင်ရာကွာဟချက်
စစချင်း ဗိသုကာနဲ့ဆက်စပ်တဲ့Softwareတွေ (CAD, BIM, Adobe Suite)စတာတွေကို ကျွမ်းကျွမ်းကျင်ကျင်အသုံးမပြုနိုင်ဘူး၊ ကိုယ့်Laptopကိုယ်တိုင်ကိုက သိပ်အလုပ်မလုပ်နိုင်ဘူး။ ဒီတော့ မိမိideaကိုကောင်းကောင်းမွန်မွန်မဖော်ပြနိုင်ခဲ့ဘူး။ ဝေဖန်သုံးသပ်မှုတွေက ရှိရင်းစွဲArchitecture conceptတွေအပြင် Presentationပေါ်မှာပါ အခြေခံလာတယ်။ ဖိအားပိုမိုများပြားလာခဲ့တယ်။
Cultural Context
ကိုယ်တစ်ဘဝလုံးနေထိုင်လာတဲ့အရှေ့တောင်အာရှကနိုင်ငံလေး(မြန်မာ)ကနေ ကမ္ဘာတစ်ခြမ်းလောက်ဝေးကွာတဲ့ နေရာတစ်ခု(UK)က သမိုင်းကြောင်းတွေ၊ အဆောက်အဦးဖြစ်ပေါ်လာပုံတွေကစလို့ ရေမြေနဲ့ဆက်စပ်တဲ့အခြေအနေတွေကို ကာလတိုလေးအတွင်း နားလည်အောင်ကြိုးစားကြရတဲ့အခါ သိပ်ခက်ခဲတယ်။ အနီးစပ်ဆုံး နေဝင်နေထွက်ချိန်မတူညီတာ (ဆောင်းနွင်းဆို ညနေ ၄နာရီဆိုမိုးချုပ်ပြီ၊ နွေရာသီဆို ည၉နာရီ)။
နောက်ကျကျန်နေသလို ခံစားရခြင်း။
"အရှေ့အပတ်ကစာတွေလဲလုပ်ဖို့ကျန်သေးတယ်။ ဆရာမကအသစ်ပေးထားတာတွေလဲရှိသေးတယ်။ ဟိုဘာသာကစာတွေလဲမရေးရသေးဘူး။ Assignmentက နောက်တစ်ပတ်ဆိုထပ်ရတော့မယ်။"
အမြင်ပြောင်းလဲခြင်း။
အချိန်ကြာလာတော့ ကိုယ့်ကိုယ်ကိုပြောင်းလဲရမယ်ဆိုတာသိလာတယ်။ Turning Pointကဘယ်လိုဖြစ်သွားလဲဆိုတော့ "ဆရာမအကြံပေးတာကို တစ်ကြိမ်လောက် တုန့်ပြန်မှုမရှိဘဲ နားထောင်ကြည့်မယ်ကွာ။ စမ်းလုပ်ကြည့်မယ်ကွာ" ဆိုပြီး လုပ်ကြည့်ရာကနေစတယ်။
ဘာနားလည်လာလဲဆိုတော့ သူတို့ရဲ့ တာဝန်ကိုက ကိုယ့်ကို အခြေအနေအမျိုးမျိုးကို ကြုံတွေ့ခိုင်းမယ်။ ကိုယ်က ဒါတတ်သွားရင် သူတို့က နောက်တစ်ခုထပ်လုပ်ခိုင်းမယ်။ ၁၀ခုတတ်ရင် အခု ၂၀ လုပ်ခိုင်းမယ်။ ဥပမာ - ကိုယ်က အဆောက်အဦးတစ်ခုလုံးရေးဆွဲပြီးပြီဆိုရင် Detailလေးတွေ ပိုလုပ်ခိုင်းမယ်။ Detailလေးတွေပြီးပြီဆို Presentation တွေပိုကောင်းအောင်လုပ်ခိုင်းမယ်။ Presentationပြီးပြီဆို အရင်ကဟာတွေထဲလုပ်စရာထပ်ရှာခိုင်းမယ် အဲ့လိုပေါ့။
သူတို့ရည်ရွယ်ချက်ကတော့ ကိုယ့်ကို ပိုကောင်းတဲ့ပညာရှင်တစ်ယောက်ဖြစ်စေဖို့။
ဝေဖန်သုံးသပ်မှုအမျိုးမျိုး
Design Studio Cultureက သိပ်ကောင်းတယ်။ ကျောင်းသားအုပ်စုလေးတွေကိုယ်စီနဲ့စာအတူတူလုပ်ကြရတဲ့အခါ ကျောင်းသားအချင်းချင်းဝေဖန်သုံးသပ်ခိုင်းလို့ရတယ်။ စာနဲ့ပတ်သက်လို့ မေးခွန်းမေးလို့ရတယ်။ ကိုယ်တိုင်လဲ အခြားသူတစ်ဦးကို ကူညီပေးရင်း ပိုမိုတတ်မြောက်သွားနိုင်တယ်။
ဆရာတွေရဲ့စကားဝှက်
ဆရာတွေရဲ့ ဝေဖန်သုံးသပ်ချက်တွေက နယ်ပယ်ဆိုင်ရာစကားလုံးအသုံအနှုန်းတွေနဲ့ ပြည့်နှက်နေတတ်တယ်။ သူတို့အတွက်တော့ ပုံမှန်ဆိုပေမယ့် ကိုယ့်အတွက်တော့ အသစ်အဆန်းတွေပဲမို့ နားမရှင်းတတ်ဘူး။ ဒီအတွက် ပြန်မေးတတ်ဖို့အရေးကြီးပါတယ်။ နောက်ပြီးတော့ ဘယ်လောက်ပဲဆိုးတဲ့ကျောင်းသားဖြစ်ပါစေ တော်တဲ့ကျောင်းသားဖြစ်ပါစေ တန်းတူဆက်ဆံမှာဖြစ်တယ်။ မိမိကိုယ်ကို ဘယ်လိုကျောင်းသားလဲဆိုတာ မပြောလဲ မြင်တတ်အောင်တော့ကြည့်ဖို့လိုပါတယ်။
လက်တွေ့ကျတဲ့နည်းလမ်းများ
- အာရုံစိုက်နားထောင်ပါ။
- Feedbackထဲက အဓိကအချက်အလက်လေးတွေကိုမှတ်သားပါ။
- ချက်ချင်းကာကွယ်ပြောဆိုမယ့်အစား အသက်ရှူပါ။ ခဏစဥ်းစားပါ။
- ကောင်းမွန်တဲ့မေးခွန်းများပြန်လည်မေးမြန်းပါ။ ဒါကဘာကိုပြောချင်တာလဲ။ ဒါလုပ်သင့်တယ်လို့ပြောချင်တာလား။ ဒီလိုပြင်ဆင်လိုက်ရင်ကော အဆင်ပြေသွားမလာ။
- မိမိကိုယ်ကို အလုပ်နဲ့ခွဲခြားသိမြင်ပါ။ ဝေဖန်အသုံးသပ်ခံရတာက ကိုယ့်ရဲ့Projectဖြစ်တယ်။ ကိုယ့်ပကတိတန်ဖိုးမဟုတ်ပါဘူး။
ဝေဖန်သုံးသပ်မှုကို ခွန်အားအဖြစ်ပြောင်းလဲခြင်း။
ဒီလိုနဲ့ ဆရာဆရာမတွေဘာလုပ်ခိုင်းခိုင်း ရအောင်ကြိုးစားလုပ်ကြည့်တယ်။ တခြားနည်းလမ်းကောင်းတွေရှိနေရင်လဲ ပြောပြတိုင်ပင်ဆွေးနွေးတယ်။ ဘယ်ဟာအကောင်းဆုံးလုပ်ရမလဲဆိုတာ အဖြေရှာတယ်။
အရင်တုန်းကဆို ဆွေးနွေးကြတဲ့အခါ ကိုယ့်ကို မေးခွန်းတွေ တသီတတန်းနဲ့ရောက်လာပေမယ့် နောက်ပိုင်းမှာ ကိုယ့်ဘက်က မေးခွန်းတွေမေး၊ အဖြေတွေရှာပြီး Meetingတိုင်းကို ထိထိရောက်ရောက်အသုံးချနိုင်ခဲ့တယ်။ မစဥ်းစားမိတဲ့အရာတွေကိုလဲ ကိုယ့်ကိုပေးနေတုန်းပဲ။ ကိုယ်လဲဆက်ဖြေရှင်းနေတုန်းပဲ။
အထူးသဖြင့် ကိုယ်တွေလိုမျိုး Creativeဖြစ်တဲ့Majorဆိုတာက အဆင့်ဆင့်ပြုပြင်ပြောင်းလဲရတယ်။ ပြောင်းလဲမှုတွေက အဆက်မပြတ်ရှိနေမှာဖြစ်သလို အဆုံးသတ်သွားမှာမဟုတ်ပါဘူး။ ပြဿနာတွေဆိုတာလဲဆက်ရှိနေဦးမှာပဲ။
အခုအချိန်တက္ကသိုလ်က Critiquesတွေဆိုတာက အလုပ်ခွင်က Performance reviewတွေရဲ့ရှေ့ပြေးပုံစံတွေပါပဲ။ ဝန်ဆောင်မှုပေးရတဲ့အလုပ်လုပ်သူတိုင်းအတွက် Feedbackဆိုတာကြုံတွေ့နေရဦးမှာပါပဲ။ အဲ့အချိန်ကျရင်တော့Feedbackတိုင်းကဆရာဆရာမတွေပေးသလိုမျိုး ကောင်းစေချင်လို့ပေးတာချည်းဖြစ်မှာမဟုတ်တော့ပါဘူး။ မနာလိုလို့ ပြဿနာရှာတဲ့သူရှိမယ်။ ပိုက်ဆံမပေးချင်လို့ကိုမရှိရှိတာထောက်ပြတဲ့သူလဲရှိမယ်။
သုံးသပ်ဝေဖန်မှုတွေ
ကျနော့်အတွက်တော့ သုံးသပ်ဝေဖန်မှုဆိုတာ၂မျိုးရှိတယ်။ တစ်မျိုးက ကိုယ့်ကိုတကယ်ကောင်းစေချင်တဲ့သူတွေ ကိုယ့်ရဲ့အရင်းနီးဆုံးသူတွေတို့ ကိုယ့်စာလေးတွေကို အမြဲအားပေးနေတဲ့စာဖတ်မိတ်ဆွေတွေတို့ဆီကကြားရလေ့ရှိတဲ့စကားတွေ။
"စာလေးကကောင်းတယ်။ ဒါပေမယ့် အရမ်းရှည်တယ်။ စာလေးတိုတယ်။ အရင်လိုပြန်ရေး။ "
ဒုတိယတစ်မျိုးကတော့ အများဆုံးကြားရတဲ့စကားတွေ။ ကိုယ့်ကိုအလေးထားလို့တော့မဟုတ်ဘူး။ သူတို့ကိုယ်သူတို့ စိတ်အာသာပြေရေးလိုက်ကြတာမျိုး။
"ကြီးကြီးကျယ်ကျယ်နဲ့ရေးနေတယ်။ ဘာမှသိတာလဲမဟုတ်ဘူး"
ကိုယ့်ကိုတကယ်မုန်းတဲ့မကြိုက်တဲ့သူတွေဆီက ဝေဖန်မှုဆိုရင်တော့ ခါတလေလဲ ကောင်းတယ်ဗျိုး။ ကိုယ့်ကိုတကယ်တိုးတက်စေတဲ့သူတွေက အမှန်ကန်ဆုံးပြောရရင်တော့ကိုယ့်ရဲ့Haterတွေပဲလေ။ ဒါလေးကတော့ တစ်ဖြတ်။
နောက်မှဆုံတွေ့ကြမယ်ဗျိုး။