မှန်ကန်သောပြိုလဲခြင်း (The Right Way to Fall Apart)
ကျနော်စာမရေးတာ အတော်လေးကြာခဲ့ပါပြီ။ UK Student visa တွေ မပိတ်ခင်ကတည်းက ရေးဖို့ စိတ်သိပ်မပါခဲ့ဘူး။ လူတွေဖတ်လို့ကောင်းမယ့် "အလွယ်" တွေလဲ ဖန်တီးပြီး မရေးချင်ခဲ့ဘူး။ အဆင်မပြေတာတွေ များလာတော့ စိတ်ထဲရှိမှပဲ ရေးတော့မယ်ဆိုပြီး လွှတ်ထားလိုက်တာ၊ Story လေးတွေလောက်ပဲ တင်ဖြစ်တော့တယ်။ ဒါပေမဲ့ ဒီလိုပြန်ရေးမယ့်အချိန်ကို စောင့်မျှော်ပြီး အားပေးနေတဲ့ စာဖတ်သူ မိတ်ဆွေတိုင်းကို ကျေးဇူးတင်ပါတယ်။
ဆိုတော့... ကျနော့်ရဲ့ တတိယနှစ် (Bachelor ရဲ့ အဆုံးသတ်နှစ်) ပြီးဆုံးသွားခဲ့ပါပြီ။
ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော့်အတွက် ဒီတတိယနှစ်က အတော်လေး ကြမ်းတမ်းပါတယ်။ အမှတ်တွေ သိပ်မများခဲ့ဘူး။ ဒီနှစ် ဆန်ကာတင် (Shortlist) လဲ မဝင်ခဲ့ဘူး။ အတန်းတွေလဲ ပျက်တယ်။ ကျောင်းမှာဆို ကျနော်က "ပျောက်ဆုံးနေတဲ့သူ" တစ်ယောက်လို ဖြစ်နေခဲ့တယ်။
ဘာသာရပ်တွေအကြောင်း (Dissertation, Design, Tech) အစရှိတာတွေကိုတော့ သိပ်မပြောတော့ဘူး။ နောက်မှပဲ စိတ်ဝင်စားဖို့ကောင်းရင် ဖြည်းဖြည်းချင်း ရေးပါမယ်။ အခု ကျနော်ပြောချင်တာက "နေ့စဉ်အလုပ်လေးတွေနဲ့ ဘာဖြစ်လို့ ဒီလောက်တောင် အဆင်မပြေဖြစ်ခဲ့ရတာလဲ" ဆိုတာပါပဲ။
နှစ်အစမှာ ကျနော် တော်တော်လေး ကြိုးစားခဲ့တယ်။ ဆရာတွေကလဲ ကျနော့်ရဲ့ ချဉ်းကပ်ပုံ (Approach) ကို သဘောကျကြတယ်။ ကျနော်က လွယ်တာကို ရွေးလုပ်လေ့မရှိဘူး။ လက်တွေ့ဆန်တယ်။ စိတ်ထဲရှိတဲ့အရာကို ဘယ်လောက်ခက်ခဲပါစေ လုပ်ချလိုက်တာပဲ။ ဥပမာ - Essay ဆိုရင် မြန်မာနိုင်ငံရဲ့ အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေတွေကို ရေးတယ်။ Project ဆိုရင် "Home Away From Home" (အိမ်ရဲ့အဝေးကအိမ်) ဆိုတဲ့ ခေါင်းစဉ်ကို အခြေပြုပြီး ဖန်တီးခဲ့တယ်။ ကျယ်ပြန့်လွန်းတဲ့ နယ်ပယ်ကြီးထဲမှာ ကိုယ်တကယ် စိတ်ဝင်စားတဲ့ ကိုယ်ပိုင် Niche ကို တွေ့ခဲ့တယ်။
ပြဿနာက ဘာလဲဆိုတော့... အဲဒီလို ကိုယ်ပိုင်လမ်းကြောင်း ဖောက်တဲ့ Approach က ကိုယ်ပိုင် စည်းကမ်း (Discipline) နဲ့ အချိန်စီမံခန့်ခွဲမှု အပေါ်မှာ လုံးလုံးလျားလျား မူတည်နေတာပဲ။ စိတ်ရှည်မှ ရမယ်။ ဆရာတွေဘက်ကနေလဲ ဝင်ပြီး လမ်းညွှန်ပေးဖို့ ခက်သွားတယ်။ ကနဦးမှာ အဆင်ပြေသလိုလို ရှိပေမယ့်၊ အချိန်ကြာလာတော့ နေ့စဉ်ရက်ဆက် ခက်ခဲလာပြီး လမ်းပျောက်လာတယ်။
ဒါ့အပြင်... ပြောပြလို့မရတဲ့ တခြားသော စိတ်ညစ်စရာ၊ Stress တွေ အများကြီးရှိသေးတယ်။ အထူးသဖြင့် "ငွေရေးကြေးရေး" ပေါ့။ ဒါက တကယ်ကို ဖိစီးမှုများတဲ့အရာပါ။ နိုင်ငံတကာကျောင်းသား (International Student) တစ်ယောက် ဖြစ်တဲ့အပြင်၊ တကယ် အပြည့်အဝ ကူညီပေးနိုင်မယ့် အသိအကျွမ်းထက်ပိုတဲ့ မိသားစု၊ မိတ်ဆွေ အသိုင်းအဝိုင်းကလဲ ဒီမှာမရှိတော့... တစ်ယောက်တည်း ရုန်းကန်ရတော့တာပေါ့။
ဒီလိုနဲ့ အတွေးတွေများပြီး ညတွေ အိပ်ရေးပျက်လာတယ်။ မနက် ၃ နာရီ၊ ၄ နာရီလောက်မှ အိပ်ဖြစ်တယ်။ နေ့လည် တစ်နေကုန် ဘာမှမလုပ်ဖြစ်တော့ဘူး။ စာလဲမလုပ်၊ ဟိုကိုင်ဒီကိုင်နဲ့ အချိန်တွေ ကုန်သွားတယ်။ Game တွေ ဆော့လာတယ်။ သူငယ်ချင်းတွေနဲ့ Video Call တွေပြော၊ စနောက်... ဒါပေမဲ့ စာက သိပ်မလုပ်ဖြစ်တော့ဘူး။ တစ်ပတ်တစ်ပတ်က ဟင်းချက်လိုက်၊ အိပ်ရေးပျက်လိုက်နဲ့ပဲ ကုန်ဆုံးသွားတယ်။ ပထမ Semester ရော၊ ဒုတိယ Semester ပါ ရူးချင်လာလောက်အောင် ဖြစ်ခဲ့တယ်။
ဘာပဲပြောပြော... တတိယနှစ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒါပေမဲ့ ကျနော် မကျေနပ်သေးဘူး။ ကိုယ့်ကိုယ်ကိုယ် လုပ်နိုင်စွမ်း ရှိသေးတယ်ဆိုတာ ယုံကြည်တယ်။ ဒါကြောင့် ၄ နှစ်မြောက် M.Arch (Master of Architecture) ကို ဆက်တက်ပါမယ်။
ဒီအဖြစ်အပျက်တွေကနေ စာဖတ်သူတွေအတွက် "သင်ထောက်ကူ ဖြစ်ဖွယ်ရာ" (Takeaway) အနေနဲ့ ကျနော် ဘာဝေမျှချင်လဲဆိုတော့ -
၁။ လွတ်လပ်မှုရဲ့ နောက်ကွယ်က "စည်းကမ်း" နဲ့ ပြန်လည်တည်ဆောက်ခြင်း
ကိုယ့်စိတ်ကြိုက် လမ်းကြောင်းကို ရွေးတာ၊ သူများမလုပ်တာကို လုပ်တာက သိပ်မိုက်ပါတယ်။ ဒါပေမဲ့ အဲဒီလွတ်လပ်မှုက "Routine" ဆိုတဲ့ နေ့စဉ် စည်းကမ်းမရှိရင် ကိုယ့်ကို ပြန်သတ်တတ်ပါတယ်။ ရည်မှန်းချက်တွေ ဘယ်လောက်ကြီးကြီး၊ ညဘက် ၄ နာရီမှအိပ်ပြီး နေ့လည်မှထနေရင် အဲဒီရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ခွန်အားရှိမှာ မဟုတ်ပါဘူး။
ဒါကို သဘောပေါက်သွားတဲ့အချိန်မှာ ကျနော် အသစ်ပြန်စခဲ့တယ်။
- ခန္ဓာကိုယ်ကို လှုပ်နှိုးခြင်း: ပထမဆုံး Oxford က Shotover Hill တောင်ကုန်းဘက်တွေမှာ ပြေးတယ်။ လေကောင်းလေသန့်ရှူတယ်။ ဒါပေမဲ့ ပြေးလွန်းလို့ အရမ်းပိန်သွားတဲ့အခါ ခန္ဓာကိုယ်ကို သေချာပြန်တည်ဆောက်ချင်လို့ Gym ကို ပြောင်းဆော့ဖြစ်တယ်။
- အစားအသောက်နဲ့ အပြင်အဆင်: မနက်ဆို သစ်သီး Juice လေးတွေ ကိုယ်တိုင် ဖျော်သောက်တယ်။ အစားအသောက်ကို သေချာ ဂရုစိုက်လာတယ်။ အရင်လို ပြီးစလွယ်မနေတော့ဘဲ ကိုယ်ဝတ်ချင်တဲ့ အဝတ်အစားတွေကို သေသပ်ကျနစွာ ဝတ်တယ်။ ကိုယ့်ရဲ့ Scent (ရေမွှေးရနံ့) လေးကအစ သေချာ ဂရုတစိုက် ရွေးချယ်ပြီး ကိုယ့်ကိုယ်ကိုယ် Grooming လုပ်လာတယ်။
- အသိုင်းအဝိုင်းသစ် (The Circle): ကိုယ်နဲ့ အခြေအနေတူ၊ ခံစားချက်တူ... ကိုယ့်ထက် နည်းနည်းပိုကောင်းရင်ကောင်း၊ ပိုဆိုးရင်လဲဆိုးတဲ့ သူငယ်ချင်းအသစ်တွေနဲ့ စုမိတယ်။ သူတို့နဲ့နေရတဲ့အခါ ဘာမှဟန်ဆောင်နေစရာမလိုဘဲ "ကျနော်" ဆိုတဲ့အတိုင်း အရှိကိုအရှိအတိုင်း လွတ်လွတ်လပ်လပ် နေလို့ရခဲ့တယ်။
- ဝါသနာနဲ့ အချစ်: ဂစ်တာ စတီးဖြစ်တယ်။ (အခုထိတော့ တီးတာ စုတ်ပြတ်နေတုန်းပေမယ့် တဖြည်းဖြည်းတော့ တိုးတက်လာပါတယ်။) အဲဒီလို ကိုယ့်ကိုယ်ကိုယ် ပြန်ရှာတွေ့ပြီး အကောင်းဆုံး နေထိုင်ဖို့ကြိုးစားနေစဥ်နေတဲ့အချိန်မှာပဲ ကျနော့်ဘဝထဲကို "တစ်စုံတစ်ယောက်" လဲ ရောက်လာခဲ့တယ်။
စည်းကမ်း (Routine) ဆိုတာ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ဖို့ မဟုတ်ဘဲ၊ ကိုယ့်ရဲ့ အကောင်းဆုံးဗားရှင်း (Best Version) ကို ပြန်ဆွဲထုတ်တဲ့ အရာဆိုတာ ကျနော် လက်တွေ့နားလည်ခဲ့ရတယ်။
၂။ တစ်ယောက်တည်း ရုန်းကန်ရခြင်းရဲ့ အန္တရာယ် (The Danger of Isolation) တစ်ယောက်တည်း နိုင်ငံခြားမှာ ရုန်းကန်ရတဲ့အခါ၊ ကိုယ့်ကို ဆူမယ့်သူ၊ တားမယ့်သူ မရှိဘူး။ ငွေကြေး သုံးစွဲတာကအစ၊ အိပ်ချိန် စားချိန်အဆုံး ကိုယ့်ဘာသာ Auto-pilot နဲ့ သွားနေရတာ။ အဲဒီအခါမှာ ပင်ပန်းလာရင် ကိုယ့်ကိုယ်ကိုယ် အလိုလိုက်မိပြီး အလွယ်တကူ လမ်းချော်သွားတတ်ပါတယ်။
ဒါပေမဲ့ ဒီနေရာမှာ ကျနော် သတိထားမိလိုက်တာ တစ်ခုရှိတယ်။ တကယ်တမ်းကျတော့ အဲဒီ "အထီးကျန်ခြင်း" ဆိုတာ ကိုယ်တိုင် အခန်းပိတ်ပြီး ဖန်တီးယူထားတဲ့ အရာတစ်ခု ဖြစ်နေတတ်ပါတယ်။
ကျနော်ရှိနေတာက UK. အပြင်ပန်းကြည့်ရင် UK ကြီးက အေးစက်စက်နဲ့ လူရာမဝင်သလို (unfriendly ဖြစ်သလို) ထင်ရပေမယ့်၊ တကယ်တမ်း လိုအပ်လာတဲ့အခါ သူတို့ဆီမှာ ဘယ်သူမှ မငြင်းနိုင်တဲ့ အကောင်းဆုံး Support System တွေ ရှိနေပါတယ်။ ကျောင်းသားတစ်ယောက်အနေနဲ့ဆို Mental Wellbeing Clinic တွေ၊ Student Support ဌာနတွေ၊ Academic Coordinator တွေကအစ ဆရာတွေအဆုံး ဖေးမကူညီပေးမယ့်သူတွေ အများကြီးပါ။
ဘယ်လောက်တောင်လဲဆိုရင် ကျနော့်ရဲ့ External Examiner ကတောင် ကျနော့်ကို "မင်းမှာ လိုအပ်တဲ့ Support တွေ လုံလုံလောက်လောက် ရရဲ့လား" လို့ သေချာမေးခဲ့တယ်။ အဲဒီအခါ ကျနော်က "Yes, I do (လုံလောက်စွာ ရပါတယ်)" လို့ ယုံယုံကြည်ကြည်ကို ဖြေနိုင်ခဲ့တယ်။
ပြဿနာက ကိုယ်တိုင်က အကူအညီမတောင်းဘဲ (Reach out မလုပ်ဘဲ) တစ်ယောက်တည်း ကြိတ်ခံစားနေမိတာပါ။ ဒါကြောင့် နိုင်ငံခြားမှာ တစ်ယောက်တည်းဆိုပြီး အားငယ်မနေပါနဲ့။ ကိုယ်ကသာ နှုတ်ခမ်းဟပြီး အကူအညီတောင်းလိုက်ရင် (Help is always given to those who ask for it ဆိုသလို) ကူညီပေးမယ့် စနစ်တွေ ဒီမှာ အခိုင်အမာရှိတယ်ဆိုတာ မမေ့ပါနဲ့။
၃။ ဘယ်လောက်ပဲ မှားမှား၊ "ထွက်ပေါက်အမှား" ကို မရွေးချယ်ခြင်း ဒီတစ်နှစ်တာလုံးမှာ ကျနော် ဆုံးဖြတ်ချက်အမှားတွေ အများကြီး လုပ်မိခဲ့ပါတယ်။ ဒါပေမဲ့ ဒီအဆိုးဆုံးအချိန်တွေမှာတောင် ကျနော့်ကိုယ်ကျနော် ကျေးဇူးတင်မိတာ တစ်ခုရှိတယ်။ အဲဒါကတော့ "ကျနော် ထွက်ပေါက်အမှားတွေကို ဘယ်သောအခါမှ မရှာဖွေခဲ့ဘူး" ဆိုတာပါပဲ။
ငွေတွေ အသုံးကြမ်းခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီအသုံးစရိတ်တွေက အသုံးအဆောင် ပစ္စည်းလေးတွေ၊ Skincare တွေ၊ အစားအသောက်တွေပေါ်မှာပဲ ကုန်ကျခဲ့တာပါ။
- စိတ်ဖိစီးလွန်းလို့ဆိုပြီး လောင်းကစား မလုပ်ခဲ့ဘူး။
- အရက်သေစာနဲ့ မူးယစ်ဆေးဝါးဘက်ကို လုံးဝ မလှည့်ခဲ့ဘူး။
- မိန်းမကိစ္စ မရှုပ်ခဲ့ဘူး။
- ပျက်စီးဖို့ လွယ်ကူတဲ့ နေရာတွေဆို အဝေးကနေ ရှောင်ကြဉ်ခဲ့တယ်။
- အရေးအကြီးဆုံးက ငွေမရှိလို့၊ ကျပ်တည်းလို့ဆိုပြီး မသမာတဲ့ နည်းလမ်းတွေ မရှာဖွေခဲ့ဘူး။ သူများဆီက အခွင့်ကောင်း မယူခဲ့ဘူး။
နိဂုံးချုပ် သတင်းစကား (The Overall Message)
လူဆိုတာ ပင်ပန်းလာရင်၊ ဖိအားတွေများလာရင်၊ လမ်းပျောက်လာရင် အမှားလုပ်မိတတ်ပါတယ်။ နေ့စဉ်ဘဝ (Routine) တွေ ပျက်စီးသွားနိုင်ပါတယ်။ စိတ်ဓာတ်တွေ ကျသွားနိုင်ပါတယ်။
ဒါပေမဲ့ အရေးကြီးဆုံးက ကိုယ့်ရဲ့ အောက်ခြေလွတ်မသွားဖို့ပါပဲ။ ခင်ဗျား ပြိုလဲသွားတဲ့အခါ ပြန်ထူမတ်လို့ရတဲ့ အမှားမျိုးကိုပဲ လုပ်ပါ။ အိပ်ရေးပျက်တာ၊ ငွေနည်းနည်း ပိုသုံးမိတာ၊ Game ဆော့မိတာတွေက နောက်နေ့ ပြန်ပြင်လို့ရပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အပြီးတိုင် ဖျက်ဆီးပစ်မယ့် အရာတွေ (Addictions) နဲ့ ကိုယ့်ရဲ့ ကိုယ်ကျင့်တရား (Integrity) ကို ထိခိုက်စေမယ့် အရာတွေကိုတော့ စိတ်ထွက်ပေါက်အနေနဲ့ ဘယ်တော့မှ အသုံးမချပါနဲ့။
ဒီနှစ်ကတော့ ကျနော့်အတွက် အမှားတွေ၊ နောင်တတွေ၊ လမ်းပျောက်မှုတွေနဲ့ ပြည့်နေခဲ့ပါတယ်။ ဒါပေမဲ့ ကျနော့်ရဲ့ အမာခံ "တန်ဖိုး" (Core Values) တွေတော့ မပျက်စီးခဲ့ပါဘူး။ အခု ကျနော် အမှားတွေကို သင်ခန်းစာယူပြီး ရှေ့ဆက်ရမယ့် အခန်းသစ် (M.Arch) အတွက် ပြင်ဆင်နေပါပြီ။
ခင်ဗျားတို့လဲ ဘဝမှာ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ ကိုယ့်ကိုယ်ကိုယ်တော့ တန်ဖိုးထားပါ။ မပျက်စီးပါစေနဲ့။ ကိုယ်ချစ်တဲ့စိတ်ထဲရှိတာလေးတွေပြောချင်ရင်လဲ warmly welcomeပါ ဆွေးနွေးကြတာပေါ့ဘဝအကြောင်းလေးတွေ။
အားပေးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါ။ နောက်ပိုင်း ကျနော်ပုံတွေ video တွေရိုက်ဖြစ်မယ် တင်ဖြစ်မယ်။ ဒါကတော့ကိုယ်ပိုင်business။