Red Sea (သို့မဟုတ်) လန်ဒန်မြို့ရဲ့လူပင်လယ်။
ဒီနေ့ အောက်စဖို့ဒ် (Oxford) ရဲ့ အေးချမ်းတဲ့ မနက်ခင်းကို ကျောခိုင်းပြီး လန်ဒန်ဆီကို အပြေးအလွှား လာခဲ့ရတဲ့ အကြောင်းရင်းက ၂ခုတည်းပါ။
ကျနော့်သူငယ်ချင်းကောင်လေးက သာမန်ပရိသတ်တစ်ယောက် မဟုတ်ဘူး။ အာဆင်နယ် ရှုံးတိုင်း မျက်ရည်ကျခဲ့ဖူးပြီး၊ ဘား (Bar) ထွက်ထိုင်တိုင်း အာဆင်နယ်ပွဲ ပြတဲ့ဆိုင်မှ၊ ဘောလုံးပွဲလာတဲ့ နေရာမှ ရွေးထိုင်တဲ့... သွေးထဲမှာကို ဂန်းနားသွေးအပြည့် စီးဆင်းနေတဲ့ Die-hard fan အစစ်ပါ။ သူ့ရဲ့ အနှစ် ၂၀ ကျော် စောင့်စားခဲ့ရတဲ့ အိပ်မက်တွေ တကယ်ဖြစ်လာတဲ့ ဒီလိုနေ့မျိုးမှာ၊ သူ့ကို အံ့သြသွားစေချင်တဲ့ (Surprise) စိတ်တစ်ခုတည်းနဲ့ အာဆင်နယ်အင်္ကျီကို အပြေးအလွှားဝယ်၊ ဝတ်ဆင်ပြီး ဒီရူးသွပ်မှုတွေဆီ ခုန်ဆင်းလာခဲ့ပါတယ်။
နောက်တစ်ခုကတော့ တစ်ယောက်သောသူ။
စထရက်ဖို့ဒ် (Stratford) က စတင်ခဲ့သော ချီတက်ပွဲ
Stratford ဘက်ကို ခြေချလိုက်တာနဲ့ လေထုက လုံးဝကို ပြောင်းလဲသွားပြီ။ ဘူတာရုံတွေ၊ ရထားတွေ၊ လမ်းမတွေပေါ်မှာ အနီနဲ့အဖြူကလွဲပြီး တခြားအရောင် မရှိတော့ဘူး။ လာတဲ့လမ်းတစ်လျှောက်မှာ လန်ဒန်ရောက် မြန်မာအချင်းချင်းတွေနဲ့ပါ ဆုံဖြစ်ခဲ့ကြပြီး အားလုံးရဲ့ မျက်လုံးထဲမှာ မျှော်လင့်ချက်တွေ၊ ပျော်ရွှင်မှုတွေက တလက်လက် တောက်နေခဲ့တယ်။ အားလုံးရဲ့ ခြေလှမ်းတွေက လန်ဒန်မြောက်ပိုင်း Islington မြေဆီကို ချီတက်နေကြတာ တကယ့်ကို အောင်ပွဲခံပြီး ပြန်လာတဲ့ စစ်သည်တွေလိုပါပဲ။
ပန်းတိုင် (သို့မဟုတ်) ရူးသွပ်မှုများရဲ့ ဗဟိုချက်
Emirates Stadium ကနေ စထွက်လာတဲ့ Parade ကားကြီးက လမ်းတစ်လျှောက် အောင်ပွဲခံပြီးနောက် ကျနော်တို့ နေရာယူထားတဲ့ လမ်းကြောင်းရဲ့ နောက်ဆုံးအပိုင်း (Last Track) ဖြစ်တဲ့ Highbury & Islington Station အရှေ့တည့်တည့်ကို ရောက်လာတော့မယ့် အချိန်ပါ။
အဲ့ဒီနေရာက မြင်ကွင်းက ရုပ်ရှင်ကားတစ်ကားရဲ့ အထွတ်အထိပ် (Climax) အခန်းနဲ့ ချွတ်စွပ်တူတယ်။ လမ်းမတွေပေါ်မှာ လူပေါင်း သိန်းနဲ့ချီပြီး ပင်လယ်ပြင်ကြီးတစ်ခုလို ပြည့်လျှံ ကျပ်ညပ်နေတယ်။ သာမန်ရပ်ဖို့ နေရာမရှိတော့တဲ့အဆုံး ပရိသတ်တွေက မီးပွိုင့်တိုင်တွေ၊ လမ်းမီးတိုင်တွေနဲ့ အဆောက်အဦးရဲ့ မြင့်မားတဲ့ နံရံတွေပေါ်အထိ အသက်အန္တရာယ်ကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ တွယ်တက်ပြီး အလံတွေကို ရူးရူးမူးမူး ဝှေ့ယမ်းနေကြတယ်။
"Arsenal Arsenal"လို့ လဲအော်ဟစ်ကြတယ်။
လေထုထဲမှာ ဖိတ်စင်နေတဲ့ ဘီယာ (Beer) တွေ၊ အေးလ် (Ale) တွေရဲ့ အနံ့က ပြင်းရှနေတယ်။ ကျနော်တို့ကတော့ အနီးအနားက wetherspoonမှာ ဝယ်တယ်၊ အိမ်သာသွားဖို့လဲ ခက်ခဲခဲ့ပါတယ်။ဓ
အဲ့ဒီအနံ့တွေနဲ့အတူ ရုတ်တရက် ဖောက်ခွဲလိုက်တဲ့ အနီရောင် မီးခိုးငွေ့တွေ (Red Flares) က ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး၊ ယမ်းနံ့တွေ၊ မီးဟပ်ထားတဲ့ အနံ့တွေက ရှူရှိုက်လိုက်တိုင်း ရင်ထဲအထိ စိမ့်ဝင်သွားစေတယ်။ နံတော့လဲနံပါတယ်။
လူအုပ်က အရမ်းကျပ်လွန်းလို့ အောက်ဆီဂျင်ပြတ်ပြီး ရေဓာတ်ခန်းခြောက်ကာ (Dehydrated) မူးလဲသွားတဲ့ သူတွေတောင် ရှိတယ်။ ဒါပေမဲ့ ဘယ်သူမှ နောက်မဆုတ်ဘူး။ နေရာကနေ ဖယ်မပေးဘူး။ ၂၂ နှစ်တိတိ အံကြိတ်ပြီး မြိုသိပ်ထားခဲ့ရတဲ့ ခံစားချက်တွေက ဒီနေ့မှ အတိုင်းအဆမရှိ ပေါက်ကွဲထွက်လာတာလေးပါ။
အထွတ်အထိပ် အခိုက်အတန့်
ရုတ်တရက် အဝေးကနေ အောင်ပွဲခံ Open-top ဘတ်စ်ကားကြီး ထွက်ပေါ်လာချိန်မှာတော့... တစ်မြို့လုံးရဲ့ အသံတွေက နားကွဲမတတ် ပဲ့တင်ထပ်သွားတယ်။ ကစားသမားတွေနဲ့ ပရိသတ်တွေ အပြန်အလှန် အော်ဟစ်လိုက်တဲ့ သီချင်းသံတွေ၊ ရင်ဘတ်ထဲကနေ လှိုက်အော်လိုက်တဲ့ အောင်ပွဲခံသံတွေက မြေကြီးကိုပါ တုန်ခါသွားစေတယ်။
လေပေါ်မှာ လွင့်ပျံနေတဲ့ အနီရောင် မီးခိုးငွေ့တွေ၊ လွင့်စင်လာတဲ့ Scarf တွေကြားထဲကနေ သူငယ်ချင်းဖြစ်သူရဲ့ မျက်နှာကို ကျနော် လှမ်းကြည့်လိုက်တော့၊ သူ့မျက်လုံးထဲက ပြောပြလို့မရတဲ့ ပျော်ရွှင်မှုတွေကို ကျနော် မြင်လိုက်ရတယ်။ သူ့အတွက်တော့ ဒါဟာ ဘဝရဲ့ အလှပဆုံး အခိုက်အတန့်တစ်ခု ဖြစ်နေခဲ့ပြီ။
ကျနော့်အတွက်လဲ ဒါက အမှတ်တရတစ်ခု၊ this is how i met u တို့ဘာတို့ပေါ့ဗျာ။ ဟဲဟဲ
ကိုယ်တိုင်က တကယ့် ဖန်အစစ် မဟုတ်တဲ့ Imposter တစ်ယောက် ဖြစ်နေခဲ့ရင်တောင်၊ ဒီလို ကြီးကျယ်ခမ်းနားတဲ့၊ ချွေးနံ့၊ ဘီယာနံ့၊ ယမ်းနံ့တွေနဲ့ ရူးသွပ်မှုတွေ ရောယှက်နေတဲ့ သမိုင်းဝင် အောင်ပွဲခံ မြင်ကွင်းကြီးထဲမှာ ကိုယ်တိုင် ပါဝင်ခွင့်ရခဲ့တာကိုက ကျနော့်ဘဝမှာ ဘယ်တော့မှ မေ့ဖျောက်လို့မရနိုင်တော့မယ့် အမှတ်တရတစ်ခု ဖြစ်သွားခဲ့ပါပြီ။ 🔴⚪️