နိုင်ငံခြားကျောင်းတက်ဖို့ ငွေဘယ်လိုအမှန်တကယ်တွက်ရမလဲ။

နိုင်ငံခြားကျောင်းတက်ဖို့ ငွေဘယ်လိုအမှန်တကယ်တွက်ရမလဲ။

This article is also available in [English]

"နေစရိတ်စားစရိတ်အထွေထွေစရိတ် မှန်းခြေနှင့် အမှန်တကယ်ကုန်ကျစရိတ်/မထင်မှတ်ထားသောစရိတ်များ"

နိုင်ငံခြားကျောင်းလခတွေဘယ်လောက်ရှိတတ်လဲဆိုတာကို အရင်ကရေးခဲ့ဖူးပေမဲ့၊ ဒီနေ့တော့ ငွေဘယ်လိုမျိုးချိန်ပြီးတွက်ရမလဲဆိုတာကို အသေးစိတ်ပြောပြသွားပါမယ်။ ဘယ်လိုမျိုးအရာတွေကကော မှန်းထားတဲ့အတိုင်းဖြစ်တတ်လဲ၊ ဘယ်လိုမျိုးအရာတွေက မှန်းထားတာနဲ့လုံးဝမတူညီဘဲ ကွာဟသွားတတ်လဲ။


အဓိကပြဿနာ- အရာအားလုံးမှာ စျေးနှုန်းရှိတယ်ဆိုတာကို မေ့နေခြင်း

နိုင်ငံခြားထွက်ပြီဆိုကတည်းကိုက အန်တီရေ ပဲပြုတ်လေး ၅၀၀ ဖိုးဆိုတာမျိုး မရှိတော့ပါဘူး။ ဝက်အူလှည့်လေးခဏငှားတာ၊ အိမ်ကပစ္စည်းတစ်ခုခုပျက်လို့ ဆိုက်ကားနဲ့လာပြင်ပေးတာမျိုးလည်း မရှိတော့ပါဘူး။ အရာအားလုံး သူ့တန်ဖိုးနဲ့သူရှိပါတယ်။ ဒါကြောင့် နိုင်ငံခြားထွက်ရတာစျေးကြီးတယ်လို့ဖြစ်သွားတယ်။ လူအများစုလုပ်တတ်တဲ့အမှားကတော့ ဘတ်ဂျက်ကို ရိုးရှင်းလွန်းစွာတွက်ချက်ခြင်းပါပဲ-

  • ၁။ ကျောင်းစရိတ်
  • ၂။ နေစရိတ်
  • ၃။ စားစရိတ်နဲ့အထွေထွေစရိတ်။

ဒီနည်းလမ်းက ကျရှုံးဖို့အာမခံပါတယ်။ တကယ့်ကုန်ကျစရိတ်အစစ်အမှန်ကို ခွဲခြမ်းစိတ်ဖြာကြည့်ကြရအောင်။


အပိုင်း (၁)။ သင်၏ပညာရေးအတွက် တကယ့်ကုန်ကျစရိတ် (ဗိသုကာကျောင်းသား ဥပမာ)

လူအများစုက "ပညာရေးစရိတ်" ဆိုတာ တက္ကသိုလ် website မှာဖော်ပြထားတဲ့ ကျောင်းလခပဲလို့ထင်ကြတယ်။ ဒါဟာ ပထမဆုံးအမှားပါ။ major တိုင်းမှာ သူ့ရဲ့ကိုယ်ပိုင်ထပ်ဆောင်းကုန်ကျစရိတ်တွေရှိပါတယ်။

ကျနော့်ကျောင်းလခကို မူလက £15,000 လို့မှန်းခဲ့ပေမဲ့၊ တကယ်တမ်းမှာ £16,200 ဖြစ်နေပါတယ်။ ဒါ့အပြင် ကျနော့် major က Architecture ဖြစ်လို့ အလွန်ကုန်ကျစရိတ်များပါတယ်။ အောင်မြင်ဖို့အတွက် ပစ္စည်းကိရိယာတွေလိုပါတယ်။ အရေးအကြီးဆုံးကတော့ high-spec laptop တစ်လုံးပါ။ တက္ကသိုလ်က မသင်မနေရလို့မပြောပေမဲ့၊ လက်တွေ့မှာတော့ မရှိမဖြစ်လိုအပ်ပါတယ်။ software တွေနိုင်တဲ့ အနိမ့်ဆုံး laptop တစ်လုံးကို ပေါင် ၂,၀၀၀ (သိန်း ၁၀၀) လောက်ကျသင့်ပါတယ်။

ဒါ့အပြင် လက်တွေ့သုံးပစ္စည်းတွေရှိပါသေးတယ်။ စာအုပ်နဲ့ခဲတံနဲ့တင်မရတော့ပါဘူး။

  • အထူးပြုလုပ်ထားတဲ့ ဘောပင်၊ ခဲတံများ။
  • စက္ကူအမျိုးမျိုး၊ ပုံဆွဲစာအုပ်များ။
  • Model ပြုလုပ်ရန်ပစ္စည်းများ (မကြာသေးခင်က ဝါးနှီးပြားအတွက် £10၊ ကော်အတွက် £5 ကုန်ကျခဲ့ပါတယ်)။
  • ပုံနှိပ်ခ (£1 per A1 sheet)။
  • Field trip ခရီးစရိတ် (Oxford-London အသွားအပြန် £30 ကနေစတင်ပါတယ်)။

နောက်ဆုံးအနေနဲ့ကတော့ software စရိတ်ပါ။ Crack သုံးမယ်လို့ပြောနိုင်ပေမဲ့၊ နောက်ဆုံး deadline မတိုင်ခင်တစ်ရက်မှာ သင့် project file ပျက်စီးသွားရင်ဘယ်လိုလုပ်မလဲ။ ဒါ့အပြင် ဒါဟာ ကျင့်ဝတ်ဆိုင်ရာပြဿနာပါ။ Adobe Creative Cloud license တစ်ခုတည်းအတွက် တစ်နှစ်ကို £350 ကုန်ကျပါတယ်။


အပိုင်း (၂)။ သင်၏အိမ်အတွက် တကယ့်ကုန်ကျစရိတ် (Oxford မှာ နေစရာရှာခြင်း)

နေစရိတ်က အပြောင်းအလဲအများဆုံးနဲ့ ခန့်မှန်းရအခြေအနေတစ်ခုပါ။ သင် online မှာတွေ့ရတဲ့ "ပျမ်းမျှအိမ်ငှားခ" ဆိုတာက လက်တွေ့နဲ့ကင်းကွာနေတဲ့ စိတ်ကူးတစ်ခုသာဖြစ်တတ်ပါတယ်။

ကျနော်က တစ်လကို ပေါင် ၆၀၀-၇၀၀ လောက်နဲ့ဘတ်ဂျက်လုပ်ခဲ့ပေမဲ့၊ တကယ်တမ်းမှာ ဒါဟာ မလိုလားအပ်ဆုံးအခန်းတွေအတွက် အနိမ့်ဆုံးစျေးနှုန်းဖြစ်နေတာကိုတွေ့ခဲ့ရတယ်။ Architecture ကျောင်းသားတစ်ယောက်အနေနဲ့ ကိုယ်ပိုင်ရေချိုးခန်း (en-suite) ပါတဲ့၊ ကျောင်းကိုတိုက်ရိုက်ဘတ်စ်ကားရှိတဲ့နေရာလိုအပ်တာကြောင့် ကျနော့်အခန်းခဟာ ချက်ချင်း တစ်လကို ပေါင် ၈၀၀ ကျော် (တစ်ပတ် £190) ဖြစ်သွားပါတယ်။ အမှိုက်ပုံလိုဖြစ်နေတဲ့အခန်းတွေတောင်မှ ဒီထက်သိပ်ပြီးစျေးမသက်သာပါဘူး။

ဒါ့အပြင် နွေရာသီမှာ အခန်းခဏငှားရတဲ့အခါ ဝယ်လိုအားများလို့ တစ်ပတ်ကို ပေါင် ၂၉၀ လောက်အထိ ပေးခဲ့ရပါတယ်။ ဒါကြောင့် ကျနော့်ရဲ့ တစ်နှစ်စာနေစရိတ်ဟာ မူလကခန့်မှန်းထားတဲ့ ပေါင် ၇,၀၀၀ အစား၊ ပေါင် ၁၀,၀၀၀ နီးပါးဖြစ်သွားပါတယ်။


အပိုင်း (၃)။ အစားအသောက်အတွက် တကယ့်ကုန်ကျစရိတ် (သင့်ခန္ဓာကိုယ်က သင့်ဘတ်ဂျက်ကိုဆုံးဖြတ်တယ်)

ဒါက လူတွေအများဆုံးလျှော့တွက်တဲ့ ကုန်ကျစရိတ်ပါ။ ဘယ်နိုင်ငံကိုပဲသွားသွား၊ သင်ထင်ထားတာထက်ပိုကုန်မှာပါ။

ကျနော်က တစ်ပတ်ကို ပေါင် ၁၀၀ နဲ့ဘတ်ဂျက်စလုပ်ခဲ့တယ်။ ဒါပေမဲ့ အနောက်တိုင်းအစားအစာချည်းပဲစားဖို့အဆင်မပြေပါဘူး။ အသင့်စားအစားအစာတွေက ရွေးစရာနည်းပြီး၊ စားသောက်ဆိုင်ကတော့ နေ့စဉ်အတွက်မဟုတ်ပါဘူး။ တစ်ခုတည်းသောရေရှည်ခံမယ့်နည်းလမ်းကတော့ ကိုယ်တိုင်ချက်ပြုတ်စားသောက်ဖို့ပါပဲ။

ဒီနေရာမှာ နောက်ထပ်အချက်တစ်ချက်ပေါ်လာပါတယ်- သင့်ရဲ့ခန္ဓာကိုယ်။ ကျနော်က အရပ် ၆ ပေကျော်၊ ကိုယ်အလေးချိန် ၁၈၅ ပေါင်ရှိပြီး high metabolic rate ရှိတဲ့သူပါ။ တစ်နေ့ကို ကယ်လိုရီ ၄,၀၀၀ လောက်လိုအပ်ပါတယ် - ဒါဟာ ပျမ်းမျှလူတစ်ယောက်ရဲ့ကယ်လိုရီ ၂,၀၀၀ ရဲ့ နှစ်ဆပါ။ ဒါကြောင့် ကျနော့်အစားအသောက်ကုန်ကျစရိတ်က လူနှစ်ယောက်စာနီးပါးဖြစ်နေပါတယ်။

ခေါက်ဆွဲခြောက်ထုပ်တွေနဲ့ အသက်ဆက်လို့မရပါဘူး။ "အစာအိမ်ဟာ ဒုတိယဦးနှောက်" လို့ပြောကြသလိုပါပဲ။ အစားအသောက်ညံ့ရင် အတွေးအခေါ်လည်းညံ့ပါလိမ့်မယ်။ ဒါ့အပြင် ကျောင်းမှာ ၉ နာရီကနေ ညနေအထိနေရတဲ့အခါ ထမင်းဘူးတစ်ဘူးတည်းနဲ့မလုံလောက်ဘဲ ကျောင်းမှာမုန့်ဝယ်စားရတာနဲ့ တစ်နေ့ကို ပေါင် ၅-၁၀ လောက်ထပ်ကုန်ပါတယ်။

လပေါင်းများစွာစာရင်းပြုစုပြီးတဲ့နောက် ကျနော့်ရဲ့တကယ့်အစားအသောက်ဘတ်ဂျက်ကတော့-

  • အနည်းဆုံးရှင်သန်နိုင်တဲ့ပမာဏက တစ်လကို ပေါင် ၆၀၀
  • ပုံမှန်သက်သောင့်သက်သာသုံးစွဲမှုက တစ်လကို ပေါင် ၈၀၀ ဝန်းကျင်။

သင့်ဘတ်ဂျက်ကိုရေးဆွဲတဲ့အခါ သင့်ခန္ဓာကိုယ်၊ အစားအသောက်ပုံစံနဲ့ သင်သွားမဲ့မြို့ရဲ့ကုန်ကျစရိတ်ကို ရိုးသားစွာထည့်သွင်းစဉ်းစားပါ။


အပိုင်း (၄)။ "အထွေထွေ" ကုန်ကျစရိတ်များ၏ တကယ့်တန်ဖိုး

ဒါကတော့ စီစဉ်ထားခြင်းမရှိတဲ့ဘတ်ဂျက်ကို ဖျက်ဆီးပစ်မယ့် ကဏ္ဍပါ။ အနည်းဆုံးကုန်ကျစရိတ်ကိုပဲကြည့်ရင်တောင် ကျောင်းလခ £15,000 + နေစရိတ် £7,000 + စားစရိတ် £3,000 = £25,000 ဖြစ်နေပါပြီ။ ဒါဟာ သင်ဆပ်ပြာတစ်တုံး၊ ပန်းကန်တစ်ချပ်မှမဝယ်ရသေးခင်မှာပါ။

"အထွေထွေ" ကုန်ကျစရိတ်တွေမှာ-

  • အခန်းအစပိုင်းပြင်ဆင်စရိတ် (~£500): သင်ရောက်တဲ့အခါ သင့်အခန်းက ဗလာကြီးပါ။ စောင် (£20), အိပ်ရာခင်း (£20), အိုး (£15), ပန်းကန် (£2), ဇွန်း (£1) အားလုံးဝယ်ရပါမယ်။
  • တစ်ကိုယ်ရေသုံးနှင့် သန့်ရှင်းရေးပစ္စည်းများ (~£50-£100 per month): ခေါင်းလျှော်ရည်၊ ဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ။
  • မထင်မှတ်ထားသော အဖြစ်အပျက်များ:
    • အိမ်ပြောင်းစရိတ်: ကျနော့်အတွက် ပေါင် ၅၀၀ ကုန်ကျခဲ့ပါတယ်။
    • မရှိမဖြစ်ဝယ်ယူမှုများ: မိုးကာအကောင်းစား (£30-£150), ခိုင်ခံ့တဲ့ဖိနပ် (£50-£100), တာရှည်ခံထီး (£20)။
    • ကျန်းမာရေး: အအေးမိဖျားနာအတွက်ဆေးဖိုး။
    • လူမှုရေး: သူငယ်ချင်းမွေးနေ့လက်ဆောင်။

ဒါတွေဟာ ဇိမ်ခံပစ္စည်းတွေမဟုတ်ဘဲ၊ ပုံမှန်ဘဝတစ်ခုရဲ့အခြေခံကုန်ကျစရိတ်တွေပါ။


အပိုင်း (၅)။ သင်မဖြစ်မနေထည့်သွင်းစဉ်းစားရမည့် အကြီးမားဆုံး ဘဏ္ဍာရေးအန္တရာယ်နှစ်ခု

၁။ ငွေလဲနှုန်းအတက်အကျ- မတည်ငြိမ်သော ကျပ်ငွေ ကျနော်စလာတုန်းက £1 = 4,000 MMK ဝန်းကျင်သာရှိပါတယ်။ မကြာသေးခင်က £1 = 4,900 MMK ဖြစ်သွားပါတယ်။ ဒါဟာ ၂၅% နီးပါးတက်သွားတာပါ။ သင့်မိသားစုက သင့်အတွက်ငွေကို ကွက်တိဘတ်ဂျက်လုပ်ထားရင် သင်ချက်ချင်းလိုငွေပြသွားနိုင်ပါတယ်။ ဒါကြောင့် ငွေပိုကို ကြိုတင်ပြင်ဆင်ထားရပါမယ်။

၂။ Agency နှင့် Consultant Fees များ Consultant ကောင်းတစ်ယောက်ရဲ့ဝန်ဆောင်ကြေးက ပေါင် ၅၀၀ ဝန်းကျင်ဖြစ်နိုင်ပေမဲ့၊ ကိုယ်ပိုင်ကျောင်းတွေနဲ့ချိတ်ထားပြီး "အခမဲ့" ဝန်ဆောင်မှုပေးတယ်ဆိုတဲ့ agency တွေကိုသတိထားပါ။ သူတို့ရဲ့ကြေးက သင်ပေးရမယ့်ကျောင်းလခထဲမှာ အဆပေါင်းများစွာထည့်ပေါင်းထားပြီးသားဖြစ်ပါတယ်။


နိဂုံး- မိဘနှင့် ကျောင်းသားများအတွက် ငွေကြေးနှင့်ပတ်သက်သော နောက်ဆုံးစကား

ဇွန် ၂၀၂၄ ငွေလဲနှုန်း (£1 = 5000 MMK) အရ၊ UK မှာတစ်နှစ်ကျောင်းတက်ဖို့ အနည်းဆုံး သိန်း ၁၃၀၀ (£25,000) ကုန်ကျပါမယ်။ လက်တွေ့ကျတဲ့ဘတ်ဂျက်ကတော့ သိန်း ၁၅၀၀-၂၀၀၀ (£30,000-£40,000) ဝန်းကျင်ဖြစ်ပါတယ်။

မိဘများသို့ - သားသမီးတွေက ဘတ်ဂျက်ကျော်သွားတယ်လို့ပြောတဲ့အခါ နားလည်ပေးပါ။ ကုန်ကျစရိတ်တွေက တကယ်ဖြစ်ပြီး မခန့်မှန်းနိုင်တဲ့အရာတွေလည်းရှိပါတယ်။ ကျောင်းသားများသို့ - တာဝန်ယူပါ။ ဒါဟာ သင့်မိသားစုရဲ့ ကြီးမားတဲ့ငွေကြေးရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။ သင့်ရည်ရွယ်ချက်က စာသင်ဖို့လား၊ အလုပ်လုပ်ဖို့လားဆိုတာကို ခွဲခြားသိပြီး အဲ့ဒီအပေါ်မှာအာရုံစိုက်ပါ။ အားလုံးအတူတူကြိုးစားကြရမှာပါ။


Read more

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

ဒီStudent Visaကိစ္စအပြောင်းအလဲနဲ့ပတ်သက်ပြီး ကျနော်အကြံပြုချင်တာရှိပါတယ်။ ဒါက Studentတွေရော Education Providerတွေရောကိုပါ အကျုံးဝင်ပါတယ်။ ပထမတစ်ခု။ နိုင်ငံအပြောင်းအလဲ။ ကျနော်တို့လို ကျောင်းသားအမျ

By Moe Htet
UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

UK ရဲ့ "Emergency Brake" ဗီဇာပိတ်ပင်မှု နောက်ကွယ်က အချက်အလက်များ

သတင်းတွေမှာ UK က မြန်မာအပါအဝင် နိုင်ငံ ၄ နိုင်ငံ (အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ ဆူဒန်၊ မြန်မာ) ကို Student Visa (ကျောင်းသားဗီဇာ) ပိတ်လိုက်ပြီဆိုတဲ့ သတင်းတွေ တက်လာတော့ လူတေ

By Moe Htet