Book Reflection - David Goggin's Can't Hurt Me

Book Reflection - David Goggin's Can't Hurt Me

David Gogginsဆိုတဲ့ သူကို ကျနော်ကြားဖူးလာတာတော့ကြာပါပြီ။ Internet ပေါ်မှာ Motivational speechesတွေကြားလာရရင်းနဲ့ပါ။

ကျနော့်ရဲ့ပထမဦးဆုံးinteraction

သူက အင်မတန်rawဖြစ်တယ်ဗျ။ ထိန်းချုပ်ထားခြင်းမရှိ ညှာတာငဲ့ညှာခြင်းမရှိ ပြောချင်တာပြောတယ် ဆိုချင်တာဆိုတယ်။ လူတချို့တွေကတော့ သူ့ကို အဆဲသန်လို့မကြိုက်ကြဘူးပေါ့ဗျာ။ သူကတော့ "လူတွေက မကောင်းတာနဲ့ ရိုင်းတာကို ခွဲမသိကြဘူးဗျ။ အဲ့လိုမျိုး အဆဲသန်တယ်လို့ပြောတဲ့သူတိုင်းကို မေးကြည့်ပါ။ သူပြောတာတွေဘာများနားထောင်လေ့လာမှတ်သားလိုက်မိလဲလို့" တဲ့။


ကျနော့်ဘဝ

ကျနော်စစသိတာကတော့ ၉တန်း/၁၀တန်းလောက်တုန်းက။ ကျနော်နေတာက ၁၂ပေ ပေ၅၀ တိုက်ခန်းကျဥ်းလေးထဲမှာဗျ။ Downtown areaဆိုတော့ နေ့စဥ်နေ့တိုင်းစျေးသည်တွေ၊ အလှူခံတွေ၊ အော်ဟစ်သံတွေနဲ့ ပွက်လောရိုက်နေတဲ့အချိန်ပေါ့။

ကျနော် ၉ တန်းတုန်းက ၂၀၁၉-၂၀၂၀ကာလ။ ဘဝကြီးက အဆင်ပြေသေးတယ်ပေါ့ဗျာ။ တစ်စတစ်စတိုးတက်လာတဲ့အခိုက် ကျနော်ကိုယ်တိုင်လဲ ၁၀ တန်းဆိုတဲ့ မိဘတွေအခေါ် "ဘဝတစ်ဆစ်ချိုး" စာမေးပွဲအတွက်ပြင်ဆင်နေချိန်လေးပေါ့။

ကျနော်တို့က ဆယ်တန်းစနစ်ဟောင်းနောက်ဆုံး 2020-2021 batch။ ဒီအသုတ်ဘယ်လောက်ခက်ခဲခဲ့ကြတာ ကိုယ်တိုင်ကြုံဖူးတဲ့သူတွေသိကြမှာပါ။

၉တန်းနှစ်ဝက်ကတည်းက ဆယ်တန်းစာတွေစသင်တယ်။ ကျူရှင်တွေပတ်တက်တယ်။ ကြားထဲ Scholarshipတစ်ခုအတွက် ပြင်ဆင်ရင်း British Councilဆိုတဲ့အင်္ဂလိပ်စာသင်တန်းလဲတက်ရင်းပေါ့။


၂၀၂၀ မတ်လ။

၉တန်းပြီးတဲ့အချိန် ခရီးတွေဘာတွေသွားလိုက်ပါသေးတယ် ကလောဘက်။ ရက်အနည်းငယ်အကြာ COVID-19ရယ်လို့စတင်ကြေညာလိုက်တဲ့အချိန်။

ကဲ ကျနော်စာဆက်လုပ်ပါသေးတယ်။ ကျူရှင်တွေသွားမတက်တော့ဘူး။ ဆရာဆရာမတွေကိုလဲ အိမ်ခေါ်မသင်တော့ဘူး။ အွန်လိုင်းကနေသင်တယ်။ နောက်တော့ သူ့ဟာနဲ့သူ နဲနဲလေးငြိမ်သွားတဲ့အခါ ဆက်သင်တယ်။

မနက် ၆နာရီလောက်ထတယ်။ တစ်နေ့တာကျူရှင်တွေအတွက် ပြင်ဆင်တယ်။ တစ်နေ့တာမှာ အတန်းချိန် ၂ချိန်ကနေ ၄ချိန်လောက်ထိရှိတယ်။ နာရီနဲ့ဆို ၆-၈နာရီလောက်ပေါ့။ စာပြန်လုပ်တဲ့အချိန်ကသပ်သပ်။ ညဆို ၁၂နာရီလောက်အိပ်တယ်။

မြန်မာစာဆိုလဲ ကျနော့်အတွက်ခက်ခဲတာပဲ (ငယ်ငယ်လေးကတည်းက international schoolတက်ခဲ့တာကိုး)။ အင်္ဂလိပ်စာဆိုလဲထိုနည်းလည်းကောင်းပဲ။ (Sentenceတောင်ဘယ်လိုဖွဲ့ရမှန်းမသိခဲ့တာ)။ အလွတ်ကျက်ရတော့ပိုဆိုးပေါ့။

ဆရာဆရာမအပြောင်းအလဲတွေ၊ အွန်လိုင်း Offlineအခြေအနေတွေ၊ မေးခွန်းပုံစံအသစ်တွေနဲ့ အင်မတန်ခက်ခဲနေတဲ့အချိန်က ၂၀၂၁ ဖေဖော်ဝါရီလအထိ ကြာမြင့်ခဲ့တယ်။

စဥ်းစားကြည့်ဗျာ။ ဆယ်တန်းဆိုတာ ဘာကြီးဆိုတဲ့ အတွေးတွေ၊ အပြောတွေနဲ့ ဘဝကြီးတစ်ခုလုံးကပဲ မူတည်နေသလို သမုတ်ကြတဲ့ထဲ COVID-19ဆိုတာပါ ပါဝင်လာတဲ့အခါ စဥ်းစားသာကြည့်ပေတော့။

ငွေဆိုတာလဲ သောက်သောက်လဲကုန်တယ်။ ဘာသာစုံကိုမှ ဆရာမတစ်ဦး တစ်လ ၂သိန်းကနေ ၅သိန်းကြား။ (ပညာကို လေးစားတန်ဖိုးထားတဲ့အနေနဲ့ ပေးရတဲ့အတွက် ကျနော့်အတွက်တော့ worth every pennyပါ)။ ဒီလောက်ကုန်ကျနေမှတော့ တခြားကုန်ကျစရိတ်တွေလဲ အလျှော့ချခံရပြီပေါ့။

အိမ်ကလဲ ငွေပေါနေတဲ့အနေအထားမဟုတ် အလုပ်လဲ အဆင်မပြေတော့ တခြားသောနေရာတွေမှာ လျှော့ချရရင်း ကျနော့်အတွက်လဲ မခက်ခဲသင့်တာတွေခက်ခဲလာတယ်။ အစားအသောက်ဆိုလဲ အိမ်ကချက်ပေးတတ်သလောက်ပဲ သည်းခံစားသောက်ရတာပေါ့ဗျာ။


အခက်ခဲဆုံးအချိန်တွေ

ကျနော့်လိုသူမျိုးအတွက် ဖုန်း၊ laptopစတဲ့ digital deviceတွေအသုံးပြုခွင့် လုံးလုံးလျားလျားပိတ်ပင်လိုက်တာက ငှက်တစ်ကောင်ကို အတောင်ပံဖြုတ်လိုက်သလိုပါပဲ။ သူတို့အမြင်ကတော့ ဆယ်တန်းမှာ ဖုန်းသုံးခွင့်မရှိဘူးပေါ့တဲ့လေ။ ဟုတ်လဲဟုတ်ပါတယ် အဲ့အရွယ်တုန်းက ဖုန်းအသုံးများတဲ့သူက ဂိမ်းစွဲရင်စွဲ ရည်းစားရရင်ရ အပျော်အပါးမက်ရင်မက်ပေါ့။

ဘဝမှာရှားရှားပါးပါး ပထမဆုံးရခဲ့ဖူးတဲ့ ရည်းစားနဲ့ဆိုရင်လဲအဲ့လိုပါပဲ။ အိမ်ကဖုန်းအမြဲသိမ်းသိမ်းထားတော့ တစ်နေ့မှ ဖုန်းလေး၁၅မိနစ်လောက်သုံးခွင့်ရတယ်။ အချိန်မပေးနိုင်တော့လဲ ၄၆ရက်နဲ့ပြတ်ပေါ့ဗျာ။ (အတွေ့အကြုံလေးတော့ရသွားတာပေါ့။ ဟဲဟဲ)

ကျနော်စိတ်ညစ်တယ်ဗျာ။ ကျနော့်မှာစိတ်အပန်းဖြေစရာဘာရှိလဲ။

အပြင်ထွက်ချင်ရင်လဲ COVID-19ကာလမို့ အမြဲတမ်း အိမ်မှာပဲနေနေရတယ်။ Food Pandaဆိုရင်လဲ အပြင်ကစားစရာမို့ မှာစားခွင့်မရှိ။ City Martလဲစျေးကြီးတော့သွားခွင့်မပေး။

အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးကြတော့လဲ နဂိုကတည်းက Gymဆော့တဲ့သူဆိုတော့ အမြဲရှောင်။

အဲGym

အဲ့တုန်းက ကျနော့်ရဲ့ စိတ်အပန်းဖြေစရာက Gym။ အိမ်မှာပဲဆော့ဖြစ်တယ်။ Youtubeမှာ Athlean-Xတို့ Chris Heriaတို့လဲကြည့်ဆော့ဖြစ်တယ်။ Shadow Boxingဆိုရင်လဲ Nate Bower Fitnessတို့ပေါ့။ ချွေးထွက်ဖို့ရယ် နေလို့ကောင်းဖို့ပါပဲ။


David Goggins Effect

ပြောချင်တာအခုမှစတယ်။ ဒီလိုသူမျိုးအတွက် ဘယ်လိုအရာမျိုးက inspirationပေးနိုင်မလဲ။

ကျနော်အိမ်က Home Theatreအောက်စက်လေးနဲ့ ကြိုးစားပြီး ဖွင့်တာYoutubeဖွင့်လို့ရသွားခဲ့တယ်။ ဒီလိုနဲ့သူ့ကိုစသိတယ်။

"David Gogginsအတွက်တော့ သူ့ငယ်ဘဝဟာ အိမ်မက်ဆိုးတစ်ခု - ဆင်းရဲမွဲတေမှု၊ prejudiceခံရမှု၊ ကိုယ်ထိလက်ရောက်နှိပ်စက်ညှင်းပန်းခံရမှုတွေနဲ့ သူ့ရဲ့နေ့တွေကိုအရောင်ဆိုးခဲ့တယ်။ ညဘက်တွေကိုခြောက်ခြားခဲ့တယ်။

အဖေဖြစ်သူရဲ့ညှင်းပမ်းနှိပ်စက်မှုကြောင့် အလွန်အမင်းစိတ်ဓာတ်ကျဆင်းမှုနဲ့အတူ ဆံပင်မကျန်တော့တဲ့အထိ ကျန်းမာရေးအခြေအနေဆိုးဝါးခဲ့တယ်။ မိခင်ဖြစ်သူနဲ့အတူ ထွက်ပြေးခဲ့ပြီး ကြိုးစားလုပ်ကိုင်ရင်း တစ်လ ၇ဒေါ်လာမျှပေးရတဲ့တိုက်ခန်းလေးထဲနေထိုင်ခဲ့တယ်။

လူမည်းဖြစ်နေတာနဲ့အညီ ဘယ်နေရာမဆို လူမျိုးရေးခွဲခြားဆက်ဆံခံခဲ့ရတယ်။ မူလတန်းအရွယ်မှာတင် စာပ်နိုင်စွမ်းမရှိခဲ့။ အတန်းပေါင်းများစွာကို ခိုးချခြင်းနဲ့ကျော်ဖြတ်ခဲ့သော်လည်း ကောလိပ်တက်မယ့်အရွယ်ရောက်တဲ့အခိုက် ပြောင်းလဲမှုကို စတင်မက်မောလာခဲ့တယ်။

ငယ်စဥ်ကတည်းက စစ်တပ်နဲ့ပတ်သက်ပြီးစိတ်ဝင်စားမှုအတော်အတန်ရှိခဲ့တဲ့အလျောက် အမျိုးမျိုးသောကျရှုံးမှုတွေ စမ်းသပ်မှုတွေ သေမတတ်ဖြစ်တဲ့အခိုက်အတန့်တွေကြား သက်သေပြခဲ့တယ်။

Discipline, Mental Toughnessနဲ့ ကြိုးစားအားထုတ်မှုကို ပေါင်းစပ်ရင်း အနာဂတ်မရှိ အဝလွန်နေတဲ့ လူမည်းကောင်းလေးတစ်ယောက်ဘဝကနေ အမေရိကန်စစ်တပ်ရဲ့ ပြယုဂ်တစ်ခုဖြစ်လာတယ်။ ကမ္ဘာပေါ်က အသန်မာဆုံးလူသားတစ်ဦးဖြစ်လာတယ်။

Navy SEAL, Army Ranger, Air Force Tactical Air Controllerအဖြစ် တာဝန်ပြီးမြောက်ခဲ့တဲ့တစ်ဦးတည်းသော လူသားအဖြစ် ကြံ့ခိုင်မှုကို စမ်းသပ်တဲ့ပြိုင်ပွဲပေါင်းများစွာ ယှဥ်ပြိုင်နိုင်ခဲ့တဲ့ လူသားတစ်ဦးဖြစ်လာတယ်။

၁၇ နာရီအတွင်း ၄၀၃၀အကြိမ် Pull-ups (ဘားခို) ခဲ့ပြီး ဂင်းနစ်စံချိန်တင်ခဲ့တဲ့သူ။

အော် သေမတတ်လဲအကြိမ်ကြိမ်ဖြစ်ခဲ့ပါသေးတယ်။ နှလုံးမှာ နဂိုကတည်းက အပေါက်ပါနေခဲ့တဲ့သူ မပြေးပါနဲ့လို့ အကြိမ်ကြိမ်တားခဲ့သည်တိုင်အောင် ဆက်လက်လျှောက်လှမ်းခဲ့တဲ့သူ။ ကျနော်အားကျတာ သူ့ရဲ့ဆုတံဆိပ်တွေမဟုတ်ပါဘူး။ သူ့ရဲ့မဆုတ်မနစ်ကြိုးစားနိုင်စွမ်းကိုပါ။


ကျနော့်ရဲ့ inspiration

တဖြည်းဖြည်းနဲ့ သူ့ဇာတ်လမ်းတွေကို Youtubeမှာရော Podcastsတွေမှာပါ နားထောင်ဖြစ်လာတယ်။ အားကျလာတယ်။

သူ့ဘဝမှာ ဘယ်နေရာမဆို ဘာအလုပ်ဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင်ကြိုးစားဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်တဲ့။ စစ်တပ်ရဲ့စမ်းသပ်မှုတွေမှာဆိုလဲ အောင်ရုံသူမလုပ်ခဲ့ဘူး။ အခြားသူတွေ ပျော်ပွဲစားထွက်နေချိန် သူ ကြိုးစားခဲ့တယ်။ တခြားသူတွေနဲ့ ယှဥ်ပြိုင်ဖို့မဟုတ်ဘူး။ အမှတ်အကောင်းဆုံးရဖို့လဲမဟုတ်ဘူး။

ကိုယ့်ကိုယ်ကို ယှဥ်ပြိုင်ချင်တဲ့စိတ်တစ်ခုနဲ့ပဲ။

၂၀၁၉ ကနေ ၂၀၂၁အထိကာလတွေက ဘယ်အချိန်စာမေးပွဲဖြေဆိုရမှန်းမသိ၊ ဘယ်အချိန်မှ COVID-19ကပြီးဆုံးမယ်မှန်းမသိ၊ ဘယ်အချိန်သေမယ်မှန်းမသိဖြစ်နေတဲ့အခိုက်အတန့်တွေလေ။ ဆယ်တန်းအောင်ရင်ရော ဘဝက ဘာဆက်လုပ်ရမှာလဲဆိုတဲ့ မေးခွန်းအတွက် ကျနော်အဖြေမရှိခဲ့ဘူး။ အဲ့လိုသူမျိုးအတွက် သူ့ရဲ့စကားတွေက စိတ်ခွန်အားဖြစ်စေခဲ့တယ်။

သူကတော့ပြောပါတယ်။ သူ့စကားကြောင့် motivatedဖြစ်တယ်ဆို အဲ့တာရေတိုပဲတဲ့။ ရေရှည်ဖြစ်ချင်ရင် သူ့ဘဝသူ့ပြောင်းလဲမှုတွေကို နားထောင်ကြည့်၊ ပြီးရင် ကိုယ့်ကိုယ်ကို ပြောင်းလဲပါတဲ့။

ဒီလိုနဲ့ ကျနော်workoutတွေလုပ်ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုပြင်ဆင်တယ်။ အတားအဆီးတွေကြား ရုန်းကန်ခဲ့တယ်။ ကိုယ့်ကိုယ်ကို စိန်ခေါ်တယ်။ စာသင်လို့ ဆရာမက မသင်ကြားပေးနိုင် မရှင်းပြပေးနိုင်တဲ့အခြေအနေဖြစ်ခဲ့တယ်မလား အဲ့ဆရာမကို ဖြုတ်၊ ပိုတော်တဲ့ဆရာမကိုထည့်။

ဒီလိုနဲ့ သက်ဆိုင်ရာဘာသာရပ်တွေက တက္ကသိုလ်ပါမောက္ခတွေ ဒေါက်တာတွေနဲ့ သင်ကြားဖြစ်ခဲ့တယ်။ သင်သမျှabsorbနိုင်အောင်လုပ်တယ်။ သင်ရိုးမှာပါတာထက်ကို ပိုလုပ်ခဲ့တယ်။

ဆရာမတွေတိုင်းကတော့ချီးကျူးရှာပါတယ်။ ကျနော်ကတော့ ဘယ်တုန်းကမှမလုံလောက်ခဲ့ဘူး။


ကျနော့်ရဲ့ရှေ့ဆက်တွဲဘဝ

ဘဝမှာ ကိုယ့်ကိုယ်ကို အင်မတန်ဂုဏ်ယူရတဲ့ကိစ္စရှိတယ်။ အဲ့တာက အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဆေးခဲ့တဲ့ ဆယ်တန်းစာမေးပွဲမဖြေဆိုခဲ့ခြင်းပဲ။

ကိုယ်တိုင်လျှောက်ခဲ့တဲ့လမ်း ဘာအကြောင်းပြချက်မှမလိုဘူး။

အဲ့စိတ်နဲ့ ရှေ့ဆက်နေထိုင်လာဖြစ်ခဲ့တယ်။

လွန်ခဲ့သော ၄ရက်က David Gogginsရဲ့ Can't Hurt Meစာအုပ်တစ်အုပ်လုံးကို အစအဆုံးပြန်လည်ဖတ်ရှုဖြစ်ခဲ့တယ်။ စာအုပ်အကြောင်းကို အကျဥ်းချုပ်ရှင်းပြလိုက်ရင် စာအုပ်ရဲ့အနှစ်သာရပျောက်သွားမှာစိုးလို့ ကျနော်မရေးတော့ဘူး။


Conclusion ထဲကအပိုဒ်တချို့။

"ခင်ဗျားတို့စဥ်းစားကြည့်။

ကျုပ်တို့သေတဲ့အခါ နိဗ္ဗာန်ဘုံမှာ ဘုရားနဲ့တွေ့ရမယ်ပဲထား။ ဘုရားက ကိုယ့်ဘဝမှာ ကိုယ်လုပ်ခဲ့တဲ့အရာတွေကို ပြန်လည်ရေရွတ်နေမယ်။

အကယ်၍ David Gogginsသာ အခြားသောကမ္ဘာလောကတစ်ခုမှာ ကျနော်တို့သိထားတဲ့ navy sealဖြစ်မလာခဲ့ဘူး။ ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိခဲ့ဘူး။ သူ့ဘဝကို ပိုးဟပ်သန့်ရှင်းရေးလုပ်တဲ့သူအဖြစ်ပဲရှိနေခဲ့မယ်ဆိုရင်ကော။

"David၊ မင်းသာကြိုးစားခဲ့မယ်ဆိုရင် ကမ္ဘာ့အသန်မာဆုံးလူသားတစ်ဦး ဖြစ်ခဲ့မှာ။ Navy Seal၊ Army Ranger, Air Force Tactical Air Controller၊ Fire Fighter အစုံပဲ။ ကိုယ့်ရဲ့ကြိုးစားမှုကြောင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တဲ့သူတစ်ဦးဖြစ်ခဲ့မှာ"

ဆိုလိုချင်တာကတော့ ကျနော်တို့ဘဝတွေမှာ သေဆုံးသွားတဲ့အခါ နောင်တမရဖို့ ကြိုးစားသင့်သလောက်ကြိုးစားခဲ့ဖို့ ကိုယ့်potentialဆိုတဲ့ ဖြစ်နိုင်စွမ်းကိုကျော်လွန်သည်ထိ ကြိုးစားဖို့ပါ။

စာရေးသူကတော့ ရတဲ့နေရာ ရတဲ့အခြေအနေကနေ ရသလောက်ကြိုးစားနေမယ်။ စတေးသင့်တာစတေးမယ်။ အဆုံးသတ်သင့်တာအဆုံးသတ်မယ်။

ကိုယ့်ကို ဂွကျတဲ့သူလို့ ထင်ရင်ထင်ပါစေ။ ကိုယ့်ကိုချောက်ချချင်တဲ့သူတွေ များသထက်များလာပါစေ ကိုယ့်ရဲ့ကောင်းမွန်တဲ့ဖြစ်တည်မှုကြောင့် intimidatedဖြစ်တဲ့သူတွေရှိပါစေ ကျနော်ပျော်တယ်။ ဒီစိတ်နဲ့ပဲ သေဆုံးတဲ့ထိရှင်သန်သွားမယ်။


မိတ်ဆွေတို့ကော ဘယ်လိုစာအုပ်လေးတွေဖတ်ဖြစ်ကြလဲ။ ဘယ်လိုနည်းလမ်းနဲ့ အခက်ခဲဆုံးအချိန်တွေမှာ ကြိုးစားအားထုတ်ဖြစ်ကြလဲ။ ကျနော်ရော ဘာစာအုပ်တွေထပ်ဖတ်သင့်လဲ။

Read more

Red Sea (သို့မဟုတ်) လန်ဒန်မြို့ရဲ့လူပင်လယ်။

Red Sea (သို့မဟုတ်) လန်ဒန်မြို့ရဲ့လူပင်လယ်။

ဒီနေ့ အောက်စဖို့ဒ် (Oxford) ရဲ့ အေးချမ်းတဲ့ မနက်ခင်းကို ကျောခိုင်းပြီး လန်ဒန်ဆီကို အပြေးအလွှား လာခဲ့ရတဲ့ အကြောင်းရင်းက ၂ခုတည်းပါ။ ကျနော့်သူငယ်ချင်းကောင်လေးက သာမန်ပရိသတ်တစ်

By Moe Htet
မှန်ကန်သောပြိုလဲခြင်း (The Right Way to Fall Apart)

မှန်ကန်သောပြိုလဲခြင်း (The Right Way to Fall Apart)

ကျနော်စာမရေးတာ အတော်လေးကြာခဲ့ပါပြီ။ UK Student visa တွေ မပိတ်ခင်ကတည်းက ရေးဖို့ စိတ်သိပ်မပါခဲ့ဘူး။ လူတွေဖတ်လို့ကောင်းမယ့် "အလွယ်" တွေလဲ ဖန်တီးပြီး မရေးချင်ခဲ့ဘူ

By Moe Htet
Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

Alternative Options: ဥရောပနဲ့ အခြားနိုင်ငံများသို့ ကူးပြောင်းခြင်း

ဒီStudent Visaကိစ္စအပြောင်းအလဲနဲ့ပတ်သက်ပြီး ကျနော်အကြံပြုချင်တာရှိပါတယ်။ ဒါက Studentတွေရော Education Providerတွေရောကိုပါ အကျုံးဝင်ပါတယ်။ ပထမတစ်ခု။ နိုင်ငံအပြောင်းအလဲ။ ကျနော်တို့လို ကျောင်းသားအမျ

By Moe Htet