စကားလုံးမဲ့ ဖော်ပြတတ်သူတစ်ယောက်ရဲ့ ဝန်ခံချက်

စကားလုံးမဲ့ ဖော်ပြတတ်သူတစ်ယောက်ရဲ့ ဝန်ခံချက်

တစ်ခါတစ်လေကျရင် ကိုယ်ဝါသနာပါရာ အလုပ်လေးတွေကို စိတ်နှစ်ပြီး ကြိုးစားလုပ်ကိုင်နေရတဲ့ အခိုက်အတန့်တွေက သိပ်ကျေနပ်ဖို့ကောင်းတယ်။

ကျနော်က ရိုက်ကူးရေးလုပ်ရတာကို နှစ်ခြိုက်သူတစ်ယောက်ပါ။ ဒါပေမယ့် ပိုနားလည်အောင် ပြောရရင်တော့ "အနုပညာဖန်တီးမှု" ။ ကိုယ့်လက်ကိုယ့်ခြေနဲ့ ကိုယ့်ရဲ့ အတွေးအမြင်တွေ၊ ခံစားချက်တွေ၊ ရင်ထဲက ပြောချင်နေတဲ့ စကားတွေကို Medium (ကြားခံနယ်) အမျိုးမျိုးသုံးပြီး ဖော်ပြနေရတာကိုက အဓိပ္ပာယ်ရှိနေတာမျိုးပါ။

ပြန်စဉ်းစားကြည့်ရင် ဒါတွေက အခုမှ စခဲ့တာတော့ မဟုတ်ဘူး။ ငယ်ငယ်လေးကတည်းက ကောမစ်တွေ၊ ကာတွန်းတွေကို သဘောကျတယ်။ သူငယ်ချင်းတွေနဲ့အတူ Lego အရုပ်လေးတွေ စုပြီး ဆက်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ၆ နှစ်လောက်ကဆို Marvel က ရုပ်ရှင်ဇာတ်ကားဟူသမျှကို သည်းခြေကြိုက်ခဲ့ဖူးတာ... ဘာမေးမေး အကုန်သိတဲ့အထိပဲ။ အဲ့ဒီတုန်းက စိတ်ထဲရှိတာတွေ အကုန်လုံး ဖြစ်ချင်ခဲ့တယ်။ ပျံသန်းချင်တယ်၊ တိမ်တွေပေါ် စီးမျောချင်တယ်၊ လေလွင့်ရာ ခရီးနှင်ချင်ခဲ့တယ်။

ဒီအကြောင်းတွေးမိတော့ ၂၀၁၈/၂၀၁၉ လောက်က အဖြစ်အပျက်လေးတစ်ခုကို ဆက်စပ်ပြီး သတိရသွားတယ်။ စင်္ကာပူ Scholarship တစ်ခုအတွက် ဝင်ခွင့်စာမေးပွဲနဲ့ အင်တာဗျူး ဖြေခဲ့ဖူးတာ။ ကန်တော်ကြီးနားက SMVTI မှာ ထင်ပါရဲ့ (အခုထိလည်း သူက နာမည်ကြီးနေဆဲပါ)။ အင်တာဗျူးခန်းထဲရောက်တော့ Singlish အသံဝဲဝဲလေးတွေနဲ့ အင်တာဗျူးမေးတဲ့သူတွေက မေးကြတယ်။

"မင်း ဘာလို့ ဒီ Scholarship ရချင်တာလဲ? မင်း ဘာမေဂျာ တက်မှာလဲ?" တဲ့။

ကျနော် ဘယ်လိုဖြေခဲ့လဲ သိလား။ စကြဝဠာကြီးအကြောင်းကို နားလည်ချင်လို့ Astrophysicist (နက္ခတ္တဗေဒပညာရှင်) လုပ်မှာတို့ ဘာတို့ဆိုပြီး ဖြေချပစ်လိုက်တာ။ ပြန်တွေးကြည့်ရင် သိပ်ကလေးဆန်တဲ့ အတွေးလေးတွေပါ။ ထုံးစံအတိုင်း Scholarship လည်း မရခဲ့ပါဘူး။ ဒါပေမယ့် အဲ့ဒီအချိန်ကနေ အခုပြန်ကြည့်လိုက်တော့ ကျနော် တစ်ခုသဘောပေါက်သွားတယ်။ ကျနော်တို့ လူသားတွေက ကိုယ်စိတ်ဝင်စားတဲ့ အရာတွေဆိုရင် ရှိတဲ့နေရာကနေ ရရာနည်းလမ်းလေးတွေနဲ့ လုပ်ကိုင်တတ်ကြတယ်၊ ဖော်ပြတတ်ကြတယ်။ ကျနော့်ရဲ့ အခြေခံဗီဇက "နားလည်ချင်တာ၊ စပ်စုတာ" ပဲ။ ဘယ်အရာကိုမဆို ခရေစေ့တွင်းကျ သိချင်ခဲ့တာ။

တကယ်တော့ ကျနော်တို့ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ကိုယ်ဘာကို စိတ်ဝင်စားလဲဆိုတာကို အပြုအမူတွေကတစ်ဆင့် ပြနေတတ်ကြတယ်။ ခြေတစ်လှမ်းနောက်ဆုတ်ပြီး သေချာကြည့်လိုက်ရင် အဲ့ဒီ ဆက်စပ်မှုတွေက သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။

ငယ်ငယ်က သရုပ်ဆောင်ရတာ (Expressရတာ) ကြိုက်တဲ့ကလေးတွေဟာ ကြီးလာတော့ တချို့က Cosplay လုပ်ကြတယ်၊ တချို့က သရုပ်ဆောင်၊ မော်ဒယ်လ် ဖြစ်လာတယ်၊ တချို့ comedian, tiktok စသဖြင့်။

အရုပ်တွေကို တစ်စစီဖြုတ်လိုက်၊ ပြန်ဆင်လိုက် လုပ်ရတာကြိုက်တဲ့ ကလေးတွေ၊ ကားတွေကို ချစ်တဲ့ကလေးတွေက ကြီးလာတော့ ဖုန်းတွေ၊ Laptop တွေ၊ ကင်မရာနဲ့ Tech gear တွေကို ရူးသွပ်တဲ့သူတွေ ဖြစ်လာတယ်။ တချို့က Gaming ဘက် ရောက်သွားပြီး၊ တချို့ကတော့ ရုပ်ရှင်ရိုက်ကူးရေး။

ကျနော့်လိုမျိုး ကိုယ့်လက်နဲ့ အစကနေ တစ်ခုခု ဖန်တီးရတာကြိုက်တဲ့ ကလေးတစ်ယောက်ကရော? Furniture project တွေ၊ အဟောင်းဆိုင် (Thrift store) တွေနဲ့ Vinted လို App တွေပေါ်ကနေ သူများမလိုချင်တော့တဲ့ ပရိဘောဂအဟောင်းတွေ၊ Vintage အဟောင်းတွေကို လိုက်ရှာပြီး အသက်သွင်း (Restore) ရတာကြိုက်တဲ့သူဖြစ်လာတယ်။

ပြောချင်တာက ကိုယ်တကယ်ချစ်တဲ့၊ ဝါသနာပါတဲ့ အရာတစ်ခုခုရှိရင် အဲ့ဒါကို မဖိနှိပ်ထားပါနဲ့။ ကလေးတုန်းက လုပ်ခဲ့တဲ့၊ အနာဂတ် Career အတွက် ဘာမှသုံးစားမရဘူးလို့ ထင်ရတဲ့ အရာလေးတွေက တစ်ခါတစ်လေမှာ ဘဝအတွက် alley-oop တစ်ခု ဖြစ်နေတတ်တယ်။

ကိုယ်ဘာကို တကယ်ချစ်လဲသိဖို့ စူးစမ်းကြည့်ရမယ်၊ ထိတွေ့ကြည့်ရမယ်။ မှန်ပါတယ် အဲ့ဒီလို စူးစမ်းဖို့ အခွင့်အရေးတွေ လိုသလို၊ တစ်ခါတလေ ငွေကြေးလည်း လိုအပ်တယ်။ အမှားတွေလည်း အများကြီး လုပ်မိလိမ့်မယ်။ ဒါပေမယ့် အခွင့်အရေးအကြီးကြီးတွေ မရှိသေးရင်တောင် ကိုယ့်လက်ထဲမှာ ရှိတဲ့ ရရာနည်းလမ်းလေးတွေနဲ့ စမ်းသပ်ရင်း၊ မှားယွင်းရင်းနဲ့ပဲ "ကိုယ်ဟာ ဘယ်သူလဲ" ဆိုတာကိုနားလည်လာမယ်လို့ကျနော်ယုံကြည်တယ်။

တက္ကသိုလ်အတွက် မေဂျာရွေးတုန်းကလည်း လုပ်ချင်တာတွေက အများကြီးရယ်။ ဒါပေမယ့် "မေဂျာ" တစ်ခုအနေနဲ့ကျ ခေါင်းထဲ ဘာမှပေါ်မလာခဲ့ဘူး။ ဒါကြောင့် လက်တွေ့ဘဝမှာ ပိုက်ဆံလည်း ရှာနိုင်မယ်၊ ကိုယ်လည်း နိုင်နင်းပြီး တော်မယ်ထင်တဲ့ Architecture (ဗိသုကာပညာ) ကိုပဲ ရွေးချယ်ခဲ့တယ်။ ကျနော့်ရဲ့ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းမလေးတစ်ယောက်ဆိုလည်း ဒီလိုပဲ... သူက ကရတာတို့၊ Modeling လုပ်ရတာတို့ကို ချစ်ပေမယ့် လက်တွေ့မှာတော့ Fashion ဒါမှမဟုတ် Journalism လို မေဂျာမျိုးကို ရွေးခဲ့ရတယ်။

အဓိက ပြောချင်တာက ဘဝရပ်တည်မှုအတွက် ကိုယ်ရွေးချယ်ထားတဲ့ မေဂျာတွေ၊ အလုပ်အကိုင် ခေါင်းစဉ်တွေက ဘာပဲဖြစ်နေပါစေ၊ အဲ့ဒီခေါင်းစဉ်တွေရဲ့ အပြင်ဘက်မှာ "ကိုယ်တကယ် ဘယ်သူလဲ" ဆိုတာကို ချပြဖို့ မကြောက်ပါနဲ့။

ဗိသုကာကျောင်းသားဆိုတဲ့ ခေါင်းစဉ်ကို ခဏဖယ်ပြီး ကျနော့်ကိုယ်ကျနော် အစစ်အမှန် အဓိပ္ပာယ်ဖွင့်ရရင်—

I am a cook . ကျနော်က ဟင်းချက်ရတာနဲ့ Pastry မုန့်ဖုတ်ရတာကို ချစ်တဲ့ စားဖိုမှူးတစ်ယောက်။ (စိတ်ပါလက်ပါနဲ့ ကျနော်ဖုတ်ထားတဲ့ မုန့်ကို မြည်းစမ်းကြည့်မိတဲ့ ဘယ်သူမဆို ကျနော့်ကိုပါ ချစ်မိသွားလိမ့်မယ်လို့ ရဲရဲကြီး အာမခံရဲတယ်)။

I am a writer. ကျနော်က တစ်ခါဖတ်မိရင် နောက်တစ်ခါ ပြန်ဖတ်ချင်လာအောင် ကိုယ့်ခံစားချက်တွေကို ချရေးတတ်တဲ့ စာရေးဆရာတစ်ယောက်။

I am an old soul. လက်မှုပညာ (Craftsmanship) နဲ့ Vintage အဟောင်းလေးတွေကို မြတ်နိုးပြီး၊ တစ်ခါတစ်လေ Rodeo မြင်းစီးပွဲသွားမယ့် ကောင်းဘွိုင်တစ်ယောက်လို ဝတ်စားတတ်တဲ့ "Old Soul" တစ်ယောက်။

I am driven. ကျန်းမာရေးနဲ့ Fitness ကို လိုက်စားသူတစ်ယောက်၊ သွေးသားဆန္ဒနဲ့ ရှင်သန်မှုအားမာန် (Sex Drive, Passion & Desire) အပြည့်ရှိတဲ့ သာမန်လူသားတစ်ယောက်... ဒီလောကကြီးထဲက ဘာမဆို ဖြစ်နိုင်တယ်လို့ယုံကြည်သူတစ်ဦး။

ဒါပေမယ့် at the very least, ကျနော်ဟာ စကားလုံးတွေမပါဘဲ ကိုယ့်ကိုယ်ကိုယ် ဖော်ပြရတာကို နှစ်သက်တဲ့သူတစ်ယောက်ပါ။ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ အနုပညာရှင် (An Artist at heart) တစ်ယောက်ဖြစ်ပြီး... ဒီစာကို ဖတ်နေတဲ့ ခင်ဗျားတို့ အများစုဟာလည်း အဲ့ဒီလို အနုပညာရှင်တွေပဲလို့ ကျနော် ယုံကြည်တယ်။

ကိုယ့်ရင်ထဲက မီးပွားလေးကို ငြိမ်းမပစ်လိုက်ပါနဲ့။ Keep that flame eternal.


Read more

High Wycombe ဘူတာရုံက မမြင်ရတဲ့ နယ်နိမိတ်များ

High Wycombe ဘူတာရုံက မမြင်ရတဲ့ နယ်နိမိတ်များ

Architecture (ဗိသုကာပညာ) ကို မာစတာတန်းအထိ လေ့လာရတဲ့အခါ ကျောင်းမှာ အမြဲလိုလို လေ့လာသုံးသပ်ရတဲ့ အရာတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ "Thresholds & Boundaries" — လူတွေ သတိမထားမိဘဲ လိုက်နာနေကြ

By Moe Htet
Note — မနက်ခင်း ဒံပေါက်တစ်ပွဲနဲ့ God of Cookery

Note — မနက်ခင်း ဒံပေါက်တစ်ပွဲနဲ့ God of Cookery

▪️ကိုယ်စားမယ့် အစားအသောက်တစ်ခုရဲ့ မူလအစအပေါ် ထားတဲ့ လေးစားမှု (Respect & Craftsmanship) က နောက်ဆုံး ထမင်းပန်းကန်ပေါ် ရောက်တဲ့အထိ အရသာအဖြစ် လာပေါ်လွင်နေတာပါပဲ။

By Moe Htet