အိမ်ငှားခြင်း

အိမ်ငှားခြင်း

UK ကို ရောက်ခါစ ဒါမှမဟုတ် ရောက်တာ မကြာသေးတဲ့ ကျောင်းသားတွေ၊ လူငယ်တွေအတွက် အခက်ခဲဆုံးနဲ့ စိတ်အရှုပ်ရဆုံး ကိစ္စတစ်ခုကတော့ "အိမ်ငှားခြင်း" ပါပဲ။ နေစရာ သေချာမရှိဘဲ အလုပ်လုပ်လို့၊ ကျောင်းတက်လို့ မရသလို၊ အိမ်ငှားတာ သေချာမရွေးချယ်တတ်ရင်လည်း နေ့စဥ်ဘဝက တော်တော်လေး စိတ်ဆင်းရဲစရာ ကောင်းပါတယ်။

ဒီ Post လေးမှာတော့ UK မှာ အိမ်/အခန်း ရှာတော့မယ်ဆိုရင် မဖြစ်မနေ သိထားသင့်တဲ့ အခြေခံအချက်တွေ၊ အလိမ်မခံရအောင် သတိထားရမယ့်အရာတွေနဲ့၊ ကိုယ့်အတွေ့အကြုံအရ သိထားသလောက် မျှဝေပေးချင်ပါတယ်။

UKမှာနေတယ်ဆိုတာက ပုံစံအမျိုးမျိုးရှိတယ်။

  • အိမ်ပိုင်ရှင်တစ်ဦးဦးကနေငှားနေကြတယ်။ (Private Tenant)
  • မိဘဆွေမျိုးအိမ်မှာ နားလည်မှုနဲ့နေကြတယ် (Living with Parents)
  • အရစ်ကျနဲ့ဖြစ်စေ ပိုင်ဆိုင်ပြီးဖြစ်စေ အိမ်ပိုင်ရှိတယ် (Home Owner)

ဒီထဲမှာမှ ကျနော်ကတော့ အိမ်ငှားတဲ့အကြောင်းလေးကို သိထားသလောက်ရှင်းပြချင်တယ်။

  • UKမှာကာလအနည်းအကျဥ်းလေးပဲရှိသေးတယ်။ ၁-၃နှစ်ခန့်။
  • ကျောင်းတက်နေစဥ်၊ ကျောင်းပြီးခါစ၊ အလုပ်ဝင်ခါစ စသဖြင့် အခြေမကျသေးဘူး။
  • Credit History တစ်ခုမတည်ဆောက်ရသေးဘူး Professional Incomeကို ပုံမှန်ရနေကြောင်း ပြသဖို့ခဲယဥ်းသေးတယ်။

တစ်နည်းအားဖြင့်ကျနော်ပေါ့။ ကျနော့်ရဲ့အမြင်ပါ။

How do people stay in the UK

ဒီက ကျနော်တို့လိုအရွယ် မိတ်ဆွေအများစုနေထိုင်တဲ့ပုံစံလေးတွေက

House Shareနေကြတယ်။ အိမ်တစ်လုံးထဲ လူတွေစုနေကြတယ်။ Two bedroom, three bedroom, four bedroomပေါ်မူတည်ပြီး အရေအတွက်ကွဲပြားသွားတယ်။ ကိုယ်ဘယ်လောက်ပေးလဲပေါ်မူတည်ပြီး အကျယ်အဝန်း၊ လူဘယ်နယောက်နဲ့မျှနေရမယ်၊ ဘယ်locationမှာနေရမယ် ကွဲပြားသွားတယ်။

လန်ဒန်လိုမြို့ပြကြီးမှာ တစ်ယောက် တစ်လမှ ပေါင် ၄၀၀/၅၀၀ တတ်နိုင်တဲ့သူတွေဆိုရင်တော့ အိပ်ခန်းထိပါ ၂ယောက်တစ်ခန်းမျှဝေရတာမျိုးဖြစ်နိုင်တယ်။ လူ ၅ယောက်လောက် ရေချိုးခန်း အိမ်သာ တစ်လုံးထဲမျှသုံးရတာမျိုးဖြစ်နိုင်တယ်။ အလုပ် (သို့)ကျောင်းနဲ့ ဝေးနိုင်တယ်။ အိမ်အပြင်အဆင်၊ မီးဖိုချောင်၊ ရေချိုးခန်း စသဖြင့် ဟောင်းနွမ်းတာမျိုးဖြစ်နိုင်တယ်။ အိမ်ရှင်မကောင်းတာ၊ မပြင်ဆင်ပေးတာ၊ နံရံတွေမှိုစွဲတာ စသဖြင့် အများကြီးဖြစ်နိုင်တယ်။ ဒုစရိုက်များတဲ့နေရာ၊ လူမသန့်တဲ့နေရာ အများကြီးဖြစ်နိုင်တယ်။

တစ်ယောက်ကို ပေါင် ၇၀၀/၈၀၀ ဆိုရင်လဲပဲမျှနေရပါဦးမယ်။ ဒါပေမယ့် ဒုစရိုက်သိပ်မများတော့ဘူး လူနဲနဲလေးတော့သန့်လာမယ် အခန်းလေးကျယ်ဝန်းလာမယ် ကိုယ်ပိုင်အိပ်ခန်းတစ်ခန်းတော့ရလာမယ် စသဖြင့် နည်းနည်းကောင်းလာမယ်ပေါ့။

Living costနည်းတဲ့မြို့လေးတွေနဲ့ လူသူအရောက်နည်းပါးတဲ့ ကားနဲ့သွားမှအဆင်ပြေမယ့်နေရာလေးတွေမှအပ တော်ရုံသူအဖို့ တစ်ယောက်တည်းနေဖို့ဆိုတာ ဝင်ငွေတစ်ခုရှိမှ တတ်နိုင်မှ နယ်မြေကျွမ်းကျင်မှ စကားအပြောအဆိုကျွမ်းကျင်မှ အဆင်ပြေပါလိမ့်မယ်။

အထက်ပါအခန်းလေးတွေကို

  • Zoopla, Rightmove, Openrent, OnTheMarket, Spareroom စတာတွေမှာရှာဖွေတတ်တယ်။
  • ကိုယ့်အသိမိတ်ဆွေတွေအချင်းချင်း Facebook Groupsတွေ Messengerကနေဖြစ်စေ စသဖြင့် "ငှားဖို့အခန်းလေးတွေရှိရင်ပြောပေးပါဦး" တို့ "လန်ဒန် xxx မှာအခန်းလေးရှိပါတယ်" ချိတ်ဆက်ကြတယ်။

ဆိုးကျိုးတွေကတော့ သေချာမရွေးချယ်တတ်ရင် စျေးကြီးတာငှားလိုက်တာထက် ပိုမိုကုန်ကျပါတယ်။ maintenance ဖြစ်စေ၊ ပြင်ဆင်ဖို့ခေါ်ရလို့ဖြစ်စေ၊ သွားလာစရိတ်ဖြစ်စေ၊ အနေအထိုင်စိတ်ကျဥ်းကြပ်တာမျိုးဖြစ်စေ အစစအရာရာ ဒုက္ခရောက်တတ်ပါတယ်။ အထူးသဖြင့် အောက်ပါ အချက်တွေမှာ အလိမ်ခံရတာ၊ နစ်နာတာတွေ ဖြစ်တတ်ပါတယ် -

  • Scams (လိမ်လည်မှုများ) - Facebook groups သို့မဟုတ် Spareroom လိုနေရာတွေမှာ အိမ်မကြည့်ရသေးဘဲ Deposit (စရံ) အရင်တောင်းတာ၊ ပိုင်ရှင်အစစ်မဟုတ်ဘဲ ငှားရမ်းခယူ Depositယူပြီး ထွက်ပြေးသွားတာမျိုး (Fake Landlords) တွေ အများကြီးရှိပါတယ်။
  • Deposit ဆုံးရှုံးခြင်း - UK ဥပဒေအရ အိမ်ရှင်က Deposit ကို Government-backed scheme (TDP) မှာ မဖြစ်မနေ ထည့်သွင်းသိမ်းဆည်းပေးရပါတယ်။ အသိအချင်းချင်းပဲဖြစ်ဖြစ်၊ နားလည်မှုနဲ့ပဲဖြစ်ဖြစ် စာချုပ် (Tenancy Agreement) တရားဝင်မရှိရင် နောက်ဆုံးအိမ်ပေါ်ကဆင်းတဲ့အခါ Deposit အကြောင်းပြချက်မရှိဘဲ အဖြတ်ခံရတာ၊ ပြန်မရတာမျိုးတွေ ဖြစ်တတ်ပါတယ်။
  • Hidden Costs - အိမ်လခက ဈေးပေါပေမယ့် Bills (ရေ၊ မီး၊ Gas, Council Tax) အားလုံးပါပြီးသားလား (Bills inclusive) ဒါမှမဟုတ် ကိုယ်တိုင် ခွဲဆောင်ရမှာလား သေချာမမေးမိရင် လကုန်တဲ့အခါ မျှော်လင့်မထားတဲ့ ကုန်ကျစရိတ်တွေ ထွက်လာတတ်ပါတယ်။ အထူးသဖြင့် အိမ်ရဲ့ EPC (Energy Performance) Rating ညံ့ရင် ဆောင်းတွင်းမှာ Heating ဖိုးနဲ့တင် မွဲသွားနိုင်ပါတယ်။
  • Legal & Safety Issues - ကိုယ်ငှားလိုက်တဲ့အခန်းက Gas Safety Certificate မရှိတာ၊ မှိုစွဲနေတာ (Damp & Mould) တွေကို အိမ်ရှင်က တာဝန်ယူမပြင်ပေးရင် ဥပဒေအရ အကာအကွယ်ယူဖို့ ခက်ခဲပါတယ်။ တကယ်လို့များ အိမ်ရှင်အစစ်က မသိဘဲ တစ်ဆင့်ပြန်ငှားတာ (Illegal Subletting) မျိုးဆိုရင် အိမ်ရှင်အစစ်က သိသွားတဲ့အခါ ကိုယ့်ကို ချက်ချင်း အိမ်ပေါ်က ဆင်းခိုင်းခံရတဲ့အထိ ဖြစ်နိုင်ပါတယ်။

ဘယ်လိုရှာဖွေခဲ့လဲ။

နေရာတစ်နေရာနေမယ်ဆိုရင် ကိုယ်စဥ်းစားရမှာက

  • အိမ်maintenance အခန်းသန့်ရှင်းရေး လုပ်ဖို့ အချိန် သို့ ငွေ၊ Utilities (Water, Electricity, Gas, Council Tax, Wifi, Car Parking,...) ဖိုး နဲ့ အိမ်ငှားခသီးသန့် ဖိုး တစ်ပတ်ကို တစ်လကို ဘယ်လောက်တတ်နိုင်လဲ။ Deposit (စရံ) ဘယ်လောက်ပေးနိုင်လဲ။ အိမ်လခတစ်လချင်းပေးမှာလား။
  • အိမ်မှာ ဘယ်နဦးနေမှာလဲ၊ ကလေးတွေ Petsတွေရှိလား၊ သက်ကြီးရွယ်အိုတွေ Accessible (Wheel Chair) နဲ့မှ အဆင်ပြေမယ့်သူတွေရှိလား။ ဆေးလိပ်သောက်တတ်လား။ Carရှိလား။
  • တစ်နေ့တာမှာ အပြင်မှာပိုနေဖြစ်လား အိမ်မှာပိုနေဖြစ်မလား။ ဟင်းချက်ဖြစ်မလား။ Work from homeလုပ်ဖြစ်မလား။ အိမ်မှာ Study (ကျောင်းစာ) လုပ်ဖြစ်မလား။
  • ပုံမှန်သွားဖြစ်တဲ့နေရာတွေ (ကျောင်း၊ အလုပ်၊ မိသားစု သို့ သူငယ်ချင်း) တွေနဲ့ နီးကပ်ရဲ့လား။ ကိုယ့်ဆီမှာ ကား၊ စက်ဘီး၊ scooter ရှိလား။ သို့မဟုတ် Public Transportation (Bus, Train, Tube,..) စတာတွေနဲ့ပဲသွားဖြစ်မယ်ဆို Stationတွေနဲ့နီးကပ်ရဲ့လား။ ကားပိတ်နိုင်လား လူကြပ်နိုင်လား ကားတွေပေါလား ဘယ်လောက် Commute သွားရမလဲ။ ကြာချိန် ကိုယ်သည်းခံနိုင်ရဲ့လား။
  • ရေတိုလက်ရှိနေနေတဲ့အိမ်မှာရှိတဲ့ပြဿနာတွေ ဖြေရှင်းပေးနိုင်ရဲ့လား။ အလုပ်အသစ်ပြောင်းတာဖြစ်ဖြစ် ကျောင်းပြီးတာဖြစ်ဖြစ် အစီအစဥ်တစ်ခုခုပြောင်းလဲသွားခဲ့ရင် အဆင်ပြေနိုင်ရဲ့လား ထိုအိမ်ကနေ ချက်ချင်းပြောင်းရွှေ့မှ အဆင်ပြေမှာလား။
  • ကိုယ့်မှာဘယ်လိုနေထိုင်ခွင့်statusရှိလဲ (ကျောင်းသား Visa, Work Visa, ILR, Spouse,....) Right to Rentရှိလား။ UKမှာ ဘယ်လောက်ကြာကြာနေထိုင်ပြီးပြီလဲ။ Universal creditယူဖူးတာ၊ ဆိုးဆိုးရွားရွား ဒေဝါလီခံတာ၊ Credit Historyမကောင်းတာ ရှိဖူးလား။ အကယ်၍ ဝင်ငွေပြတာအဆင်မပြေဖြစ်ခဲ့ရင်ရော ကိုယ့်ကို အာမခံပေးနိုင်မယ့် Guarantorရှိလား Guarantor Serviceယူရမယ်ဆိုရင်ရော ကုန်ကျစရိတ်ခံနိုင်လား။
  • အရေးကြီးconditionအခြေအနေတစ်ခုခုရှိလား (တစ်ဦးတည်းနေမှ အဆင်ပြေမယ့် ရောဂါတစ်ခုခုရှိတဲ့သူတွေ၊ sensitiveဖြစ်တဲ့သူတွေ၊...)

အပေါ်က များစွာသောအချက်အလက်သေးသေးလေးတစ်ခုချင်းစီ (Petsရှိတာ၊ Council Tax band,...) ကို ခွဲခြားပြောဆိုမယ်ဆိုရင် စာတစ်ပုဒ်ဆီရေးလို့ရပါတယ်။ တစ်ခုအဆင်မပြေတာနဲ့ အကုန်အဆင်မပြေမယ့်ကိစ္စတွေမျိုးတွေပါ။

ဒါပေမယ့် ဒါတွေအားလုံးအဆင်ပြေတာမှငှားမယ်ဆိုတာမျိုးကလဲ မဖြစ်နိုင်သလောက်ပါပဲ။ အဓိက ကိုယ်ပေးသလောက် ကိုယ်ရမှာပါ (You get what u pay for)။ နည်းနည်းပဲအကုန်ခံရင် အဆင်မပြေတာများမယ် ပိုကုန်ခံရင် ပိုကောင်းမယ်။

Next Step: Viewing

ဒီလောက်ဆိုရင်တော့ အိမ်မရှာခင် ကိုယ့်ကိုယ်ကို ပြင်ဆင်ထားရမယ့် အချက်တွေ တော်တော်လေး ပြည့်စုံသွားပြီလို့ ထင်ပါတယ်။ လိုင်းပေါ်မှာ ကိုယ်နဲ့ ကိုက်ညီမယ့် အိမ်လေးတစ်ခု တွေ့ပြီ ဆိုပါတော့။ ချက်ချင်း ပိုက်ဆံလွှဲရမလား? လုံးဝ မဟုတ်သေးပါဘူး။

အိမ်တွေ အခန်းတွေအများကြီးထဲကမှ လိုင်းပေါ်ကအချက်အလက်တွေချည်းကြည့်ရင်း ကိုယ်နဲ့အဆင်ပြေတဲ့အိမ်လေးတစ်ခုတွေ့ပြီဆိုရင် သွားကြည့်ရပါတယ်။ Agency သို့ Landlordကို ငှားမယ့် အခန်းကိုလိုက်ပြခိုင်းရပါတယ်။ အခန်းထဲကြည့်၊ မေးခွန်းတွေမေး၊ ခံစား စသဖြင့်ပေါ့။ ဒါကို Viewingလို့ခေါ်ပါတယ်။

Viewing သွားတဲ့အခါ အိမ်ထဲမှာ ဘာတွေ သေချာစစ်ဆေးရမလဲ? Agency (သို့) Landlord ကို ဘာမေးခွန်းတွေ မေးရမလဲ? ကိုယ့်ဘက်က Application ကို ဘယ်လို တင်ရမလဲ. See u in my next notes!

Read more

Her.

Her.

ဟိုး လွန်ခဲ့တဲ့ ကာလပေါင်းများစွာမှာ နတ်သမီးတစ်ပါး မြေပေါ်သက်ဆင်းလာခဲ့ဖူးတယ်။ နှစ်သစ်ကူးမတိုင်မီရက်ပိုင်းလေးမှာပေါ့။ သူ့ဘဝလေးက ပျော်ရွှင်ခဲ့ရဖူးတယ် ကြေကွဲခဲ့ရဖူးတယ်

By Moe Htet
What I've been doing

What I've been doing

Hi... ကျနော် မိုးပါ။ ဒီကြားထဲ ကျနော့်ဘဝမှာ အပြောင်းအလဲတွေ အများကြီးဖြစ်သွားတယ်။ ကောင်းတာလေးတွေရော ဆိုးတာလေးတွေရောပေါ့။ ရှေ့ဆက်ဖို့ ပြင်ဆင်စရာတွေ အများကြီးရှိသလို၊ သင်ခန်းစာယူစရာ

By Moe Htet
"သွေးမအေးသေးတဲ့ လန်ဒန်က ၈၈၈၈"

"သွေးမအေးသေးတဲ့ လန်ဒန်က ၈၈၈၈"

ဆန္ဒပြပွဲတွေဆိုတာ ခပ်စိတ်စိတ် တစ်ပတ်တစ်ခါ နှစ်ပတ်တစ်ခါရှိတတ်ပါတယ်။ ပွဲကြီးပွဲကောင်းလေးတွေကတော့ တစ်လတစ်ခါ ၂လတစ်ခါပေါ့။ ကျနော် ဒီလို ၈၈၈၈ လို သမိုင်းဝင်ပွဲကြီးတွေဆိ

By Moe Htet