What I've been doing
Hi... ကျနော် မိုးပါ။
ဒီကြားထဲ ကျနော့်ဘဝမှာ အပြောင်းအလဲတွေ အများကြီးဖြစ်သွားတယ်။ ကောင်းတာလေးတွေရော ဆိုးတာလေးတွေရောပေါ့။ ရှေ့ဆက်ဖို့ ပြင်ဆင်စရာတွေ အများကြီးရှိသလို၊ သင်ခန်းစာယူစရာလေးတွေလည်း တစ်ပုံတစ်ပင်ပါပဲ။
အတိတ်ကို စွန့်လွှတ်ခြင်း
ကျနော်တို့က ပြီးခဲ့တဲ့အတိတ်မှာ ကပ်ကျန်နေခဲ့တတ်ကြတယ်။ ဆိုပါစို့... မြန်မာပြည်ပြန်ချင်တဲ့ စိတ်မျိုးပေါ့။
ကျနော်ဆို နွေရာသီရောက်တိုင်း ကိုယ့်မြေကို အမြဲတမ်းပြန်ချင်စိတ်ဖြစ်တယ်။ စာတွေခက်ခဲလာလို့ဖြစ်စေ၊ အိမ်ငှားဖို့ ရှာဖွေရတဲ့အခါမျိုးဖြစ်စေ၊ ကျောင်းသားဘဝနဲ့ ဝင်ငွေအတည်တကျမရှိဘဲ ရုန်းကန်ရှင်သန်နေရတဲ့အခါမျိုးတွေမှာ ကိုယ့်မြေကိုယ် အရမ်းပြန်ချင်လာတယ်။ ဘယ်လောက်ကြာကြာနေနေ၊ ဘယ်လိုဘဝမျိုးပဲရောက်ရောက် ကိုယ့်အတွက် အိပ်ရာတစ်ခု၊ စောင်တစ်ထည် အသင့်ရှိနေမယ့် နေရာ၊ ကိုယ့်ကိုချစ်တဲ့သူတွေကြားမှာ နေရတဲ့အခိုက်အတန့်လေးတွေကို ပြန်ပြီးမက်မောလာတယ်။
မနက်လမ်းလျှောက်ပြီးပြန်တိုင်း ဝင်ဝယ်တတ်တဲ့ ပျံကျစျေးလေးတွေရယ်၊ ညနေတိုင်း သွားစားတတ်တဲ့ ဆီထမင်းပူပူလေးတွေရယ်၊ လသာတို့ တရုတ်တန်းတို့ဘက်က မရိုးနိုင်တဲ့ အစားအသောက်လေးတွေနဲ့ သူငယ်ချင်းတွေရယ်... ဒါတွေကို လွမ်းဆွတ်တယ်။ ဒီတော့ ပြန်ချင်တယ်။
ဒါပေမယ့် ဒါက အခုမှမဟုတ်တော့တာ။ ဟိုမှာ ဘာတွေပြောင်းလဲသွားပြီလဲ ဆိုတာကတော့ ကျနော် ကိုယ်တိုင်ကြုံနေရတာမဟုတ်လို့ သေချာမရေးတတ်တော့ဘူး။
အတိတ်မှာကောင်းခဲ့တယ်လို့ ကိုယ်ထင်တဲ့အရာတွေက တကယ့်လက်တွေ့မှာတော့ အခုချိန်ထိ ကောင်းချင်မှကောင်းနေတာမျိုး ဖြစ်တတ်တယ်။ ဒါကလည်း Rose-coloured spectacles (နှင်းဆီရောင်မျက်မှန်) တပ်ထားသလို အတိတ်ဆို အမြဲအကောင်းမြင်တတ်တဲ့ လူ့သဘာဝကြောင့်ပါ။ အရေးကြီးတာကတော့ ကိုယ်လက်ရှိရောက်နေတဲ့ဘဝကို ကျေနပ်ဖို့၊ ကျေးဇူးတင်ဖို့နဲ့ နောင်လာမယ့် အခက်အခဲတွေ၊ အောင်မြင်မှုတွေအတွက် ကြိုတင်ပြင်ဆင်ဖို့ပါပဲ။ ဒါကသာ အရေးအကြီးဆုံးပါ။
စွန့်လွှတ်ရမယ့် အတိတ်ဆိုတာ ဥပမာ - ကိုယ့်အပေါ် ဘယ်သူတွေ Wronged (အမှားကျူးလွန်) ခဲ့လဲ၊ ဘယ်သူတွေ အသည်းခွဲ ဖောက်ပြန်ခဲ့လဲ၊ ဘယ်သူတွေ နာကျင်အောင်လုပ်ခဲ့လဲ... ဒီလိုမျိုး စိတ်ထဲမှာ မရှိသင့်တော့တဲ့၊ Closure (အပြီးသတ်ခြင်း) ရသင့်ပြီဖြစ်တဲ့ အရာတွေကို ဆိုလိုတာပါ။ သင်ခန်းစာယူသင့်တာယူ၊ ဖြတ်သင့်တာဖြတ်ရမှာပေါ့။
ဒီလို အတိတ်ကို အတိတ်မှာပဲ ထားခဲ့တဲ့စိတ်လေးနဲ့ ကျနော် ကြိုးစားရှင်သန်တယ်။ နောင်တကင်းတယ်၊ ပျော်ရွှင်တယ်။ ဘာမှမလိုအပ်တော့ဘဲ အရာရာ သူ့ဟာသူ လည်ပတ်နေတဲ့ အချိန်လေးတစ်ခုမှာတော့ ကျနော် တစ်ယောက်သောသူနဲ့ ဆုံတွေ့ခဲ့ပါတယ်။
အသည်းတွေကွဲချင်ကွဲပါစေ... ချစ်တတ်ဖို့
ကျနော်လည်း သာမန်လူသားတစ်ယောက်ပဲမို့ ပတ်သက်ခဲ့ဖူးမယ်၊ ချစ်ခဲ့ဖူးမယ်၊ အချစ်ခံခဲ့ရဖူးမယ်။ အသည်းလည်းကွဲခဲ့ဖူးသလို၊ မုန်းခဲ့ဖူးတယ်၊ ပျော်ခဲ့ဖူးတယ်၊ ငိုကြွေးခဲ့ရဖူးတယ်။ ဒီလိုနဲ့ ကျနော် ဒီအသက်အရွယ်ကို ရောက်လာခဲ့တယ်။
ဒီအချိန်၂၀၂၅နှစ်ကုန်မှာကျနော်အရမ်းချစ်ရတဲ့ ကောင်မလေးတစ်ဦးနဲ့ တွေ့ဆုံတယ်။ ကျနော်တို့ သိခဲ့တာတော့ ကြာပါပြီ၊ သိပ်မရင်းနှီးတဲ့ မိတ်ဆွေတွေပေါ့။ ဒါပေမယ့် ရုတ်တရက် "အမှတ်တမဲ့" ဆုံတွေ့ရတဲ့ အခိုက်အတန့်လေးတွေက ကျနော့်အတွက်တော့ တကယ့် "အမှတ်တရ" လေးတွေ ဖြစ်လာခဲ့တယ်။ ချစ်ခဲ့မိတယ်။
ကျနော့်အတွက် အချစ်ဆိုတာ လွယ်ကူသလို ခက်ခဲပါတယ်။ ကျနော့်ဘဝမှာ လုပ်စရာတွေက အများကြီးရှိတယ်။ အခုလိုမျိုး ခင်ဗျားတို့အတွက် "Moe Notes" ဆိုတဲ့ စာလေးတွေရေးဖို့၊ ဗီဒီယိုနဲ့ ဓာတ်ပုံလေးတွေ ဖန်တီးရိုက်ကူးဖို့၊ ရင်ဘတ်ထဲက ခံစားချက်တွေကို သံစဉ်တွေအဖြစ် ပြောင်းလဲဖို့၊ နှလုံးသားထဲက ပြောချင်တဲ့ Message လေးတွေကို ဗိသုကာ Space တွေအဖြစ် ဖန်တီးဖို့၊ ပြီးတော့ ကျနော့် အချစ်ရဆုံး သူငယ်ချင်းတွေနဲ့ နေ့နေ့ညည Video call တွေပြောလိုက်၊ Roblox ဆော့လိုက်နဲ့ ပျော်ရွှင်ဖို့...
ဒီလိုအရာတွေကြားထဲကို "ချစ်သူ" ဆိုတဲ့ အရာတစ်ခု ခေါ်ဆောင်လာဖို့ဆိုတာ မလွယ်ကူပါဘူး။ ကိုယ်တည်ဆောက်ထားတဲ့ ရှိရင်းစွဲ Pattern လေးတွေ ပြိုပျက်သွားမှာကို ကျနော်စိုးရိမ်တယ်။ ဒါပေမယ့်... ဒါပေမယ့်ပေါ့။
မ Gabriel Phway ရဲ့ သီချင်းစာသားလေးကို ကျနော် ပြန်အမှတ်ရမိတယ်။ "တစ်ခါပြန်ချစ်ချင်တယ်... အသည်းတွေကွဲချင်ကွဲ" တဲ့။ အဲဒီလို စိတ်လေးနဲ့ပဲ ကျနော် သူ့ကို လိုချင်ခဲ့မိပါတယ်။
ဒီလိုနဲ့ သူမနဲ့ ပိုနီးစပ်လာတယ်။ သူကတော့ ရိုးရိုးသားသားလေးပါ။ စိတ်သိပ်မရှည်တတ်သလို ပြဿနာလေးတွေလည်း အကြောင်းရှာပြီး တတ်နိုင်သလောက် ရှာတတ်တယ်။ ဒီလိုနဲ့ သူ့ကိုကာကွယ်ပေးရင်း ကျနော်နဲ့ ပိုရင်းနှီးလာခဲ့တယ်။ သိသိချင်းမှာတင်ပဲ I knew i'm gonna marry herပါ။ စက္ကန့်တိုင်း၊ နေ့ရက်တိုင်း သူနဲ့အတူ ဖြတ်သန်းချင်တယ်၊ အရာအားလုံး သူ့အတွက် ရှိပေးချင်လာတယ်။
အိမ်ကတော့ စိတ်ပူရှာပါတယ်။ ကျနော် အိမ်ထောင်ကျ၊ ကလေးရပြီး ကျောင်းမပြီးမှာစိုးလို့တဲ့။ ကျနော်ကလား ကျောင်းမပြီးဘဲ နေမှာ။
ဘာလို့ ဒါတွေ ပြောနေတာလဲဆိုတော့ "အချစ်" ဆိုတာ ကျနော်တို့ လူငယ်တွေကြားထဲမှာ သိပ်ပြောဖြစ်တဲ့ အရာတစ်ခုမို့ပါ။ ပြောရလွယ်သလို ဖြေရှင်းရ သိပ်ခက်တဲ့ အရာတစ်ခုပါ။ အချစ်ဆိုတာ သင်ယူလို့ ပညာတွေလည်း မကုန်သလို၊ သူအဆင်ပြေရင် ဘဝတစ်လျှောက်လုံး အဆင်ပြေပြီး သူအဆင်မပြေရင် တစ်ဘဝလုံး လုံးပါးပါးတတ်ပါတယ်။
အဓိကက လူရွေးမှန်ဖို့၊ ကိုယ့်နှလုံးသားကို ယုံကြည်ဖို့နဲ့ အပြီးတိုင် ဘာပဲဖြစ်ဖြစ် ချစ်မယ်ဆိုတဲ့စိတ်ထားဖို့ပါ။ ဖဲဝိုင်းထဲမှာဆို ဘာကတ်မှမမြင်ရသေးခင်ကတည်းက "All In" ထိုးလိုက်သလိုမျိုး စိတ်လေးနဲ့ ချစ်တတ်ဖို့ပါ။ အခုထိ ကျနော့်စာလေးတွေကို ဖတ်နေဆဲဆိုရင်တော့ ခင်ဗျားတို့ စိတ်ရှည်တတ်မှန်း သိသာပါတယ်။ ဒီလို စိတ်ရှည်သည်းခံမှုလေးနဲ့ ချစ်တတ်ဖို့၊ အစစအရာရာ ကိုယ့်မိတ်ဆွေတွေ အဆင်ပြေစေဖို့ ဆုတောင်းပေးပါတယ်။
ကျနော် ဘာဆက်လုပ်ဖို့ရှိလဲ
လတ်တလောတော့ ကျနော်စာလေးတွေဆက်ရေးဖြစ်မယ်ထင်ပါတယ်။ ဓာတ်ပုံ/Video လေးတွေ အလျဉ်းသင့်သလို ရိုက်ကူးဖြစ်တယ်။ Fundraising ပွဲလေးတွေရယ်၊ သူငယ်ချင်းတွေရဲ့ Graduation ပွဲလေးတွေရယ်ကို ရိုက်ဖြစ်နေပါတယ်။
လာမယ့်နှစ်လည်း ကျနော် Oxford Brookes University မှာပဲ (၄) နှစ်မြောက် ဆက်ရှိနေပါဦးမယ်။ Master of Architecture (ဗိသုကာ မဟာဘွဲ့) ဆက်တက်ပါမယ်။ Brookesမှာ ဆုံဖြစ်ရင် နှုတ်ဆက်နိုင်ပါတယ်။ စကားစမြည်ပြောကြတာပေါ့။ ဒါပြီးရင်တော့ အလုပ်ဝင်ရပါဦးမယ်။
UK အကြောင်းပဲဖြစ်ဖြစ်၊ University အကြောင်းပဲဖြစ်ဖြစ် By all means တစ်ခုခုသိချင်တာရှိရင် ကျနော့်ကို မေးမြန်းနိုင်ပါတယ်။ If anything I can help, I'm here ပါ။ ဘာလို့ဆို ဘယ်အစိုးရ၊ ဘယ်အဖွဲ့အစည်းဆီကမှ ဘာအကူအညီမှ မရတဲ့အချိန်မှာ ကိုယ့်အချင်းချင်း ဝိုင်းဝန်းကူညီရမှာက ကျနော်တို့ရဲ့ တာဝန်ပဲ မဟုတ်လား။
တစ်ခု ကြိုပြောချင်တာကတော့ ကျနော်ဟာ Professional တစ်ယောက်မဟုတ်တဲ့အတွက် Professional advice (ကျွမ်းကျင်သူအဆင့် အကြံဉာဏ်) တွေ၊ အကူအညီတွေတော့ ပေးနိုင်မှာ မဟုတ်ပါဘူး။ ကျနော် လုပ်ပေးနိုင်တာက လိုအပ်တဲ့နေရာတွေကို လမ်းညွှန်ပေးဖို့ (Direct လုပ်ပေးဖို့) လောက်ပါပဲ။ UK မှာ အထွေထွေအကူအညီ တစ်ခုခု လိုအပ်လာပြီဆိုရင် ကူညီပေးမယ့် Support system တွေ အများကြီးရှိပါတယ်။ တက္ကသိုလ်တိုင်းမှာရှိတဲ့ Student Wellbeing အဖွဲ့တွေ၊ Mental Health ဝန်ဆောင်မှုတွေ၊ GP (ဆေးခန်း) တွေ အများကြီးရှိတဲ့အတွက် ကိုယ်ရနိုင်မယ့် အကူအညီမှန်သမျှကို မတွန့်ဆုတ်ဘဲ အကောင်းဆုံး ရယူပါလို့ တိုက်တွန်းချင်ပါတယ်။