ရန်ကုန်မှာတက်ခဲ့တဲ့ OSSD ကျောင်း - ကျနော့်ရဲ့ အတွေ့အကြုံအမှန်

နိဒါန်း - အမှန်တရားကို ဖွင့်ဟခြင်း
ဒီစာကိုကျနော်ရေးရင်် ကျနော့်ကို လာပြောမယ့်သူတွေရှိတယ်၊ တခြားသူမဟုတ်ပါဘူး ကျနော့်အိမ်ကသူတွေပါ။ “OSSDက အချိန်နည်းနည်းလေးပဲကြာတာ။ ကံကောင်းလို့ ကျနော့်လို သူတွေကို လက်ခံတာ။ အရမ်းပွင့်ပွင့်လင်းလင်းမရေးနဲ့။ ကိုယ့်ကိုသိက္ခာထိခိုက်စေမယ့် မိသားစုအရေးအသားလေးတွေရှောင်ရေးပေးပါ။”
“OSSDက အမှတ်တွေအဆင်ပြေအောင်လုပ်ပေးထားတာ။ ကျောင်းကိုလက်တို့ရင်ဘယ်လိုလုပ်မလဲ” စသဖြင့်ပေါ့။ ကျောင်းက အဆင်ပြေအောင် လုပ်ပေးရအောင် လာဘ်ထိုးတိုင်းရတဲ့ကျောင်းမှမဟုတ်တာ။ (Remark: ဒါက လွန်ခဲ့သော ၁နှစ်က အခြေအနေပါ)
သူ့စာမေးပွဲသူစစ်ပြီး သူ့diplomaသူထုတ်ပေးတဲ့ ကျောင်းမျိုးလဲမဟုတ်ဘူး။ နိုင်ငံတကာအသိအမှတ်ပြု OSSD diploma ထုတ်ပေးတဲ့ကျောင်းလေ။
ကျနော့်ကျောင်းကိုကျနော်ကြိုက်လား။ ပျော်ပါတယ်။ အမှတ်တရတွေများစွာရှိခဲ့တယ်။ ကျောင်းတက်ဖို့ recommend ပေးလား။ ဆယ်တန်းပဲရှိတဲ့သူအတွက်အမြန်ဆုံးနည်းလမ်းလို့ထင်တာမို့ recommend ပါတယ်။ ဒါပေမယ့် တကယ့်ကျောင်းတက်တဲ့ experience ကိုရမလား။ မရဘူး။
ဒီတော့စကြရအောင်။
အပိုင်း (၁) - နောက်ခံဇတ်လမ်းနှင့် ကျောင်းသို့ရောက်ရှိခြင်း
ရန်ကုန်မှာကျနော်တက်ခဲ့တဲ့ကျောင်းက OSSD (Ontario Secondary School Diploma) ပါ။ A level equivalent diploma ပေါ့။ ကျောင်းနာမည်ကိုတော့တိုက်ရိုက်ပြောဖို့မလိုလောက်ဘူးထင်ပါတယ်။ ကျနော်ခုလိုရေးတာက ဝေမျှရုံသက်သက်ပဲ။ ကျောင်းကိုထိခိုက်လိုစိတ်မရှိဘူး။ လွန်ခဲ့သော တစ်နှစ်ခန့်ကအခြေအနေကိုပြောပြရုံပဲရှိတယ်၊ ပြောင်းလဲရင်လဲပြောင်းလဲသွားမှာပါ။ ကျောင်းအတွက် formal review ဆိုတာထက် ကျနော့်အတွေ့အကြုံကိုဝေမျှခြင်းသာဖြစ်တယ်။ မှားကောင်းမှားလိမ့်မယ်။
လမ်းပျောက်ခဲ့တဲ့ ကာလ
ကျနော်က အရင်တုန်းကတည်းကဆယ်တန်းကိုမပြီးခဲ့ဘူး။ COVID-19 နဲ့ ပြီးခဲ့ပြီးတော့ တကယ့်တကယ်ကျောင်းတက်ဖို့အချိန်မှာလဲ အာဏာသိမ်းမှုဖြစ်တယ်။ ကြားထဲမှာ စာတွေနဲ့လဲ ၁နှစ်ခွဲ ၂နှစ်လောက် အဆက်ပြတ်သွားတော့ အရင်ကစာတွေ မလုပ်ချင်တော့ဘူး။ ကျနော်လုပ်ချင်တာက တန်ဖိုးရှိတယ်လို့ခံစားရတဲ့ ပညာ။ ကျနော့်ရဲ့ အတန်းပညာမဟုတ်ရင်တောင် အတတ်ပညာ၊ တစ်နေရာရာမှာအသုံးချလို့ရမယ့် သို့မဟုတ်ကျနော့်ရဲ့တက်လမ်းတွေကိုတွန်းပို့ပေးနိုင်မယ့်အရာမျိုး။
အဲ့ဒီအချိန်မှာ ကျနော် ဘာကြောင့်ဘာအတွက်လုပ်နေတယ်ဆိုတာမသိဘူး။ အရင်တုန်းက ကျနော့်ကိုဘယ်သူမေးမေး ကျောင်းကိစ္စတွေကျနော်မဖြေနိုင်ဘူး။ "အော် engineerကြီးလုပ်မယ်၊ စင်ကာပူမှာကျောင်းတက်မယ်" ဆိုတာနဲ့ပဲ အချိန်ကုန်ခဲ့တယ်။ ရေရေရာရာရယ်မသိဘူး။
ဒီလိုနဲ့နှစ်တွေကြာလာတယ်။ ကြားထဲမှာကျနော် ပြဿနာတွေ၊ အိမ်နဲ့အဆင်မပြေမှုတွေ၊ ကျနော်ကိုယ်တိုင်ရဲ့ စိတ်ဓာတ်အတက်အကျနဲ့ အတော်လေးအဆက်ပြတ်ခဲ့တယ်။ ကျနော်က ကျောင်းကိုအရင်ကတည်းကသဘောမကျဘူးဗျ။ ဒါပေမယ့်တခြားသောအရာတွေဖြစ်တဲ့ ပုံတွေရိုက်တာတွေ၊ သီချင်းဖန်တီးတာတွေ၊ ရုပ်ရှင်တွေ၊ ဒီအနုပညာတွေကိုကျနော်ရူးသွပ်တယ်။ အရှုံးပေါင်းများစွာနဲ့ကျနော်ခက်ခက်ခဲခဲဖြတ်ကျော်ခဲ့တယ်။
လူတချို့ကလွဲ ဘယ်သူမှလဲကျနော့်ဘက်မှာမရှိခဲ့ဘူးလေ။ ဒါပေမယ့် ကျနော့်နေ့ရက်တွေကိုကျနော်တန်ဖိုးထားတယ်။ ဒီလိုနဲ့ကျောင်းတက်ဖို့အကြောင်းဖန်လာခဲ့တယ်။ ကျနော်ကျောင်းဆိုတဲ့အရာကိုငြင်းဆန်ခဲ့တာကြာပြီလေ။ နှစ်ချီနေပြီမို့ ပြန်မလှည့်ချင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် OSSD ဆိုတဲ့အရာလေးကိုတက်ဖို့ ကျနော်ရွှေဂုံတိုင်အဝိုင်းနားကိုသွားခဲ့တယ်။ ကျောင်းရောက်တယ်၊ ပတ်ဝန်းကျင်ကိုကြည့်ရင်း အိမ်နဲ့အတူမေးခဲ့တယ်။ ကျနော့်ဆုံးဖြတ်ချက်မပါပါဘူး။
ဒီလိုနဲ့ကျနော် ကျောင်းစတက်တယ်။
အပိုင်း (၂) - ကျောင်းပတ်ဝန်းကျင်နှင့် အတန်းဖော်များ
ကျနော်ကျောင်းစတက်တော့ ကျနော့်လိုမျိုးသူတွေကော တခြားသူတွေပါတွေ့ခဲ့တယ်။ ပိုက်ဆံတော်တော်ကုန်တဲ့ကျောင်းဆိုတော့ ချမ်းသာတဲ့မိသားစုက ဆင်းသက်လာတဲ့လူတွေများတာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ Rich kid ကျောင်းပေါ့ဗျာ။
ကျောင်းကအတန်းဖော်အတော်များများကတော့ တစ်ဦးနဲ့တစ်ဦးခင်ကြပါတယ်။ ဒါပေမယ့်ရည်ရွယ်ချက်ထွေထွေထူးထူးရယ်မရှိကြဘူး။ အိမ်ကတက်ခိုင်းလို့တက်ကြတယ်ဒါပဲ။ တစ်နှစ် ဒေါ်လာ ၁၃၀၀၀ ပေးရတဲ့ကျောင်းဆိုတော့လဲ ဒီလိုပေါ့ဗျာ။ ပျော်ကြပါးကြ ဘာညာပေါ့။
ခင်မင်ရတဲ့သူငယ်ချင်းတွေတချို့နဲ့လဲဆုံခဲ့ကြပါတယ်။ ဒါပေမယ့်ကျနော်က ကိုယ့်circleနဲ့ကိုယ်နေတတ်တဲ့သူဆိုတော့အပေါင်းအသင်းမများခဲ့ဘူး။ မနက်ဆို ကျနော် gymသွားတယ်။ ကျောင်းကိုနောက်ကျပြီးရောက်တယ်။ အိမ်ပြန်တယ်။ စာလုပ်တယ် နောက်တစ်နေ့စတင်တယ်။ ဒီလိုနဲ့ပဲ စက်တင်ဘာ ၂၀၂၂ ကနေ စခဲ့တယ်။
အပိုင်း (၃) - ဘာသာရပ်ရွေးချယ်မှု (Subject Selection)
ဒါက အရေးကြီးတဲ့အချက်ပါ။ Subject သေချာရွေးပါ။ ကျနော်ဒါတွေမသိခဲ့သလို subject ရွေးခဲ့တုန်းက ကျောင်းက staff ကလဲသေချာမရှင်းခဲ့ပါဘူး။
OSSD မှာ Subject အမျိုးအစားက 4U (for University), 4C (For College), နဲ့ 4M (For both) ဆိုတဲ့ ၃ခုရှိတယ်။ ကျောင်းမှာ 4U နဲ့ 4M ဆိုတဲ့ subject တွေပဲရှိတယ်။ ကျနော် Grade 12 မှစတက်တာဆိုတော့ ENG3U ဆိုတဲ့ Grade 11 English ကိုပါ တက်ခဲ့ရပါတယ်။
ကျနော်ယူခဲ့တဲ့ IT/Engineering ဘာသာရပ်များ:
- First Semester:
- ENG3U (Grade 11 English)
- MHF4U (Advanced Function Grade 12)
- SPH4U (Physics Grade 12)
- SCH4U (Chemistry Grade 12)
- Second Semester:
- MCV4U (Calculus and Vector Grade 12)
- ENG4U (Grade 12 English)
- AVI4M (Visual Arts Grade 12)
Business လမ်းကြောင်းအတွက် ဘာသာရပ်များ:
- English နှင့် သင်္ချာဘာသာရပ်များအပြင်:
- CIA4U (Economics Grade 12)
- BOH4M (Leadership Grade 12)
- BBB4M (International Business Grade 12)
အရေးကြီးသတိပေးချက်: Business လမ်းကြောင်းကို လူအများစုရွေးချယ်ကြတယ်။ သူ့အတွက်အခက်အခဲက 4U subject ၄ခုပဲပါတာပါ။ တချို့ကျောင်းတွေက 4U subject ၅ခုတောင်းပါတယ်။ အဲ့လိုကျောင်းမျိုးနဲ့တွေ့ရင်အဆင်မပြေပါဘူးနော်။ OSSD ရဲ့ဘာသာတွေက အများကြီးပါ၊ ကျနော်တို့ကျောင်းမှာ တက်လို့ရတဲ့ဟာက လက်တစ်ဆုပ်စာပဲရှိတာ။
အပိုင်း (၄) - ကျောင်း၏ အားနည်းချက်များနှင့် အဆင်မပြေမှုများ
- သင်ကြားရေးနှင့် ပတ်ဝန်းကျင်: ကျောင်းကတော့အဆင်မပြေဘူးဗျ။ စာတွေကို အဆင်ပြေသလိုသင်တယ်၊ နင်းကန်လုပ်ခိုင်းတယ်၊ စာသင်ချိန်အရမ်းများတယ်၊ ကျောင်းစာတွေမပြီးဘူး၊ အပြင် activities တွေမရှိသလောက်ရှားတယ်။ စာလုပ်စရာနေရာမရှိဘူး၊ library မရှိဘူး၊ စသဖြင့်အကုန်လုံးပေါ့။
- စီမံခန့်ခွဲမှုနှင့် ဝန်ထမ်းများ: ကျောင်းသားနဲ့ ကျောင်းတည်ထောင်သူကြားထဲက staff တွေနဲ့အဆင်မပြေဘူး။ စကားကောင်းကောင်းမွန်မွန်မပြောဘဲ ဟိုလိုလှည့်လိုက်ဒီလိုပြောလိုက်နဲ့ပြောတယ်။ ဆရာလိုလို ဆက်ဆံတယ်။ ကူညီပေးဖို့မကြိုးစားဘဲ ကျောင်းဖို့ကြိုးစားတယ်။ Professional လုံးဝမဆန်ဘူး၊ အရည်အချင်းမပြည့်မီဘူး။
- စည်းကမ်းနှင့် ယဉ်ကျေးမှု: College လို့သာဆိုတယ်၊ နိုင်ငံခြားသင်ရိုးသင်နေတဲ့ကျောင်းလို့သာဆိုတယ်၊ ပြောပုံဆိုပုံဆက်ဆံပုံတွေအကုန်လုံးက local ကျောင်းမှာဖြစ်နေတဲ့ပုံစံနဲ့ဘာမှမကွာဘူး။ အရင် စတိတ်ကျောင်းကပုံစံတွေဖိနှိပ်မှုတွေပေါ့ဗျာ။ ဘာမဟုတ်တဲ့စည်းမျဥ်းတွေ အရေးမပါတဲ့ စည်းကမ်းတွေနဲ့ စီမံထားတယ်။ ကျောင်းပြင်ထွက်ရင်တောင် ဟိုလိုစစ်လိုက်ဒီလိုမေးမြန်းလိုက်ဖုန်းတွေခေါ်လိုက်နဲ့။
- CCTV အသုံးပြုမှု: ကျောင်းရဲ့လုံခြုံရေးကိုအဓိကထားပြီး CCTV အသုံးပြုနေကြလားမှတ်တယ်၊ ဟိုနားက ကျောင်းသားတွေဘယ်လိုဆိုတာကိုလိုက်ကြည့်လိုက် ဒီကနေ လိုက်စစ်လိုက်နဲ့ပေါ့။ ဒါက CCTV ကိုအသုံးပြုတဲ့ပုံစံမှန်ကန်နေတာမှမဟုတ်တာ။ Ethic လဲမရှိဘဲမျိုးစုံပြောဆို။ Teachers’ pets လေးတွေကတော့ ပျော်တာပေါ့။
- ဆက်ဆံရေး: ကျောင်းသားနဲ့ ဆရာ/ကျောင်းသားနဲ့ staff တွေကြားထဲမှာ ညီမျှမှုဆိုတာမရှိဘူး။ လေးစားမှုလဲတစိုးတစေ့မျှမရှိ။
- Online သင်ကြားရေး: သူတို့ကျောင်းနဲ့ချိတ်ထားတဲ့ Yorkville High School ဆိုတဲ့ Canada ကျောင်းက ဆရာမကလဲ လုံးဝလေးစားမှုမရှိဘဲ ကျောင်းသားတွေကိုမျိုးစုံဆက်ဆံတယ်။ Online ကနေသင်ရင်မဖြစ်မနေ video ဖွင့်ရတယ်၊ အသံဖွင့်ရတယ်။ မဖွင့်ရင် kick တယ်။ ကျောင်းတက်နေချိန် စစချင်းအတန်းစတာနဲ့ရောက်မလာရင် ဘယ်တော့ရောက်ရောက် attendance မကောက်ဘူး။ ရေချိုးပြီးခါစမို့ အဝတ်လဲနေလို့ video မဖွင့်ဘူးဆိုရင်တောင် မျိုးစုံပြောတဲ့သူမျိုးပါ။
- စနစ်နှစ်ခုကြားက လွဲချော်မှု: Canada ဘက်ကနေ သင်ကြားစေချင်တဲ့ပုံစံနဲ့ဒီဘက်က ကျောင်းဘက်က သင်ကြားပေးတဲ့ပုံ မတူပါဘူး။ အခေါ်အဝေါ်တွေမတူဘူး၊ အမှတ်ပေးပုံမတူဘူး။ ပထမ semester တုန်းကဆို သင်္ချာက online ကနေသာသင်တယ်၊ Unit 1 မပြီးလိုက်ပါဘူး။
"အမှတ်တွေ အလကားပေးတယ်" ဆိုတဲ့ ကောလဟာလနောက်ကွယ်က အမှန်တရား
ကျောင်းက အမှတ်တွေအလကားပေးတယ်လို့ ပြောကြတဲ့သူတွေရှိတယ်။ အလကားပေးတယ်ဆိုတာက ဘာစာမှမလုပ်ရဘဲ၊ ဒါမှမဟုတ် ငွေနဲ့ပေါက်လိုက်ရုံနဲ့ အမှတ်တွေကောင်းအောင်ပေးတယ်လို့ ထင်ကြတယ်။
အမှန်တော့ဗျာ၊ အမှတ်ကောင်းအောင်ပေးမပေး ကျနော်မသိဘူး။ ဘာဖြစ်လို့ဆို ကျောင်းကပေးတဲ့ assignment တွေ፣ လိုအပ်တာအတော်များများကို ကျနော်ကိုယ်တိုင် ဖြည့်ဆည်းခဲ့ရတယ်။ စာမေးပွဲရလဒ်တွေကောင်းအောင်လဲ အသည်းအသန်ကြိုးစားခဲ့ရတယ်။ သက်ဆိုင်ရာဘာသာရပ်တွေအတွက် ပါမောက္ခတွေ၊ doctorate တွေနဲ့ပဲ ကျူရှင်ဆရာမတွေအဖြစ် သီးသန့်ခေါ်ယူပြီး သင်ခဲ့ရတယ်။
ပြဿနာက စာတွေက သိပ်ခက်လို့မဟုတ်ဘူး။ အဓိကက သင်ရတဲ့ သင်ရိုးဝန်နဲ့ အချိန်မမျှလို့ပါ။ ၃ လလောက်သင်ရမယ့်စာမျိုးကို ၁ ပတ်၊ ၂ ပတ်လောက်နဲ့တင် အပြီးဖြတ်တယ်။ ဆရာတွေက အဆင်ပြေသလိုသင်သွားတယ်၊ နားလည်ဖို့ခက်ခဲတဲ့ပုစ္ဆာတွေကို ဖြေရှင်းဖို့ထက်၊ ဒီသင်ရိုးမြန်မြန်ပြတ်ဖို့ကိုပဲ ဦးတည်သင်ကြားကြတယ်။
ဆရာတွေကလည်း ခေတ်နဲ့အညီ၊ နိုင်ငံတကာသင်ရိုးနဲ့အညီ ခန့်အပ်ထားတာမဟုတ်ဘဲ၊ မြန်မာကျောင်းမှာသင်တဲ့ပုံစံမျိုးတွေနဲ့ပဲ သင်ကြားကြတယ်။ ဒီတော့ ဘယ်လောက်ကြီးပဲ အခြေခံကောင်းတဲ့ကျောင်းသားဖြစ်စေ၊ assignment တွေ၊ unit test တွေ၊ အတန်းချိန်တွေကြားထဲမှာ ဘယ်လိုမှအမှီမလိုက်နိုင်ပါဘူး။
ဥပမာပြောရရင် အတန်းထဲမှာသင်သွားတာက "1+2=3" ဆိုရင်၊ စာမေးပွဲမှာမေးတာက “2x3=6” တောင်မဟုတ် "ထမင်းဘယ်လိုချက်ရလဲ" ဆိုတာမျိုးပဲ။ သင်ရိုးနဲ့မဆိုင်တဲ့၊ သင်မှန်းတောင်မသိလိုက်ရတဲ့အရာတွေကို မေးတာမျိုးဖြစ်နေတယ်။
ဒါဆို ဘာကြောင့် ဒီကျောင်းကို ဆက်တက်နေကြတာလဲ။
အဖြေကတော့ ရိုးရှင်းပါတယ်။ စစ်ကောင်စီအုပ်ချုပ်နေတဲ့နိုင်ငံ၊ စစ်ကျွန်ပညာရေးစနစ် စတင်ဖြစ်ပေါ်လာတဲ့အချိန်မှာ "Quality Control" ဆိုတာ ဘယ်ရှိတော့မလဲ။ အခွန်ပေးနိုင်ရင်၊ အဆင်ပြေအောင်ကပ်နိုင်ရင် လည်ပတ်ခွင့်ရနေတာမျိုးပါ။
ကျောင်းသားတွေအတွက် အဓိကဆွဲဆောင်မှုက အချိန်ကာလတိုတောင်းခြင်း ပါပဲ။ O level ပြီးတဲ့သူတစ်ယောက်ကနေ Grade 12 အောင် ဒီပလိုမာတစ်ခုကို အတိုဆုံး ၈ လနဲ့တင်ရနိုင်တဲ့အတွက်၊ ဒါကို အမြန်လမ်းတစ်ခုအနေနဲ့ ရွေးချယ်ကြတာဖြစ်ပါတယ်။
အပိုင်း (၅) - တက္ကသိုလ်လျှောက်ခြင်း (Consultancy အတွေ့အကြုံ)
ဒီလိုအခြေအနေတွေကြားထဲကနေ ကျော်ဖြတ်ခဲ့တယ်။ ကျောင်းလျှောက်ဖို့စတင်လာတယ်။
- Canada Consultant: ကျောင်းက agent က အဆင်လုံးဝမပြေပါဘူး။ သူ့အတွက်လုပ်ရတဲ့ကျောင်းသားပေါင်းများစွာနဲ့ သူ့ဟာနဲ့သူတောင်မနိုင်ပါဘူး။ စကားကိုအဆင်ပြေသလို ပြောပါတယ်။ ဒီဟာဟုတ်လားဆိုပြီး reconfirmation မေးတဲ့အခါကျ "ဟုတ်ချင်ဟုတ်ပါတယ်၊ မဟုတ်ချင်မဟုတ်ပါဘူး" ပြန်ရှာပေးတာမျိုး၊ ရှာဖို့လမ်းပေးတာမျိုးလဲမရှိပါဘူး။ တစ်ခါဆို TMU ဆိုတဲ့ Canada က university ကျောင်းလျှောက်ရင်း password မေ့သွားလို့ဆိုပြီးတော့ဖြစ်ပါတယ်။ အဲ့ password ရှာမရလို့ အဲ့ကျောင်းက offer မရလိုက်တဲ့အထိပါ။
- UK Consultant: သူကတော့အဆင်ပြေပါတယ်၊ အခုတော့မရှိတော့ပါဘူး။ ဘာမေးမေးသိတယ်၊ မသိရင်ရှာပေးပါတယ်။ ဘယ်ကျောင်းသားအတွက်ဘာလိုနေသေးလဲ၊ ဘာတင်ရဦးမယ်၊ ဘာပြင်ထားရမယ်ကအစ သိပါတယ်။ visa application ကအစ အကုန်လုံးသူပဲကူညီပေးပါတယ်။
ဒီလိုနဲ့ကျနော် ကျောင်းလျှောက်ဖို့စတင်လာခဲ့တယ်။
အပိုင်း (၆) - အရေးကြီးသတိပေးချက် (A Critical Warning)
ဒီဆောင်းပါးကိုရေးပြီး မကြာသေးခင်ကမှ ကျောင်းနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ သတင်းတစ်ခုထွက်ပေါ်လာပါတယ်။ အဲ့ဒါကတော့ ကျောင်းကချိတ်ဆက်ထားတဲ့ Canada က Yorkville High School ဟာ အသိအမှတ်ပြုမခံရတဲ့ (unauthorized) ဒါမှမဟုတ် ပိတ်ပင်ခံထားရတဲ့ (banned) ကျောင်းဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေပါပဲ။
ဒါကြောင့် ဒီကျောင်းကိုတက်ဖို့ စဉ်းစားနေတဲ့ ကျောင်းသားမိဘတွေအနေနဲ့ ဒါကို မဖြစ်မနေ ကိုယ်တိုင်စုံစမ်းစစ်ဆေးဖို့ အလေးအနက်တိုက်တွန်းလိုပါတယ်။
- ဘယ်လိုစစ်ဆေးမလဲ: သင်တို့ရဲ့ OSSD ဒီပလိုမာကို Canada နိုင်ငံ၊ Ontario ပြည်နယ်ရဲ့ ပညာရေးဝန်ကြီးဌာန (Ontario Ministry of Education) က တရားဝင်အသိအမှတ်ပြု၊ မပြုကို တိုက်ရိုက်ဆက်သွယ်မေးမြန်းပါ။
- သင်တက်ချင်တဲ့ တက္ကသိုလ်တွေကိုလည်း ဒီကျောင်းနဲ့ Yorkville High School တို့ရဲ့ ပူးပေါင်းမှုကနေရမယ့် ဒီပလိုမာကို သူတို့အသိအမှတ်ပြု၊ မပြုဆိုတာကို ကြိုတင် email ပို့ပြီးမေးမြန်းပါ။
နိဂုံးချုပ် - ကျနော့်ရဲ့ နောက်ဆုံးအမြင်
ဒီအတွေ့အကြုံအားလုံးကို ပြန်ကြည့်လိုက်တဲ့အခါ၊ ဒီကျောင်းက ကျနော့်အတွက်တော့ လိုအပ်တဲ့ qualification ကို အချိန်တိုအတွင်းရအောင် ယူခဲ့ရတဲ့ နေရာတစ်ခုပါပဲ။ ဒါပေမယ့် ပညာရေးအရရော၊ ပတ်ဝန်းကျင်အရပါ တကယ့်နိုင်ငံတကာကျောင်းတစ်ကျောင်းရဲ့ အနှစ်သာရကိုတော့ လုံးဝမရခဲ့ပါဘူး။
အဆုံးသတ်အနေနဲ့ ကျနော်ပေးချင်တဲ့အကြံဉာဏ်ကတော့၊ အမြန်ဆုံးလမ်းက အကောင်းဆုံးလမ်း အမြဲတမ်းမဟုတ်ပါဘူး။ သင့်ရဲ့ပညာရေးက သင့်ဘဝအတွက် အရေးအကြီးဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။ ဒါကြောင့် သေချာလေ့လာပါ၊ ခက်ခဲတဲ့မေးခွန်းတွေကိုမေးပါ၊ ပြီးတော့ သင့်ကို ကျောင်းသားတစ်ယောက်အနေနဲ့ရော၊ လူတစ်ယောက်အနေနဲ့ပါ တန်ဖိုးထားပြီး လေးစားမယ့်နေရာတစ်ခုကို ရွေးချယ်ပါ။
(Update 2024 July: ကျောင်းသားမိဘတွေ၊ ကျောင်းသားတွေကိုမေးကြည့်တာ ကျောင်းကတော့ ဘာမှမပြောင်းလဲသေးဘူး၊ ထိုနည်းလည်းကောင်းပဲတဲ့။)