"သွေးမအေးသေးတဲ့ လန်ဒန်က ၈၈၈၈"
ဆန္ဒပြပွဲတွေဆိုတာ ခပ်စိတ်စိတ် တစ်ပတ်တစ်ခါ နှစ်ပတ်တစ်ခါရှိတတ်ပါတယ်။ ပွဲကြီးပွဲကောင်းလေးတွေကတော့ တစ်လတစ်ခါ ၂လတစ်ခါပေါ့။
ကျနော် ဒီလို ၈၈၈၈ လို သမိုင်းဝင်ပွဲကြီးတွေဆိုရင်တော့ မဖြစ်မနေ သွားဖြစ်ပါတယ်။ အခုနောက်ပိုင်း ဘယ်အဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ်နဲ့မှ ချိတ်ဆက်ပြီး အလုပ်မလုပ်ဖြစ်တော့ဘူး။ အဓိကကတော့ ဘောင်ခတ်မခံရဘဲ ကိုယ့်ယုံကြည်ချက်၊ ကိုယ့်ခံယူချက်အတိုင်း လွတ်လွတ်လပ်လပ် ဖန်တီးချင်လို့ပါပဲ။
ဒီပွဲအတွက် လန်ဒန်ကို တစ်ညကြိုသွားဖြစ်တယ်။ ချစ်သူနဲ့ စကားများလိုက်၊ ပြန်ချော့လိုက်၊ ပြန်အဆင်ပြေသွားလိုက်နဲ့ပဲ ပွဲသွားဖို့ နည်းနည်းတောင် နောက်ကျသွားသေးတယ်။
ပွဲရောက်တော့ လူတွေက အရင်ခေါက်တွေနဲ့မတူ တော်တော်များများ ပြောင်းလဲနေကြတယ်။ ဒါပေမယ့် ပုံမှန်လာနေကျ ရင်းနှီးတဲ့ မျက်နှာဟောင်းလေးတွေကိုလည်း တွေ့ရတယ်။ ပြုံးပြ နှုတ်ဆက်၊ စကားတချို့ပြောဖြစ်ပေမယ့် တကယ့်တကယ် အလုပ်စလုပ်ပြီဆိုတာနဲ့ ကျနော်ကတော့ ကိုယ့်အာရုံနဲ့ကိုယ် အလုပ်ထဲမှာပဲ နစ်ဝင်သွားတော့တယ်။
ဒီပွဲအတွက် ကျနော် ရည်ရွယ်ချက် (၂) မျိုးနဲ့ ရိုက်တယ်။ ဗီဒီယိုရယ်၊ ဓာတ်ပုံရယ်။
ဗီဒီယိုပိုင်းအတွက်ကတော့ ဒီမြင်ကွင်းကို ကြည့်နေတဲ့သူတိုင်း နားကြပ်လေးတပ်ပြီး နားထောင်လိုက်တာနဲ့ ပွဲထဲကို ကိုယ်တိုင်ရောက်သွားသလို ခံစားရစေချင်တယ်။ ဟစ်ကြွေးသံတွေ၊ အားပေးစကားတွေ၊ ဖိတ်ခေါ်သံတွေကို ကြားပြီး ရင်ထဲက တော်လှန်ချင်စိတ်တွေ ပြန်နိုးကြားလာစေချင်တယ်။ ဒါကြောင့်လည်း Commercial ရိုက်ကူးရေးတစ်ခုလိုပဲ Luggage တစ်လုံးနဲ့ ရိုက်ကူးရေးပစ္စည်းတွေ အပြည့်အစုံ သယ်သွားခဲ့တာပါ။
ဓာတ်ပုံတွေကိုတော့ ကိုယ့်ခံစားချက်ရှိတဲ့အတိုင်း၊ မြင်တဲ့အတိုင်း အမှန်ကန်ဆုံး ဖမ်းယူခဲ့တယ်။ အဲ့ဒီမှာ ပုံရိုက်တဲ့သူတွေ အများကြီးရှိပေမယ့်၊ ကျနော့်အတွက် ဒီပုံတွေက သမိုင်းမှတ်တမ်းတွေပါ။ တစ်ချိန်ချိန် ကိုယ့်ရဲ့ သားသမီး၊ မြေးမြစ်တွေကို "ငါတို့ခေတ်မှာ ဒီလိုတိုက်ပွဲဝင်ခဲ့ကြတယ်" လို့ ဂုဏ်ယူဝံ့ကြွားစွာ ပြန်ပြောပြနိုင်ဖို့အတွက် ရိုက်ခဲ့တာပါ။
ဒီလို စိတ်ခံစားချက်အပြည့်နဲ့ ကင်မရာကို ငြိမ်ငြိမ်လေးကိုင်၊ နားကြပ်လေးတပ်ပြီး အသံတွေကို နားထောင်ရင်း ရိုက်ကူးခဲ့တယ်။ အာရုံများလွန်းလို့ ရိုက်နေရင်း ချော်တောင် လဲလိုက်သေးတယ်။ တစ်ဦးနဲ့တစ်ဦးဖေးမကူညီနေကြစမြဲပါ။ စာဖတ်သူမိတ်ဆွေတစ်ဦးနဲ့လဲဆုံတွေ့ခဲ့ပါသေးတယ်။
ဒီပွဲကနေ ကျနော် သေချာသိလိုက်ရတာ တစ်ခုရှိတယ်။ လူတိုင်းရဲ့ ရင်ဘတ်ထဲမှာ တော်လှန်ချင်စိတ်တွေ အပြည့်ရှိနေဆဲပဲ ဆိုတာပါ။ တချို့က ဘယ်ကစပြီး ဘယ်လိုပါဝင်ရမှန်းမသိလို့ အလှမ်းဝေးနေကြတယ်။ တချို့က ပြည်တွင်းက မိသားစုတွေ၊ ဆွေမျိုးတွေကို စိတ်ပူလို့၊ ဒါမှမဟုတ် စစ်ကောင်စီရဲ့ ဝါဒဖြန့် မှိုင်းလုံးတွေကြားမှာ တွေးကြောက်နေကြလို့ပါ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ လန်ဒန်မြို့လယ်ခေါင်မှာတော့ မကြောက်မရွံ့တဲ့ စိတ်ဓာတ်တွေနဲ့ တော်လှန်သံတွေက အခုချိန်ထိ ဟိန်းထွက်နေဆဲပါပဲ။
လောလောဆယ် အနီးစပ်ဆုံး ဆန္ဒပြပွဲတွေ ရှိ/မရှိတော့ မသိရသေးဘူး။ ဒါပေမယ့် ရန်ပုံငွေရှာတဲ့ Fundraising ပွဲတွေကတော့ လာမယ့် October လလောက်မှာ သေချာပေါက် ရှိလာပါလိမ့်မယ်။ UK က ပွဲအများစုကို 'Myanmar Event in UK' Page မှာ ကြေညာလေ့ရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မပါဝင်ဖြစ်သေးတဲ့သူတွေရှိရင်လည်း လာမယ့်ပွဲတွေမှာ အတူတကွ ပူးပေါင်းပါဝင်ဖို့ လေးစားစွာ ဖိတ်ခေါ်လိုက်ပါရစေ။





































































