အင်္ဂလိပ်စာကို 'ကြိုးစား' မနေတော့ဘဲ 'လိုအပ်' လာအောင် ဘယ်လိုလုပ်မလဲ

အင်္ဂလိပ်စာကို 'ကြိုးစား' မနေတော့ဘဲ 'လိုအပ်' လာအောင် ဘယ်လိုလုပ်မလဲ
"အင်္ဂလိပ်လိုတတ်ချင်တယ်လို့ ‘ကြိုးစား’မနေတော့ဘူး။ ကြိုးစားတယ်ဆိုတာက သက်သက်effortတစ်ခုထည့်ပြီးလုပ်တာ။ Effortသက်သက်ထည့်စရာမလိုဘူး။ သူ့ဟာနဲ့သူ ဒီဘာသာစကားကို ‘လိုအပ်’လာအောင်လုပ်ပါ။"

(ဖတ်ရန်ကြာချိန် - မိနစ် ၂၀)

ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီး စာရေးဖို့ ကျနော်အရည်အချင်းမှီရဲ့လားလို့ မိတ်ဆွေတို့အရင်ဆုံးတွေးမိကြမှာပါ။ IELTS 7.5 ရခဲ့တယ်၊ International school ရော Burmese school ရောတက်ဖူးတယ်၊ အင်္ဂလိပ်လိုရော မြန်မာလိုပါ စာတွေအများကြီးရေးဖူးတယ်။ ဒါပေမယ့် ဒါတွေက ကျနော်ဒီစာကိုရေးရခြင်းရဲ့ အဓိကအကြောင်းအရင်းမဟုတ်ပါဘူး။

အဓိကအကြောင်းအရင်းကတော့ ကျနော်လည်း တစ်ချိန်က သင်တို့လိုပဲဖြစ်ခဲ့လို့ပါ။ အင်္ဂလိပ်ကျောင်းတက်ခဲ့ပေမယ့် အင်္ဂလိပ်လို မပြောတတ်ခဲ့ဘူး။ မြန်မာကျောင်းရောက်တော့ ပတ်ဝန်းကျင်ကြောင့် ပိုဆိုးသွားတယ်။ နောက်ဆုံးမှာတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒီဘာသာစကားကို "စာ" တစ်ခုလိုမဟုတ်ဘဲ "လက်နက်" တစ်ခုလိုမြင်လာတဲ့အခါမှာမှ အရာအားလုံးက ပြောင်းလဲသွားခဲ့တယ်။

ဒီနေ့တော့ ကျနော် study website တွေ၊ app တွေအကြောင်းကို ပြောမှာမဟုတ်ပါဘူး။ ဒါတွေက လူတိုင်းရှာလို့ရပြီး ကျနော်ကိုယ်တိုင်လည်း အသုံးမပြုခဲ့ပါဘူး။ ကျနော်ပြောမှာကတော့ အင်္ဂလိပ်စာအပေါ်ထားတဲ့ သင့်ရဲ့ Mindset ကို အမြစ်ကနေလှန်ပြီး၊ သူ့ကို သင့်ဘဝရဲ့ မရှိမဖြစ်အစိတ်အပိုင်းတစ်ခုဖြစ်လာအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးအခေါ်နဲ့ လက်တွေ့နည်းလမ်းတွေအကြောင်းပါပဲ။


အပိုင်း (၁) - ကျနော်တို့ ဘာကြောင့် လမ်းမှားရောက်နေကြသလဲ

ခုခေတ်မှာ လူတိုင်းက အင်္ဂလိပ်လို ရေးတတ်၊ ပြောတတ်၊ နားထောင်တတ်ချင်ကြတယ်။ ဒီအတွက် သင်တန်းတွေတက်ကြတယ်။ တတ်နိုင်တဲ့သူတွေက နိုင်ငံခြားသင်ရိုးကျောင်းတွေတက်ကြတယ်။ တချို့ကတော့ ငွေမသုံးချင်လို့ online က video လေးတွေကြည့်၊ ကျူရှင်လေးတွေတက်ကြတယ်။

ဒါပေမယ့် တတ်တဲ့သူကတတ်ပြီး၊ မတတ်တဲ့သူက မတတ်မြဲမတတ်ဘူး။ ဘာလို့လဲ။

ပြဿနာက သင်တန်းကောင်း၊ မကောင်းမှာမဟုတ်ပါဘူး။ ပြဿနာက ကျနော်တို့က အင်္ဂလိပ်စာကို "ဘာသာရပ် (Subject)" တစ်ခုလို သဘောထားနေလို့ပါ။ ကျောင်းမှာသင်ရတဲ့ သင်္ချာ၊ သိပ္ပံလိုပဲ "စာမေးပွဲအောင်ဖို့"၊ "အမှတ်ကောင်းဖို့" ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ချဉ်းကပ်နေကြတယ်။

  • ဆယ်တန်းက အင်္ဂလိပ်စာ: Poem တွေကို အလွတ်ကျက်၊ Fill in the blanks တွေဖြေ၊ စာလုံး ၁၅၀ essay ရေးခိုင်းတယ်။ "Why did the man of music and dancing dance to the bubbling noise of the boiling rice?" ဆိုတဲ့မေးခွန်းက သင့်ရဲ့ English skill ကို တကယ်စစ်ဆေးနိုင်ရဲ့လား။ ဒါက ဘာသာစကားသင်နေတာမဟုတ်ဘူး၊ အလွတ်ကျက်စွမ်းရည်ကို စစ်ဆေးနေတာပါ။
  • သင်တန်းတွေရဲ့ ချဉ်းကပ်ပုံ: Grammar rule တွေကို အလွတ်ကျက်ခိုင်းတယ်၊ vocabulary list တွေပေးတယ်။ ဒါတွေက အရေးမကြီးဘူးလို့မဆိုလိုပါဘူး။ ဒါပေမယ့် ဒါတွေက ဘာသာစကားတစ်ခုရဲ့ "အရိုး" တွေသက်သက်ပါပဲ။ အသား၊ အရေ၊ အသွေးမပါဘဲ အရိုးချည်းသက်သက်က အသက်မဝင်ပါဘူး။

ဒီလိုချဉ်းကပ်မှုတွေကြောင့် အင်္ဂလိပ်စာက ကျနော်တို့အတွက် "လိုအပ်ချက် (Necessity)" တစ်ခုမဖြစ်လာဘဲ၊ "ဝန်ထုပ်ဝန်ပိုး (Burden)" တစ်ခုဖြစ်လာပါတယ်။


အပိုင်း (၂) - ကျနော့်ရဲ့ ကိုယ်ပိုင်အတွေ့အကြုံ - ပတ်ဝန်းကျင်က အဖြေလား

"မင်းက ငယ်ငယ်ကတည်းက နိုင်ငံခြားကျောင်းတက်ခဲ့လို့ အင်္ဂလိပ်လိုတတ်တာပေါ့" လို့ လူတွေထင်ကြပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို မလိမ်ညာဘဲပြောရရင်၊ ကျနော်တကယ်သိပ်မတတ်ခဲ့ပါဘူး။

ဟုတ်တယ်၊ ကျနော် နိုင်ငံခြားသင်ရိုးကျောင်းမှာ ၇ နှစ်လောက်တက်ခဲ့တယ်။ ဒါက အထောက်အကူဖြစ်ခဲ့လား၊ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီမှာ ချွင်းချက်တွေအများကြီးရှိတယ်။

  • သင်ကြားရေးအရည်အသွေး: ကျနော်တက်ခဲ့တဲ့ကျောင်းက နိုင်ငံခြားသင်ရိုးကို "မရရအောင်" သင်ပေးတဲ့ပုံစံမျိုးပါပဲ။ ဆရာမတွေရဲ့ အရည်အချင်း၊ သင်ကြားပုံစနစ်တွေမှာ လိုအပ်ချက်တွေအများကြီးရှိခဲ့တယ်။ Native speaker ဆရာဆိုလို့ တစ်ယောက်ပဲရှိပြီး၊ သူကလည်း နိုင်ငံခြားသားဖြစ်ရုံသက်သက်နဲ့ ဆရာဖြစ်လာတဲ့ပုံစံမျိုးပါ။ အင်္ဂလိပ်ဖြစ်တိုင်း အင်္ဂလိပ်စာသင်လို့မရပါဘူး။
  • ပတ်ဝန်းကျင်: အတန်းထဲမှာ ဆရာတွေက မြန်မာလိုပဲရှင်းပြတယ်၊ ဖတ်ပြတယ်။ ကျောင်းသားအချင်းချင်းလည်း မြန်မာလိုပဲပြောကြတယ်။ "English-speaking environment" ဆိုတာ နာမည်ခံသက်သက်ပါပဲ။

ဒီအတွေ့အကြုံက ကျနော့်ကိုပြတာကတော့ ပတ်ဝန်းကျင်ထဲရောက်သွားရုံနဲ့ ဘာသာစကားတစ်ခုက အလိုလိုတတ်မြောက်လာမှာမဟုတ်ဘူးဆိုတာပါပဲ။


အပိုင်း (၃) - Mindset ကို ပြောင်းလဲခြင်း - Skill မှ Tool သို့

အင်္ဂလိပ်စာတိုးတက်ဖို့အတွက် ပထမဆုံးလုပ်ရမှာက သင့်ရဲ့ Mindset ကိုပြောင်းလဲဖို့ပါပဲ။

အင်္ဂလိပ်စာကို "Skill" တစ်ခုလို မမြင်ပါနဲ့၊ "Tool" တစ်ခုလို မြင်ပါ

  • Skill (ကျွမ်းကျင်မှု): ဒါက "ရှိရင်ကောင်းတယ်" ဆိုတဲ့အရာတစ်ခုပါ။ ဥပမာ - ပန်းချီဆွဲတာ၊ ဂီတတူရိယာတီးတာမျိုးပေါ့။ လူတိုင်းမလိုအပ်ပါဘူး။
  • Tool (လက်နက်/ကိရိယာ): ဒါက "မရှိမဖြစ်လိုအပ်တယ်" ဆိုတဲ့အရာတစ်ခုပါ။ အိမ်တစ်လုံးဆောက်ဖို့ တူတစ်လက်၊ လွှတစ်လက်လိုအပ်သလိုမျိုး၊ အခုခေတ်မှာ ဘဝကိုတည်ဆောက်ဖို့၊ အသိပညာရှာဖွေဖို့၊ ကမ္ဘာကြီးနဲ့ချိတ်ဆက်ဖို့ အင်္ဂလိပ်စာဆိုတဲ့ "Tool" က မရှိမဖြစ်လိုအပ်ပါတယ်။

သင်က တူတစ်လက်ကို ဘယ်လိုသုံးရမလဲဆိုတာကို "ကြိုးစားပြီး" သင်ယူနေမှာမဟုတ်ပါဘူး။ သံတစ်ချောင်းရိုက်ဖို့ "လိုအပ်" လာတဲ့အခါမှာ အလိုလိုကောက်ကိုင်ပြီး သုံးလိုက်မှာပါပဲ။ အင်္ဂလိပ်စာကိုလည်း အဲ့ဒီလိုသဘောထားရပါမယ်။


အပိုင်း (၄) - လက်တွေ့နည်းလမ်းများ - သင့်ဘဝထဲသို့ အင်္ဂလိပ်စာကို ရက်လုပ်ခြင်း

"ကြိုးစား" နေတာကိုရပ်ပြီး "လိုအပ်" လာအောင်လုပ်ဖို့အတွက်၊ အင်္ဂလိပ်စာအတွက် အချိန်သက်သက်ပေးစရာမလိုဘဲ၊ သင်နေ့စဉ်လုပ်နေတဲ့အရာတွေထဲကို သူ့ကို ရက်လုပ်ထည့်သွင်းရပါမယ်။

  • သင်ဟင်းချက်ရတာကြိုက်လား။ YouTube မှာ မြန်မာလို ဟင်းချက်နည်းတွေကြည့်မယ့်အစား၊ Made with Lau, Max the Meat Guy, Nick DiGiovanni တို့လို နိုင်ငံခြား Youtuber တွေရဲ့ channel တွေကို subscribe လုပ်ပြီး လိုက်ကြည့်ပါ။ Recipe တွေကို အင်္ဂလိပ်လိုလိုက်ဖတ်ပါ။ "Foie Gras" ဆိုတာ ဘဲအသည်းမှန်း သင်အလိုလိုသိလာပါလိမ့်မယ်။
  • သင် Tech ပစ္စည်းတွေစိတ်ဝင်စားလား။ Mrwhosetheboss, Ali Abdaal တို့လို tech reviewer တွေရဲ့ video တွေကို နားထောင်ပါ။ သူတို့ရဲ့ စကားပြောအမြန်နှုန်းက သင့်ရဲ့ listening skill ကို အများကြီးတိုးတက်စေပါလိမ့်မယ်။
  • မနက်တိုင်း ဖုန်းသုံးတတ်လား။ သတင်းတွေဖတ်မယ့်အစား၊ Tiago Forte လို productivity guru တွေရဲ့ newsletter ကို subscribe လုပ်ပြီး ဖတ်ကြည့်ပါ။
  • ရုပ်ရှင်ကြည့်ရတာကြိုက်လား။ မြန်မာစာတန်းထိုးနဲ့မကြည့်ဘဲ၊ English subtitles နဲ့ကြည့်ပါ။ နောက်ပိုင်းမှာတော့ ဘာ subtitle မှမပါဘဲ ကြည့်နိုင်အောင်ကြိုးစားပါ။
  • သတင်းဖတ်ရတာကြိုက်လား။ Apple News လို app မျိုးမှာ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခု (ဥပမာ - ကင်မရာ၊ celebrity) ကိုပဲ အင်္ဂလိပ်လို ပုံမှန်ဖတ်တဲ့အကျင့်လုပ်ပါ။

ဒီနည်းလမ်းတွေက သင့်ကို အချိန်သက်သက်မပေးရဘဲ၊ သင်ပျော်ရွှင်တဲ့အရာတွေကိုလုပ်ရင်းနဲ့ပဲ အင်္ဂလိပ်စာကို သင့်ဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာအောင် လုပ်ပေးပါလိမ့်မယ်။


အပိုင်း (၅) - ကြောက်ရွံ့မှုကို ရင်ဆိုင်ခြင်း

IELTS ဖြေတုန်းကရော၊ သူငယ်ချင်းတစ်ယောက်ကို Duolingo ဖြေဖို့ကူညီပေးခဲ့တုန်းကပါ ကျနော်သိခဲ့ရတာတစ်ခုရှိတယ်။ ဘယ်စာမေးပွဲကမှ သင့်ရဲ့အင်္ဂလိပ်စာအရည်အချင်းကို ၁၀၀% မစစ်ဆေးနိုင်ပါဘူး။

  • ကြောက်ရွံ့မှုကို ကြောက်ရမှာကို ကြောက်ပါ: စာမေးပွဲမှာ စကားပြောရတဲ့အခါ သင်ကြောက်နေရင်၊ စာစစ်သူက သင် "မပြောတတ်လို့" မပြောတာလို့ပဲ ယူဆသွားမှာပါ။ တကယ်တော့ ကြောက်တယ်ဆိုတာက ကြောက်နေတာသက်သက်ပါပဲ။ ကိုယ်ဘယ်လောက်တတ်လဲဆိုတာကို "ပြ" မှရမှာပါ။
  • Open-minded ဖြစ်ပါ: ကိုယ့်အသံထွက်မကောင်းဘူးလို့ သူများကပြောရင် လက်ခံလိုက်ပါ။ ပြင်ဆင်ပါ။ ဒါပေမယ့် သက်သက်ကြီးလာလှောင်တာဆိုရင်တော့ ဂရုမစိုက်ပါနဲ့။ မြန်မာလိုကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တာကလည်း အရည်အချင်းတစ်ခုပါပဲ။
  • ကိုယ့်အခြေအနေကိုယ် လက်ခံပါ: ငါအင်္ဂလိပ်လိုမပြောတတ်သေးဘူးဆိုတာကို ဝန်ခံပါ။ ပြီးရင် အဲ့ဒီအဆင့်ကနေစပြီး ကြိုးစားပါ။ အသက်အရွယ်မရွေးပါဘူး။

နိဂုံးချုပ် - သင်၏ Task

ဒီစာကိုဖတ်ပြီးသွားပြီဆိုရင် သင့်အတွက် task လေးတစ်ခုရှိပါတယ်။ ဒီစာထဲက သင်သိလိုက်ရတဲ့အချက် ၃ ချက်ကို အင်္ဂလိပ်လို စာရွက်ပေါ်မှာဖြစ်စေ၊ စိတ်ထဲမှာဖြစ်စေ ပြန်ပြောကြည့်ပါ။ ၅ မိနစ်လောက်ပဲအချိန်ယူပါ။ ဒါက သင့်ရဲ့ "လိုအပ်ချက်" ကို စတင်ဖန်တီးလိုက်တဲ့ ပထမဆုံးခြေလှမ်းပါပဲ။

နောက်ဆုံးတော့၊ အင်္ဂလိပ်စာဆိုတာက တက်တောင်မှတက်ရမယ့် ဘာသာရပ်တစ်ခုမဟုတ်ပါဘူး။ ဒါက သင့်ကို ကမ္ဘာကြီးနဲ့ချိတ်ဆက်ပေးမယ့်၊ အသိပညာတံခါးတွေကိုဖွင့်ပေးမယ့်၊ အခွင့်အလမ်းအသစ်တွေကို ယူဆောင်လာပေးမယ့် အစွမ်းထက်တဲ့ "Tool" တစ်ခုသာဖြစ်ကြောင်း မျှဝေရင်း…။


Read more

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

ဒီStudent Visaကိစ္စအပြောင်းအလဲနဲ့ပတ်သက်ပြီး ကျနော်အကြံပြုချင်တာရှိပါတယ်။ ဒါက Studentတွေရော Education Providerတွေရောကိုပါ အကျုံးဝင်ပါတယ်။ ပထမတစ်ခု။ နိုင်ငံအပြောင်းအလဲ။ ကျနော်တို့လို ကျောင်းသားအမျ

By Moe Htet
UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

သတင်းတွေမှာ UK က မြန်မာအပါအဝင် နိုင်ငံ ၄ နိုင်ငံ (အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ ဆူဒန်၊ မြန်မာ) ကို Student Visa (ကျောင်းသားဗီဇာ) ပိတ်လိုက်ပြီဆိုတဲ့ သတင်းတွေ တက်လာတော့ လူတေ

By Moe Htet