ကြယ်စင် ၆ နှင့် ကျနော်။

ကြယ်စင် ၆ နှင့် ကျနော်။
အသိရိုက်ကူးသူအကိုနဲ့တကွ

မနေ့က လန်ဒန်မှာပြုလုပ်ခဲ့တဲ့ "ကြယ်စင်များရဲ့ အလင်းကောင်းကင်" ပွဲလေးဆီ ချစ်သူ မမနှင်းဦးလှိုင်နဲ့အတူ ရောက်ဖြစ်ခဲ့ပါတယ်။

ပွဲအစောပိုင်းတော့ မရောက်ဖြစ်ဘူး။ ဒီတစ်ခေါက်တော့ ဘာတာဝန်မှ မယူထားတာမို့ စိတ်ထဲ အပေါ့ပါးဆုံးအခြေအနေနဲ့ လူအုပ်ကြားထဲ တိုးဝင်သွားခဲ့တာပေါ့။

ပွဲကတော့ ထုံးစံအတိုင်းပါပဲ။ နွေဦးထီ Merchandise လေးတွေ ရောင်းနေတဲ့ အမတွေ၊ အအေးခွက်သေးသေးလေးတွေနဲ့ အအေးဆိုင်လေး၊ ပြီးတော့ ရန်ပုံငွေရှာပေးနေကျ အဖွဲ့အစည်းတွေ၊ ချက်ကြီးတွေ၊ အမတွေ... မပြောင်းလဲတဲ့ မျက်နှာဖုံးတွေနဲ့ မပြောင်းလဲတဲ့ လက်ရာတွေ။ ဟင်းအမယ်တွေသာ မတူချင်မတူမယ်၊ ဒီနေရာ၊ ဒီအငွေ့အသက်နဲ့ ဒီစေတနာကတော့ မပြောင်းလဲတမ်းပါပဲ။

စင်ပေါ်မှာတော့ တော်လှန်ရေးသီချင်းတွေ၊ မြန်မာသံစဉ်တွေနဲ့ သီဆိုနေကြတဲ့ အစ်ကို၊ အစ်မတွေ ရှိမယ်။ သြဝါဒခြွေနေတဲ့ လူကြီးမင်းတွေ ရှိမယ်။ အစားအသောက်လေး စားရင်း မင်္ဂလာပါလို့ နှုတ်ဆက်နေကြသူတွေရှိသလို၊ "ဘယ်သူနဲ့မှလည်း မသိဘူး၊ သိလည်း မသိချင်ဘူး၊ စားဖို့ပဲ လာတာ" ဆိုတဲ့ ပျော်စရာ လူတချို့လည်း ပါတာပေါ့။

၂၀၂၃ နဲ့ ၂၀၂၆ ဓာတ်ပုံတွေကို ယှဉ်ကြည့်ရင်တောင် ပွဲပုံစံက သိပ်ထူးခြားမသွားတာတွေ့ရတယ်။ ပွဲတွေကို ခါတိုင်းထက် ပိုမိုအောင်မြင်စေချင်တယ်။ ဒီထက် မတူညီတဲ့ ပုံစံအသစ်တွေ၊ ဖန်တီးမှုအသစ်တွေနဲ့ မြင်ချင်မိတာတော့ အမှန်ပဲ။ ရိုးအီလာတတ်တယ်လေ။

ဒါပေမဲ့ အခုချိန်ထိ ဒီလိုပွဲမျိုးတွေမှာ အဖွဲ့အစည်းတစ်ခုခုရဲ့ "အဖွဲ့ဝင်" အဖြစ် မဟုတ်ရင်တောင်မှ "Moe Htet" သို့မဟုတ် "Moe Notes" အဖြစ် ပါဝင်အားဖြည့်ပေးနေရတာဟာ တော်လှန်ရေးတစ်ခုတည်းကြောင့်ဆိုရင်တော့မှားလိမ့်မယ်။

တော်လှန်ရေးက ပါဝင်ပုံပါဝင်နည်းအမျိုးမျိုးရှိတာပဲ။ ဒီလိုမျိုးပွဲတွေသွားရင် သွားလာစရိတ်တွေရှိတယ်၊ ကုန်ကျစရိတ်အလီလီရှိတယ်။ ပွဲတစ်ခုသွားတယ် စားသောက်တယ်ဆို ပေါင် ၁၀၀ ဆို ၁၀၀လုံးလုံး ငွေသားနဲ့ကူလိုက်သလိုမျိုး တော်လှန်ရေးထဲစီးဆင်းဖို့ဆိုတာခက်ခဲတယ်။ ဘယ်လိုမှမဖြစ်နိုင်သလောက်ပါပဲ။ ပိုထိရောက်တဲ့နည်းလမ်းတွေလဲရှိမှာပါပဲ။ ဒါဖြင့် why are u still showing up?

စကားလုံးထက် ဒီအသိုင်းအဝိုင်းထဲမှာ ဆုံတွေ့ခဲ့ရတဲ့ "လူတွေ" ကြောင့်ပါပဲ။

အရင်တုန်းက ပါဝင်ခဲ့ဖူးတဲ့ပွဲတွေတစ်ပွဲချင်းစီတိုင်းက သိကျွမ်းခဲ့တဲ့သူတွေရှိမယ်။ စျေးရောင်းကူရင်း စားသောက်ဖွယ်ရာလေးတွေ လက်ဆောင်ထည့်ပေးရင်း သူငယ်ချင်းဖြစ်သွားတဲ့သူတွေ ရင်းနီးသွားတဲ့သူတွေရှိမယ် စနောက်နေကျသူတွေ ရှိတယ်။

အတူတူ ထိုင်နေကျ နေရာလေးတွေရှိမယ်၊ ပါဆယ်ဆွဲခဲ့တဲ့ အစားအသောက်လေးတွေ ရှိတယ်။

စားနေကျ ဆိုင်လေးတွေ ရှိတယ်၊ ဘာတွေစားရဦးမလဲ ကိုယ်ကြိုက်တာတွေပါဦးမလား တိုဟူးအစာသွပ်လိုမျိုး အဆန်းတွေစားရဦးမလား စောင့်မျှော်နေချင်တယ်။

ဒါတွေကြောင့် အများကြီးပါဝင်ပါတယ်။ အလုပ်လုပ်လိုက် အိမ်ပြန်လိုက် 9-5တွေကြား မအားလပ်သူတွေ ကျနော့်လိုမျိုး ကျောင်းနဲ့အိမ်နဲ့အလုပ် အသွားအပြန်လုပ်နေတဲ့သူတွေအဖို့ ဒီလိုပွဲလေးတွေက အပန်းဖြေရာနေရာလေးတစ်ခုဖြစ်လာတယ်။ ကျနော့်အတွက်ပိုလို့ကို သွားဖြစ်လာတာက ရိုက်ကူးရေး။

ကျနော်က documentaryလေးတွေရိုက်ရတာဝါသနာပါသူဖြစ်တယ်။ အလှပုံရိုက်ရတာတွေ၊ studio environmentတစ်ခုကြားရိုက်ရတာမျိုး ဟန်ဆောင်တာမျိုးကိုမုန်းတီးတဲ့သူမျိုးပေါ့။

ပွဲမှာ အိမ်လွမ်းသူတွေအစားအသောက်လေးတွေ မြိန်ရှက်စွာစားသုံးနေတာမြင်တဲ့အခါ အစားအသောက်တွေမနားတမ်းပြင်ဆင်ရင်း ပင်ပန်းလဲ ကျေနပ်နေကြတဲ့သူတွေမြင်တဲ့အခါ ဘယ်သူဘာဖြစ်ဖြစ် ငါတို့ဆက်လက်ပါဝင်နေဦးမယ်ဆိုတဲ့ ကိုယ့်လူတွေနဲ့ဆုံတဲ့အခါ ကျနော်ကျေနပ်တယ် ဂုဏ်ယူတယ် ဒီလိုသူမျိုး ဒီလိုအခိုက်အတန့်တွေကို ကမ္ဘာကသိအောင် ရိုက်ကူးချင်တယ်။ ဒီလိုနဲ့ ရိုက်ကူးဖြစ်တယ်။ ပါဝင်တက်ရောက်ဖြစ်ပါတယ်။

အခုတော့ ကိုယ့်ဘေးမှာ ချစ်ရသူလေး ပါလာခဲ့တာမို့ ပိုပြီး စုံလင်သွားခဲ့တာပေါ့။

ဒါနဲ့ပြောရဦးမယ် ကျနော်တို့အကြောင်း။

ကျနော်က တစ်ဦးတည်းနေရတာ နှစ်သက်တဲ့သူ။ လက်ချိုးရေလို့ရတဲ့ အနည်းငယ်သော လူတွေနဲ့ပဲ ပျော်တတ်တဲ့ Introvert တစ်ယောက်။ သူကတော့ လူတိုင်းကို ချစ်ခင်မြတ်နိုး ဖော်ရွေတတ်တဲ့ ကောင်မလေး။ ဒီလိုပွဲတွေမှာပဲ စဆုံတွေ့ဖြစ်ခဲ့ကြတာပါ။

ခါတလေလဲ ကိုက်ကြတာပေါ့ဗျာ။ ဘယ်လိုပဲဖြစ်နေပါစေ ကိုယ်သာသူ့ထာဝရ သူကလဲကိုယ့်အနန္တ။

အပြန်အလှန် ဖေးကူကြတာပေါ့ဗျာ။ သူလုပ်စရာရှိရင် ကျနော်ကူမယ်၊ ကျနော် ရှိနေရင်လည်း သူကူညီမယ်... ဒီလိုပါပဲ။

ဒီလိုနဲ့ ဒီနှစ်ကြယ်စင်ပွဲလေးပြီးတော့ ဘောလုံးပွဲ ရှိသေးတယ်... ဒါကတော့ တကယ်ကို ထူးခြားပါတယ်။ ပွဲကို ရောက်ဖြစ်သွားတာကလည်း ဒီဘောလုံးပွဲကြောင့်ဆိုရင် မမှားဘူး။ လွန်ခဲ့တဲ့ ၃၊ ၄ လလောက်က ပြုလုပ်ခဲ့တဲ့ အမေစု ၈၁ နှစ်ပြည့် အထိန်းအမှတ် 81km ပြေးပွဲမှာ ပါဝင်ခဲ့သူတွေရော၊ UK မှာ ဘောလုံးကန်နေကြ Charity ပွဲတွေမှာ ပါဝင်နေကြသူတွေရော စုံစုံလင်လင် ပါကြတယ်။

ကျနော်ကတော့ ရိုက်ကူးရေး လုပ်မယ်ဆိုပြီး ကွင်းရဲ့ စည်းအလယ်မှာ နေရာယူလိုက်တာပေါ့။ ကိုယ့်ကိုယ်ကိုတော့ NBA Broadcast တစ်ခုမှာ တိုက်ရိုက် Live ထုတ်လွှင့်နေတဲ့ Camera Operator တစ်ယောက်လို့ စိတ်ကူးယဉ်လိုက်သေးတယ်။ ဒါပေမဲ့ တကယ်တမ်းကျ အဆင်မပြေခဲ့ပါဘူး။ sport ရိုက်ကူးရေး ပုံစံနဲ့ မယဉ်ပါးတာလည်း ပါမယ်၊ ကိုယ့်ကင်မရာ ပစ္စည်းတွေကလည်း အခြေအနေ မပေးတာရော၊ လန်ဒန်ရဲ့ အေးစိမ့်လှတဲ့ ရာသီဥတုကြောင့်ရောပဲ။

ဒီလိုနဲ့ ရိုက်ကူးရေး ထုတ်လွှင့်နေတဲ့ အသိအစ်ကိုရယ်၊ ကျနော့်ချစ်သူရယ်၊ ကျနော်ရယ် သုံးယောက် စကားတွေ တက်ကြွစွာ ပြောဖြစ်ကြပါတယ်။ ဒါပေမဲ့ ကင်မရာရဲ့ Record ခလုတ်ကို မနှိပ်မိလိုက်မှန်း သိလိုက်ရတယ်... ဘာဗီဒီယိုမှ ပါမလာခဲ့ဘူး။

အိမ်ပြန်ရောက်တော့ ပင်ပန်းလွန်းလို့ ပွဲက ဝယ်လာတဲ့ လက်ဖက်နဲ့ အကြော်လေး စားပြီး တန်းအိပ်လိုက်တာ၊ ဒီနေ့တော့ ရာသီဥတုဒဏ်ရော၊ ပင်ပန်းတာရောပေါင်းပြီး နေမကောင်းဖြစ်ပါလေရော။

ကျေးဇူး အထူးတင်ရှိပါတယ်။ မနေ့က အနွေးထည် အိမ်မှာ ထားခဲ့ခိုင်းတဲ့ အမကြီးကိုပေါ့။ ကျေးဇူး လွန်လှပါပြီဗျာ...။

ဘာပဲပြောပြော နောင့်နောင် ဒီထက်ပိုကောင်းတဲ့ activityလေးတွေရယ် ထူးခြားမှုလေးတွေရယ် ဆန္ဒပြပွဲလေးတွေရယ် ကြုံတွေ့ချင်ပါတယ်။ တော်တော်ပျင်းလာပြီမို့။

ဒီလိုတလွဲလေးတွေရော ပျော်စရာလေးတွေပါ ကြုံချင်တယ်ဆို အခုလိုfundraisingပွဲလေးတွေဆီသို့လာရောက်ပေးဖို့ဖိတ်ခေါ်ပါတယ်ဗျာ။ နောက်ပွဲတွေမှာဆုံချင်ပါသေးတယ်။

ပုံရိုက်ပေးတဲ့ အကိုကို အထူးကျေးဇူးတင်ပါတယ်ဗျာ။

Read more

Her.

Her.

ဟိုး လွန်ခဲ့တဲ့ ကာလပေါင်းများစွာမှာ နတ်သမီးတစ်ပါး မြေပေါ်သက်ဆင်းလာခဲ့ဖူးတယ်။ နှစ်သစ်ကူးမတိုင်မီရက်ပိုင်းလေးမှာပေါ့။ သူ့ဘဝလေးက ပျော်ရွှင်ခဲ့ရဖူးတယ် ကြေကွဲခဲ့ရဖူးတယ်

By Moe Htet
What I've been doing

What I've been doing

Hi... ကျနော် မိုးပါ။ ဒီကြားထဲ ကျနော့်ဘဝမှာ အပြောင်းအလဲတွေ အများကြီးဖြစ်သွားတယ်။ ကောင်းတာလေးတွေရော ဆိုးတာလေးတွေရောပေါ့။ ရှေ့ဆက်ဖို့ ပြင်ဆင်စရာတွေ အများကြီးရှိသလို၊ သင်ခန်းစာယူစရာ

By Moe Htet
"သွေးမအေးသေးတဲ့ လန်ဒန်က ၈၈၈၈"

"သွေးမအေးသေးတဲ့ လန်ဒန်က ၈၈၈၈"

ဆန္ဒပြပွဲတွေဆိုတာ ခပ်စိတ်စိတ် တစ်ပတ်တစ်ခါ နှစ်ပတ်တစ်ခါရှိတတ်ပါတယ်။ ပွဲကြီးပွဲကောင်းလေးတွေကတော့ တစ်လတစ်ခါ ၂လတစ်ခါပေါ့။ ကျနော် ဒီလို ၈၈၈၈ လို သမိုင်းဝင်ပွဲကြီးတွေဆိ

By Moe Htet