Architecture Project တစ်ခုကို ချဥ်းကပ်ခြင်း

ကျနော်တို့က Architecture Schoolမှာ အဆင့်တွေနဲ့သွားရတယ်။ ကျောင်းဖြစ်တဲ့အလျောက် နည်းလမ်းမျိုးစုံ ပုံစံမျိုးစုံနဲ့ ချဥ်းကပ်ခိုင်းတယ်။ တစ်ခါတစ်လေလဲ ကျနော်တို့ကို စာတွေအများကြီးဖတ်ခိုင်းတယ် ခါတလေမှာလဲ စာရွက်နဲ့ ခဲတံနဲ့၊ ခါတလေလဲ Researchတွေအများမှအများကြီးလုပ်ရတယ် ကိုယ်တိုင်ကိုယ်ကျလဲသွားရတယ်။

ဒီနေ့တော့ လက်ရှိလုပ်နေဆဲ Projectလေးတစ်ခုနဲ့ မိတ်ဆက်ပေးမယ်။


တည်နေရာ

လက်ရှိလုပ်နေတဲ့Projectအကြောင်းပြောပြချင်တယ်။ ဒုတိယနှစ်အစပိုင်းကနေစလို့ ကျနော်တို့ကို Site တစ်ခုပေးတယ်။ သူက Jericho။ Oxfordမြို့ရဲ့ မြောက်ပိုင်းက ရပ်ကွက်ငယ်လေး။

၁၇၉၀ ခုနှစ်မှာ အောက်စဖို့ရေမြောင်းတူးဖော်မှုနဲ့အတူ စက်မှုဇုန်နေရာတစ်ခုအနေနဲ့ ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ အောက်စဖို့တက္ကသိုလ်ပုံနှိပ်တိုက်အပါအဝင် အလုပ်ရုံတွေက အလုပ်သမားတွေအဖို့ ဝန်ထမ်းအိမ်ရာလိုအပ်လာတယ်။ ဗစ်တိုးရီးယား (Victorian) ပုံစံ အိမ်တန်းလေးတွေ ဆောက်လုပ်ဖြစ်ခဲ့တယ်။

"Two-up, Two-down" ခေါ် အပေါ် နှစ်ထပ် အောက်နှစ်ထပ် အိမ်တန်းများ။

စဦးပိုင်းဝန်ထမ်းအိမ်ရာတွေမှာ ရေနုတ်မြောင်းနဲ့ သန့်ရှင်းမှုအားနည်းတဲ့အတွက် တိုက်ဖွိုက်နဲ့ကာလဝမ်းရောဂါပျံ့နှံ့မှု ဖြစ်ပွားခဲ့တယ်။ သမိုင်းအရ 'မလိုချင်သောနေရာတစ်ခု' ပေါ့။

၂၀ရာစုအလယ်ပိုင်းမှာ ဖြိုဖျက်ဖို့ ပြန်လည်တည်ဆောက်ဖို့ဆိုတဲ့အစီအစဥ်တွေအထိပါ ကြုံတွေ့ခဲ့ရတယ်။ သို့သော ဒေသခံတွေရဲ့ပူးပေါင်းတွန်းလှန်မှုကြောင့် ဒေသရဲ့သမိုင်းဝင် အသွင်အပြင်ကို ထိန်းသိမ်းနိုင်ခဲ့တယ်။ ၁၉၆၀ နောက်ပိုင်း တိုးတက်မှုတွေကြောင့် လူငယ်ပညာတတ်တွေနဲ့ မိသားစုတွေကို ဆွဲဆောင်နိုင်လာတယ်။ မြို့ပြလူတန်းစားဆန်လာခဲ့တယ်။

နှစ်စဥ်နှစ်တိုင်း ဂျေရီခိုလမ်းဘေးဈေးပွဲတော် (Jericho Street Fair)ကို ကျင်းပလေ့ရှိတယ်။ စတိုးဆိုင်တွေ၊ လက်မှုပညာရှင်တွေ၊ စားသောက်ကုန်ရောင်းချသူတွေနဲ့ ဖျော်ဖြေရေးတွေပါဝင်တယ်။ ဂျေရီခိုအပြေးပြိုင်ပွဲ(Run Jericho)လဲ ပါဝင်တယ်။

Run Jericho မှပုံရိပ်တချို့ (Source- Run Jericho Website)

ကျနော်တို့က အဲ့ရပ်ကွက်လေးရဲ့ အချက်အချာကျတဲ့နေရာလေးကို ပြန်လည်မွန်းမံတည်ဆောက်မှာဖြစ်တယ်။

အောက်စဖို့ဒ်တူးမြောင်း (Oxford Canal) ၁၇၉၀ ခုနှစ်မှာ စတင်ဖွင့်လှစ်ချိန်ကတည်းက ဂျေရီခိုဆိပ်ခံဟာ အရေးပါခဲ့ပါတယ်။ ဒေသတွင်းစက်မှုလုပ်ငန်းတွေက ကုန်ပစ္စည်းတွေ တင်ချခဲ့ကြတယ်။ ရောင်းဝယ်ဖလှယ်တဲ့နေရာလေးတစ်ခုလဲဖြစ်တယ်။

၂၀၀၀ခုနှစ်နောက်ပိုင်းမှာ ထိုလှေဆိပ်လေးကို ဖြိုဖျက်ပြီး အသစ်အသစ်သောDesignတွေ တည်ဆောက်ဖို့ ဆောက်လုပ်ရေးလုပ်ငန်းတွေက ကြိုးစားလာကြတယ်။ ဒေသခံတွေရဲ့တွန်းလှန်မှုကြောင့် ထိုလှေဆိပ်လေးက ပိုင်ရှင်အမျိုးမျိုးပြောင်းလဲခဲ့တယ်။

လက်ရှိမှာတော့ လူတွေအပန်းဖြေဖို့၊ ယဥ်ကျေးမှုဆိုင်ရာပွဲတွေကျင်းပနိုင်ဖို့ ဒေသခံတွေ စုဝေးနိုင်ဖို့ နေရာတစ်ခုအဖြစ် ပြန်လည်ဖန်တီးဖို့ ကြိုးစားနေဆဲပါ။

Jericho Wharf ဂျေရီခိုဆိပ်ခံ

ဖန်တီးမှု

ကျနော်တို့က ထိုသမိုင်းဝင်ဆိပ်ခံကို ပြန်လည်အသက်သွင်းမယ့် ဒီဇိုင်းတစ်ခုကို ဖန်တီးရမယ်။

ကျောင်းသားတိုင်းက ခေါင်းစဥ်၆ခုထဲကတစ်ခုရွေးရမယ်။ တချို့က "The Artist" ခေါ် အနုပညာသမား၊ တချို့က စာရေးဆရာ၊ တချို့ ယမကာလုလင်။ ကျနော်ကတော့ လက်ရှိလဲ Blogတွေရေး ရိုက်ကူးရေးတွေလဲ လုပ်နေတဲ့အလျောက် စိတ်ဝင်စားတဲ့အရာပဲ ရွေးချယ်လိုက်တယ်။ ရိုက်ကူးရေးကိုစိတ်ဝင်စားတဲ့လူငယ်အစုအဖွဲ့ (Amateur Film Maker Community)။

အခုခေတ်မှာ ရိုက်ကူးရေးပညာကို စိတ်ဝင်စားကြတဲ့လူငယ်တွေ ကျနော်အပါအဝင်အများကြီးပဲ။သူတို့အတွက် ရုပ်ရှင်ရုံကြီးတွေမှာ ရုပ်ရှင်ပြဖို့ မလွယ်ကူသလို အိမ်မှာလည်း အဆင်ပြေပြေ ရိုက်ကူးလို့မရဘူး။ အချင်းချင်း စိတ်တူကိုယ်တူ အပေါင်းအသင်းလဲမရှိ။ ဒီတော့ ဒီပြဿနာတွေကိုဖြေရှင်းပေးဖို့ နေရာလေးတစ်ခုလိုအပ်နေတယ်။

ကျနော်စဥ်းစားတာကတော့

၁။ ရုပ်ရှင်ရိုက်ကူးရေးအတွက် စိတ်တိုင်းကျ လုပ်ကိုင်နိုင်တဲ့ နေရာရှိရမယ်။

၂။ နောက်ပြီး ရိုက်ကူးပြီးတဲ့ ရုပ်ရှင်တွေကို ပြသဖို့အတွက် ရုပ်ရှင်ရုံလေးတစ်ခုလည်း ပါရမယ်။

ပရောဂျက်ကို စတင်ဆွဲသားတဲ့အချိန်ကနေ ရုပ်ရှင်ပြသတဲ့ အထိ တစ်နေရာထဲမှာ အစအဆုံး လုပ်လို့ရမယ့် One-Stop ဝန်ဆောင်မှုပေးနိုင်မယ့် Multi Film Hub Studio လေးတစ်ခုပေါ့။ ဒီလိုနဲ့ စတင်ဖန်တီးကြတယ်။

ဒီ project ဟာ ဂျေရီခိုဆိပ်ခံရဲ့ သမိုင်းဝင်အမွေအနှစ်ကို ပြန်လည်အသက်သွင်းဖို့နဲ့ ရုပ်ရှင်ရိုက်ကူးရေးကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် အသိုင်းအဝိုင်းတစ်ခု ဖန်တီးပေးဖို့ ရည်ရွယ်ပါတယ်။


လုပ်ပြီးသွားတဲ့workflow

  1. နေရာ - ဒီဇိုင်းဖန်တီးမယ့် နေရာရဲ့ အကြောင်းအရာတွေကို အရင်လေ့လာခဲ့ပါတယ်။ သမိုင်းဆိုင်ရာ အချက်အလက်တွေ၊ ဒေသခံတွေရဲ့ ဘဝနေထိုင်မှုပုံစံ၊ သိရှိထားသင့်တဲ့ အကြောင်းအရာတွေနဲ့ ဒီလိုမျိုး နေရာမျိုး အရင်က ရှိခဲ့ဖူးလား ဆိုတာကို စုံစမ်းခဲ့ပါတယ်။
  2. ဘယ်သူတွေအတွက်လဲ - အသက်အရွယ်၊ အလုပ်အကိုင်၊ ပိုင်ဆိုင်မှုကနေစလို့ ကိုယ့်Designဖန်တီးမှုကို သက်ရောက်လာနိုင်တဲ့အချက်အလက်တွေအကုန်လုံး နားလည်အောင်လုပ်တယ်။ ဥပမာ - သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ဂေဟာတစ်ခုကို လူငယ်များတဲ့နေရာမှာဆောက်မလား သက်ကြီးရွယ်အိုများတဲ့နေရာမှာဆောက်မလား။
  3. ဖြေရှင်းရမယ့်ပြဿနာ - မလိုအပ်ဘဲနဲ့ အဆောက်အဦးတစ်ခုကိုမဆောက်နဲ့၊ နေရာတစ်ခုကိုမသုံးနဲ့။ ဒီတော့ ပြဿနာကို သေချာအောင်လုပ်။
  4. ဖန်တီးမှု - နေရာအကြောင်း၊ အသုံးပြုမယ့် လူတွေအကြောင်းနဲ့ ဖြေရှင်းရမယ့် ပြဿနာတွေကို သေချာသိရှိပြီဆိုတာနဲ့ ဒီဇိုင်းဖန်တီးမှုကို စတင်ခဲ့ပါတယ်။

အခုဖော်ပြခဲ့တဲ့ အချက် (၄) ချက်က တစ်ပြိုင်နက်တည်း လုပ်ဆောင်ရတဲ့ အရေးကြီးတဲ့ အပိုင်းတွေဖြစ်ပါတယ်။ လက်ရှိတော့ ကျနော်နောက်ဆုံးအဆင့်ကို ရောက်နေပြီ။ အဆိုပြုလွှာ (proposal) တစ်ခုထွက်လာမယ်လို့ယုံကြည်ပါတယ်။ ဒီအဆောက်အဦးတွေက အပြင်မှာ တကယ်ဆောက်မှာတော့မဟုတ်ဘူး။ ကြိုးစားမှုကတော့ မဆောက်ရုံတမယ်ပါပဲ။

Architectureဆိုတာ တစ်ခုလုပ်ရင် လုပ်စရာ ၂ခုထပ်ပေါ်လာတယ်။ ၂ခုဆို ၃ခု ထပ်ပေါ်လာတယ်။ စိတ်ဝင်စားစရာအများကြီးပဲ။ ပျင်းဖို့လဲကောင်းတတ်သလို စိတ်ဝင်စားစရာလဲကောင်းတယ်။ အဆုံးမသတ်နိုင်ဘူးပေါ့ဗျာ။ ကိုယ့်ideaတွေကို လက်တွေ့အဖြစ်ဖန်တီးရတာ ကောင်းတော့ကောင်းသားဗျ။

နောက်နေ့မှ ပြန်လည်ဆုံတွေ့ကြပါမယ်။


Read more

Red Sea (သို့မဟုတ်) လန်ဒန်မြို့ရဲ့လူပင်လယ်။

Red Sea (သို့မဟုတ်) လန်ဒန်မြို့ရဲ့လူပင်လယ်။

ဒီနေ့ အောက်စဖို့ဒ် (Oxford) ရဲ့ အေးချမ်းတဲ့ မနက်ခင်းကို ကျောခိုင်းပြီး လန်ဒန်ဆီကို အပြေးအလွှား လာခဲ့ရတဲ့ အကြောင်းရင်းက ၂ခုတည်းပါ။ ကျနော့်သူငယ်ချင်းကောင်လေးက သာမန်ပရိသတ်တစ်

By Moe Htet
မှန်ကန်သောပြိုလဲခြင်း (The Right Way to Fall Apart)

မှန်ကန်သောပြိုလဲခြင်း (The Right Way to Fall Apart)

ကျနော်စာမရေးတာ အတော်လေးကြာခဲ့ပါပြီ။ UK Student visa တွေ မပိတ်ခင်ကတည်းက ရေးဖို့ စိတ်သိပ်မပါခဲ့ဘူး။ လူတွေဖတ်လို့ကောင်းမယ့် "အလွယ်" တွေလဲ ဖန်တီးပြီး မရေးချင်ခဲ့ဘူ

By Moe Htet
Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

ဒီStudent Visaကိစ္စအပြောင်းအလဲနဲ့ပတ်သက်ပြီး ကျနော်အကြံပြုချင်တာရှိပါတယ်။ ဒါက Studentတွေရော Education Providerတွေရောကိုပါ အကျုံးဝင်ပါတယ်။ ပထမတစ်ခု။ နိုင်ငံအပြောင်းအလဲ။ ကျနော်တို့လို ကျောင်းသားအမျ

By Moe Htet