အင်္ဂလန်က နေ၊စား၊ကျောင်းစရိတ်

ဒီစာလေးကMoe Notesကိုစတင်ဖြစ်ပေါ်လာစေတဲ့စာလေးရဲ့ Updated Versionပါ။ အရင်တုန်းကPostကိုဖတ်ချင်ရင်တော့ Commentထဲမှာဝင်ကြည့်နိုင်တယ်။ လောလောဆယ်တော့ ဒါလေးဆက်ရေးပါမယ်။
ကျနော်က အောက်စဖို့မြို့၊ Oxford Brookes Universityမှာတက်နေတဲ့ Undergraduate ဗိသုကာ(architecture) ကျောင်းသားပါ။ ဒီနေ့Postမှာတော့ နေစရာကိုအဓိကထားပြီးတော့ အစားအသောက် သွားလာစရိတ် ကျောင်းစရိတ်တွေကိုရေးသားချင်ပါတယ်။ စျေးနှုန်းလေးတွေလဲတွက်လို့ရသွားတာပေါ့။
ကျောင်းစရိတ်
ကျနော်တက်တာက Architecture Course၊ ပြီးတော့ Oxfordမြို့မှာဆိုတော့ စျေးကြီးတာတွေချင်းစုသွားသလိုဖြစ်တယ်။ ကုန်ကျစရိတ်အတော်လေးများပါတယ်။ ကျနော့်လိုမျိုး Traditional 3 year courseအတွက် ကျောင်းရွေးစရာများပါတယ်။ သို့သော် မြန်မာကျောင်းသားတွေအများစုတက်ကြတဲ့ Final Year Entry (Top-up Degree)အတွက်ကတော့ ရွေးစရာနည်းပါတယ်။
(ဒီလမ်းကြောင်းကို ကျနော်Recommendမလုပ်ဘူး။ ကျနော်သာဆိုရင်လဲ မတက်ဘူး။ သို့သော် ဒီစာက ကုန်ကျစရိတ်အဓိကမို့လို့ မဖော်ပြတော့ဘူး။ Postဖတ်ချင်ရင်Commentထဲကြည့်နိုင်ပါတယ်။)
Final Year Entry Top-up Degree ဆိုတာကတော့ မြန်မာပြည်ကနေ Higher National Diploma (HND) ၂နှစ်တက်၊ နောက်ဆုံးတတိယနှစ်ကို UKမှာလာတက်ရတဲ့ဒီဂရီပါ။ အချိန်ကုန်ငွေကုန်သက်သာတယ်။ သူတို့အတွက် စရိတ်ကတော့ ပေါင် ၁၅၀၀၀-၂၀၀၀၀ ကြားရှိပါတယ်။ ရတဲ့ကျောင်းတွေက University of Sunderland, University of Hertfortshire, Oxford Brookes, UWE Bristol, Middlesex, Sheffield Hallam, University of Northampton,..
Undergraduate (ဘွဲ့ကြို)အတန်းတွေက ပျမ်းမျှ ၃နှစ်ကြာပါတယ်။ Foundationပါပါရင်တော့ ၄နှစ်ပါ။ ကျောင်းစရိတ်ကတော့ အနည်းဆုံး ပေါင် ၁၅၀၀၀ - ၂၀၀၀၀ကြားရှိတယ်။ အဆင့်ပိုကောင်းတဲ့ ပိုသက်တမ်းမြင့်တဲ့ အလုပ်ရလွယ်တဲ့တက္ကသိုလ်တွေ Lab-Based/Workshop-Based Courseတွေ၊ Clinical Courseတွေဆိုရင်တော့ စျေးပိုကြီးပါတယ်။ ပေါင် ၂၅၀၀၀ အထက်ရှိတတ်ပါတယ်။
ကျောင်းတွေကောင်းမကောင်းကတော့ Courseတစ်ခုချင်းစီပေါ်ရော မိမိအပေါ်ပါ အများကြီးမူတည်ပါတယ်။ ကျောင်းကောင်းတစ်ခုကို ဝင်ခွင့်ရတယ်။ သို့သော် ဖာသိဖာသာပဲကျောင်းတက်တယ်။ ဘွဲ့လဲရရော အမှတ်ကမကောင်း၊ ကြိုးစားမထားတော့ အလုပ်ကမရ၊ ကျောင်းကိုအပြစ်တင်။ ဖြစ်တတ်ပါတယ်။
နေစရာ
ဘယ်နေရာမှာနေလဲ။
ကျနော်ကတော့စရောက်ရောက်ချင်း မြို့ကိုမကျွမ်းကျင်သေးလို့ Universityကချပေးတဲ့အဆောင်မျိုးမှာနေတယ်။ နေစရာနဲ့ပတ်သက်တဲ့ကိစ္စအဝဝ (အိမ်ငှားခပေးချေရတာ၊ အဆောင်ရှာဖွေရတာ၊ အာမခံပေးမယ့်သူမလိုအပ်တာ၊..) ကို အခုမှကျောင်းလာတက်တဲ့သူတွေအတွက်အဆင်ပြေအောင်ဖန်တီးပေးထားတာမို့လို့ ကျနော့်အတွက်တော့သိပ်အဆင်ပြေပါတယ်။
ရောက်တာအချိန်တစ်ခုကြာသွားပြီဆိုတဲ့သူတွေဆိုရင်တော့ ကိုယ်နေချင်တဲ့နေရာမျိုးကို ရှာဖွေတတ်ပြီ။ ဒီအချိန်မှာ ကိုယ်လိုချင်တဲ့အရာတွေနဲ့ပြည့်စုံတဲ့အဆောင်တစ်ခုကို ရှာဖွေရပိုမိုလွယ်ကူပါပြီ။ Private Student Accomodationတွေ၊ အပြင်အိမ်တွေငှားလို့ရပြီ။ သို့သော် စစရောက်ရောက်ချင်းသူတစ်ဦးအတွက် University Managed Accomodation(ကျောင်းမှစီမံခန့်ခွဲတဲ့အဆောင်) ကိုrecommendပါတယ်။ ဒါကဘယ်မြို့မဆိုပါ။
နေစရာဘယ်လိုရွေးချယ်လဲ။
Oxfordမြို့မှာဆို Oxford Universityနဲ့Collegeအပေါင်းအပါတွေမှာတက်တဲ့သူတွေနဲ့ Oxford Brookesမှာတက်တဲ့သူတွေ၊ ပြီးတော့ အလုပ်လုပ်တဲ့သူတွေ မြို့ခံတွေဆိုပြီး နေကြတဲ့နေရာတွေကွဲပြားကြတယ်။ စျေးလဲပေါ သွားလာရတာလဲသိပ်မပြေတဲ့ ဂျောင်ကျတဲ့နေရာမျိုးတွေလဲရှိတယ်။ ဒီလိုပဲ အလုပ်၊ကျောင်း၊ မြို့ထဲဘက်နဲ့နီးတယ် စျေးတော့ကြီးတယ်ဆိုတဲ့နေရာမျိုးတွေလဲရှိတယ်။ ကိုယ်ရှာရင်ရှာတတ်သလောက် ကိုယ်နဲ့ကိုက်တဲ့နေရာမျိုးတော့ရနိုင်ပါလိမ့်မယ်။
- တူတူနေမယ့်သူရှိလား အဖော်ရှိလား။
- နေချင်တဲ့နေရာရယ်လို့သီးသန့်ရှိလား ကျောင်းနဲ့နီးတာမျိုးမှာနေချင်လား မြို့ထဲဘက်လား မြို့ပြင်ဘက်ရောအဆင်ပြေလား။
- လူ ဘယ်နယောက်လောက်shareချင်လဲ။
- ဘာကိုShareချင်လဲ (မီးဖို့ချောင်လား ရေချိုးခန်းလား အခန်းအပါအဝင်လား)။
- ကိုယ်နေမယ့်အဆောင်အတွက်အာမခံပေးမယ့်သူ သို့မဟုတ် Gurantor serviceရှိမရှိ လိုမလို။
စစချင်းတုန်းကတော့ အခန်းဖော်နဲ့နေရလဲအဆင်ပြေပါတယ်ပေါ့။ နေရတာ နှစ်ချီသွားတော့အခန်းဖော်တွေအဝင်အထွက်ပေါင်းများစွာ အိမ်ပြောင်းရတဲ့အကြိမ်များစွာနဲ့သိလိုက်ရတာကတော့ အခန်းငှားတဲ့အခါဖြစ်နိုင်ရင် အပေါင်းအသင်းမိတ်ဆွေတွေနဲ့စပ်မငှားနဲ့ မျက်နှာထောက်စရာတွေဖြစ်လာတတ်တယ်။ အကောင်းဆုံးကတော့ဘာလုပ်လုပ် တစ်ယောက်တည်းလုပ်လို့ရတာမှန်သမျှအကုန်လုံးလုပ် ဘယ်သူ့မှအကူအညီမတောင်းနဲ့။
Locationကကောအရေးပါရဲ့လား။
စစချင်းတည်နေရာရွေးချယ်မယ်ဆိုရင်တော့ ခက်ခဲကောင်းခက်ခဲနိုင်မယ်။ မြို့ရဲ့အထာကိုလဲမသိ၊ မကျွမ်းကျင်တဲ့သူတစ်ဦးအတွက်တော့ ကျောင်းသားအဆောင်တွေရွေးချယ်လိုက်တာဆိုပိုမှန်မယ်။ ကိုယ်တက်မယ့်ကျောင်းကနေmanageလုပ်ထားတဲ့အဆောင်တွေရဲ့အားသာချက်က နေရာထိုင်ခင်းက တော်ရုံတန်ရုံမဝေးဘူး။ အပြင်အိမ်တို့အဆောင်တို့ဆိုရင်တော့ ကားမှတ်တိုင်နဲ့တောင်ဝေးနေတာမျိုးဖြစ်နိုင်ပါတယ်။
ကိုယ့်မြို့ရဲ့အဓိကtransportationပုံစံက ဘာလဲ၊ ကားနဲ့လား စက်ဘီးနဲ့လား အမြန်ရထားလား အဖြေရှာပါ။ ကိုယ့်လိုကျောင်းသားတွေဘယ်လိုနေထိုင်လဲစုံစမ်းပါ။ အဲ့တာအကောင်းဆုံးပါပဲ။
ဘယ်မြို့ဘယ်ရပ်ကွက်မဆို ကိုယ်နဲ့ကိုက်တာရှိမယ် မကိုက်တာရှိမယ်။ ကျနော်ဆိုရင်တော့ ကျောင်းတက်ရက်အတွင်းဆို ကျောင်းသားတွေအနေနည်းတဲ့နေရာမျိုး ပတ်ဝန်းကျင်ရောလူနေမှုအဆင့်အတန်းရောအဆင်ပြေတဲ့နေရာမျိုး ပိုကြိုက်တယ်။ ညဘက်တွေသီချင်းသံတွေနဲ့မဆူညံ့ဘူး။ ဘယ်အချိန်ဖြစ်ဖြစ် အပြင်ထွက်ရအဆင်ပြေတယ်။ ဒုစရိုက်စိတ်ပူဖို့မလိုဘူး ဒီလိုပါ။
နောက်တစ်ချက်က စျေးပေါတိုင်း အခန်းကအဆင်ပြေချင်မှပြေမယ် အောင့်အီးသည်ခံပြီး နေလို့ရချင်မှရမယ်။ ဥပမာ - စုတ်ပြတ်နေတဲ့အခန်းတစ်ခန်းငှားမိတယ်။ညစ်ပတ်လို့အစားအသောက်အိမ်မှာချက်လို့မရဘူး။ အပြင်ထွက်စားရတယ်။ ငွေပိုကုန်တယ်။ နေရာအရမ်းဝေးတဲ့အခန်းမျိုးငှားမိတယ်။ သွားရလာရအရမ်းဝေးတယ်။ အချိန်ကြာတယ်။ တစ်ခုခုသွားစရာရှိရင် ကားအဆင့်ဆင့်စီစဥ်ရတယ်။ ကြိုသွားရတယ်။အဆင်မပြေဘူး။
အခန်းငှားခနှုန်းထားများ
မြို့တိုင်းလိုလိုမှာမြင်ရတာကတော့ University Managed Accomodationတွေရဲ့စျေးက Averageလောက်ရှိပါတယ်။ သူ့ထက်နည်းတဲ့အိမ်ခန်းတွေလဲရှိတယ် များတဲ့အိမ်ခန်းတွေ ပိုရှိပါတယ်။
ကျောင်းအဆောင်အများစုက လူအများ(၅ယောက်-၁၀ယောက်ဝန်းကျင်) နဲ့မီးဖိုချောင်ဖြစ်စေ ရေချိုးခန်းဖြစ်စေ ဝေမျှရတယ်။ အခန်းခသက်သာတယ်။ သူငယ်ချင်းတွေလဲရတတ်တယ်။ သို့သော် အများနဲ့နေရတဲ့အတွက် အနေကျဥ်းကြပ်တယ်။ တစ်ဦးတည်းနေရတာကြိုက်တဲ့သူအတွက်တော့ အဆင်မပြေဘူး။
Londonတို့, Oxford, Cambridgeတို့လိုမျိုး စျေးကြီးတဲ့မြို့တွေက တစ်ဦးကို တစ်လကို ပေါင် ၈၀၀ ကနေ ၁၀၀၀အထိ ပျမ်းမျှပါ။ စျေးပိုသက်သာလောက်တဲ့ Sheffield, Liverpool, Newcastle, မြောက်ပိုင်းက မြို့ငယ်လေးတွေ (Middlesbrough, Sunderland)တို့မှာဆိုရင်တော့ တစ်လမှ ပေါင် ၄၅၀ ကနေ ပေါင် ၆၀၀ကြား ပျမ်းမျှရှိပါတယ်။
တက္ကသိုလ်အများစုမှာ ကိုယ်ပိုင်အဆောင်တွေရှိပြီး၊ အဲဒီအဆောင်တွေရဲ့ စျေးနှုန်းကို တက္ကသိုလ်ရဲ့ website တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
အပြင်အိမ်ခန်းကောအဆင်ပြေလား
စစလာလာချင်းသူတစ်ဦးအတွက် အပြင်agentနဲ့ အပြင်အိမ်ခန်းမျိုးရှာဖို့ အကြံမပေးချင်ဘူး။ ရွေးရင်ရွေးတတ်သလို စျေးကတော့နည်းကောင်းနည်းနိုင်တယ်။ ကိုယ်လိုချင်တဲ့အခန်းမျိုးရနိုင်တယ်။သို့ပေမယ့်
- Tenancy Agreementကိုသေချာဖတ်ရမယ် လုပ်ခွင့်ရှိတာတွေနဲ့လုပ်ခွင့်မရှိတာတွေကြား အရွေးမတတ်ရင် နေတဲ့တောက်လျှောက်ခံရနိုင်တယ်။
- စက်ပစ္စည်းပျက်တာမျိုးပဲဖြစ်စေ တံခါးလော့ပျက်တာဖြစ်စေ ရေပိုက်ခေါင်းပျက်တာပဲဖြစ်စေ လာပြင်ခိုင်းရလောက်မယ်။ ဒီအတွက်ကုန်ကျစရိတ်ဘာတစ်ခုမှ ပါဝင်မှာမဟုတ်သလို လူခေါ်တာမျိုးကအစ သပ်သပ်ခေါ်ရမယ်ပေးရမယ် အချိန်သိပ်ကြာတယ်။
- ကျောင်းသားတစ်ဦးဖြစ်ရင်တော့ အကောင်းဆုံးက ကျောင်းသားအတွက်သီးသန့်ဖန်တီးထားတဲ့အဆောင်မျိုးနေပါ။ ကျောင်းပြီးသွားတဲ့အခါ နေချင်လို့တောင်နေလို့ရတော့မှာမဟုတ်ပါဘူး။
- ကျောင်းသားအများစုက ပျမ်းမျှ (သို့မဟုတ်) ပျမ်းမျှထက်နည်းတဲ့စျေးပဲပေးချင်ကြတာမို့လို့ ဂျင်းတွေ (အခန်းထင်သလောက်မကောင်းတာ၊ ပစ္စည်းအသုံးပြုရတာမလွတ်လပ်တာ၊ ပိုးဟပ်တွေရှိတာ၊...) နဲ့တွေ့တတ်ပါတယ်။
ဘာသတိထားရမလဲ
ကျောင်းရဲ့accomodation websitesနဲ့ အိမ်ငှားwebsitesတွေမှာရှာကြည့်လို့ရပါတယ်။ သတိထားရမှာကတော့ Scamမခံရဖို့ပါ။ Facebook marketplaceတို့ Websiteတွေမှာရှာလို့ရပေမယ့် အလိမ်တွေလဲရှိတတ်သလို တကယ်ငှားတယ်ဆိုရင်တောင် အိမ်က မှန်းထားတာနဲ့မကိုက်ညီတာမျိုးရှိတတ်ပါတယ်။ တချို့ကိစ္စတွေက မြင်မှသိမှာမဟုတ်ဘဲ နေကြည့်ပြီး အချိန်တစ်ခုကြာမှသိတာမျိုးပါ။
Oxford Student Accomodationများ
အဆောင်စျေးနှုန်းတွေအကြောင်း အသေးစိတ်နားလည်ချင်ရင်တော့ တစ်ခုချင်းစီရှာကြည့်နိုင်ပါတယ်။ ဘယ်အဆောင်က ဘာဖြစ်လို့စျေးကြီးတာလဲ၊ ဘယ်အဆောင်က ဘာဖြစ်လို့ စျေးနည်းတာလဲဆိုတာတွေပေါ့။
University Managed Accomodation
- Between Towns Court (ပေါင် ၂၀၀အထက်)
- Beech House, Dorset House, Parade Green (ပေါင် ၂၀၀အထက်)
- Clive Booth Student Village (ပေါင် ၂၀၀ အထက်)
- The Mews (ပေါင် ၁၈၅အထက်)
- Cheney Student Village (ပေါင် ၁၇၀အထက်)
Private Student Acccomodation
- Student Castle (ပေါင် ၃၄၀အထက်)
- IQ Alice House (ပေါင် ၂၉၀ အထက်)
- West Way Square (ပေါင် ၂၈၅အထက်)
- Aparto the Spireworks (ပေါင် ၂၅၀ အထက်)
- The Park (ပေါင် ၂၀၀ အထက်)
သွားလာစရိတ်
အထူးတလည်ရှင်းပြဖို့ခက်ပါတယ်။ တစ်မြို့နဲ့တစ်မြို့ရော ကိုယ့်ရဲ့အသုံးပြုပုံရောမတူညီနိုင်ဘူး။ ကျနော်ကတော့ စက်ဘီးတစ်စီးဝယ်ပြီးကတည်းက စက်ဘီးပြင်ရတာမျိုးတို့ Accessoriesတပ်ရတာမျိုးမှအပ သွားလာရတာအတွက် ကုန်ကျစရိတ်မရှိတော့ပါဘူး။
- လမ်းလျှောက် (မပေးရ၊ အချိန်တိုင်း ၂၄/၇ သွားနိုင်၊ အေးသည်)
- ဘတ်စကား ( တစ်ခါစီး ၃ပေါင်၊ မနက် ၆နာရီမှ ည ၁၂ခန့်ထိရ၊ ကားမူးတတ်သည်)
- စက်ဘီး (စက်ဘီးခ ပေါင် ၃၀၀ မှစရှိ ပြင်စရိတ်ရှိနိုင် ၂၄/၇ သွားနိုင် | အေးတတ်ပြီး စက်ဘီးမှောက်တတ်သဖြင့် ဂရုစိုက်ရန်)
- အငှားစကူတာ ( Oxfordမြို့တွင်းစီး VOI, Lime တစ်မိနစ် ပြား ၂၀ခန့် ရှိ စက်ဘီးအကွာအဝေးနှင့် ဆင်တူ ၂၄/၇ ရှိ၊ စက်ဘီးနှင့်တူညီပြီး တစ်ခါတစ်လေ ငှားမရတတ်၊ သင်မောင်းလိုင်စင်(ပေါင် ၇၀)လိုအပ်)
- ကိုယ်ပိုင်စကူတာ (ပေါင် ၅၀၀မှစရှိ၊ အဆောင်နှင့် အိမ်အများစုတွင် အားသွင်း(သို့)သိမ်းစည်းခွင့်မရှိ၊ တရားမဝင်)
- ကိုယ်ပိုင်ကား။ လုံးဝစီးလို့ရရုံတမယ်ကားမျိုးက £1000 လောက်ကနေ ပုံမှန်စီးလို့ရတဲ့ ကားမျိုးက £10000 လောက်ရှိတယ်။ Oxfordလိုမျိုး မြို့မျိုးအတွက် နေ့တူတကွသွားဖို့ပဲလိုအပ်တယ်ဆိုရင် စက်ဘီးက အဆင်ပြေပါတယ်။ ကားကတော့ ရပ်ဝေးသွားမယ့်သူတွေ သွားသွားလာလာရှိမယ့်သူတွေအတွက် အသုံးဝင်တဲ့vehicleလေးတစ်ခုပါ။ လိုင်စင်လုပ်ရတာinsuranceလုပ်ရတာတွေနဲ့တော့ ရောက်ပြီး အချိန်တစ်ခုကြာတော့မှ အဆင်ပြေမယ့်ကိစ္စပါ။
အစားအသောက်
ကျနော်က ဟင်းလဲချက်တတ်တယ်။ ကိုယ်ချက်တာတွေဆိုလဲ ကောင်းမှကောင်းပဲ။ ဒီတော့ ကိုယ်တိုင်ကိုယ်ကျအစားအသောက်ချက်ရတာအဆင်ပြေတယ်။ ပုံမှန်လဲGymသွားတော့ Gymရဲ့ဘေးကစျေးဝယ်စင်တာတွေကို နေ့တိုင်းလိုလိုရောက်ဖြစ်နေတယ်။ ဒီတော့ ဘာလေးပဲလိုချင်ချင် တကူးတကသွားနေစရာမလိုဘူး ဝင်ဝယ်ရုံပဲ။
Oxfordမှာကတော့ Waitrose, Sainsbury's, Tesco, Iceland, Aldi, Lidl, Co-opတို့ရှိတယ်။ တခြားမြို့တွေပိုရှိပါလိမ့်မယ်။ ဝယ်တဲ့အခါ သိပ်ပြီးတော့freshမဖြစ်တဲ့cold food တစ်နပ်စာကို £5-£10၊ လမ်းဘေးမှာရောင်းတဲ့food truckလေးတွေကဝယ်စားမယ်ဆို £10၊ စားသောက်ဆိုင်တွေမှာtake outဆိုရင်တော့ ၁၅-၂၀ လောက်ဆို ဝပါတယ်။
UKမှာပိုကောင်းတာက ဘာပစ္စည်းမဆို Deliveryရပါတယ်။ ကျနော်က ရိုက်ကူးရေးနဲ့ပတ်သက်ပြီး ဝါသနာပါတဲ့သူဆိုတော့ Camera Equipmentတို့Accessoriesတို့ ဝယ်ယူလေ့ရှိတယ်။ Cameraပစ္စည်းဆိုတော့ တွေ့ကရာပေါင်းတပ်လိုက်လို့မရဘူး။ သူနဲ့ကိုက်တဲ့ပစ္စည်းမျိုးသီးသန့်ကိုပဲရှာရတော့ ရှားတယ်။ Onlineပေါ်က မှာလို့ရတော့ သိပ်အဆင်ပြေပါတယ်။ လူအများဝယ်လေ့ရှိတာကတော့ Amazon
ကျနော်ကတော့ ပုံမှန်နေ့တိုင်းချက်ပြုတ်စားသောက်တယ်။ တစ်နေ့ ကယ်လိုရီ ၃၀၀၀ မှ ၄၀၀၀ အတွင်းစားတယ်။ Gymနေ့တိုင်းဆော့လို့ Gym နဲ့ပတ်သက်တဲ့အာဟာရ Supplementလေးတွေလဲစားတယ်။ အစာအိမ်က ဒုတိယဦးနှောက်လို့ ယုံကြည်တဲ့သူဖြစ်တယ်။
အသားအတတ်နိုင်ဆုံးရှောင်ပါတယ်။ Organic အစားအသောက်လေးတွေ စားပါတယ်။ အသစ်အဆန်းလေးတွေဆိုရင်လဲ အမြဲလိုလိုမြည်းစမ်းတတ်ပါတယ်။ ဒီအတွက် အစားအသောက်ကုန်ကျစရိတ်က ပုံမှန်ထက်ပိုပါတယ်။ တစ်လကို ပေါင် ၃၀၀မှ ပေါင် ၈၀၀လောက်အထိ ကျနိုင်ပါတယ်။
Total Cost
အနည်းဆုံး ခန့်မှန်းခြေ:(ကျောင်းစရိတ်မပါ)
- အဆောင်ခ: £750
- အစားအသောက်: £200
- သွားလာရေး: £20 (စက်ဘီးအဓိက + အရေးပေါ်ဘတ်စ်ကား)
- အထွေထွေ: £100
- စုစုပေါင်း: ပေါင် £1,070 ခန့်/Month or ပေါင် £၁၃၀၀၀ ခန့်
အသင့်အတင့်/အနည်းငယ်ပိုသုံးသော ခန့်မှန်းခြေ:(ကျောင်းစရိတ်မပါ)
- အဆောင်ခ: £900
- အစားအသောက်: £300
- သွားလာရေး: £50
- အထွေထွေ: £200
- စုစုပေါင်း: ပေါင် £1,450 ခန့်/Month or ပေါင် £၁၈၀၀၀ခန့်
ပေါင်း၍ တစ်နှစ်စာ စုစုပေါင်းကုန်ကျစရိတ် (3-year Degree ဥပမာ):
- ကျောင်းလခ: ~£15,000 (အနည်းဆုံးဆုံးယူ Lab မပါသော ဘာသာရပ်)
- နေထိုင်စားသောက်စရိတ်: ~£15,000 (ပျမ်းမျှယူ)
- စုစုပေါင်း: ~ပေါင် £30,000 ခန့် (တစ်နှစ်စာ)
- (Architecture လို Lab/Workshop based ဆို ကျောင်းလခ + အခြားကုန်ကျစရိတ်အဝဝ ပေါင် £25,000+ နဲ့တွက်ရင် စုစုပေါင်း ပေါင် £40,၀၀၀+ ဖြစ်သွားနိုင်ပါတယ်။ သာမန်ကျောင်းတက်ချင်တဲ့သူအတွက် အင်မတန်များပါတယ်)
Conclusion
Oxfordမှာကတော့ UKမြို့တွေထက်စျေးကြီးတယ်။ အစားအသောက်စရိတ်၊ နေထိုင်စရိတ်၊ သွားလာစရိတ်အကုန်လုံးထိုနည်းလည်းကောင်းပဲ။ သို့ပေမယ့်အရှိန်အဝါကြီးတဲ့ ကျောင်းတွေရှိတဲ့မြို့ပီပီ ပတ်သက်ဆက်နွယ်ရတဲ့ကြုံတွေ့ရတဲ့သူတွေကတော့ Standardရှိတယ် ညဘက်ပဲဖြစ်ဖြစ် မနက်ပဲဖြစ်ဖြစ် safeဖြစ်တယ်။ တောတောင်ရေမြေကြိုက်နှစ်သက်သူတွေအတွက် အနီးအနားမှာတင် တောင်တန်းလေးတွေရှိတယ်။
အလုပ်လုပ်တဲ့သူတွေအတွက်တော့အဆင်ပြေချင်မှပြေလိမ့်မယ်။ ကျနော့်လိုမျိုးသူအတွက်တော့ Oxfordက ကျောင်းတက်ရတယ်ဆိုတဲ့Vibeမျိုးအပြည့်အဝရစေပါတယ်။ Oxfordအကြောင်းသီးသန့်ရေးရမယ်ဆိုရင်လဲပြောပေးကြပါဦးဗျ။
ကျောင်းလာတက်မှာမို့လို့ အခန်းငှားတာတို့ လေဆိပ်ကြိုပို့တို့နဲ့ပတ်သက်တာလေးများသိချင်ရင် အကူအညီလိုချင်ရင်တော့ လာမေးနိုင်ပါတယ်။ စာရေးသလိုမျိုးပဲ အခမဲ့ကူညီချင်တယ်။ သို့သော် မိမိကိုယ်ကို မိမိအတွေ့အကြုံနဲ့အချိန်ကို လေးစားတဲ့အနေနဲ့ ငွေယူပါမယ်။ နှုန်းထားများပါမယ်။ တကယ်ယုံကြည်မှသာ စုံစမ်းစေလိုပါတယ်။